စစ်တပ်စစ်ဆင်ရေးကြောင့် စစ်ကိုင်းတိုင်း ခရစ်ယာန်ရွာသုံးရွာမှာ လူကိုးဦးသေဆုံး
2022.11.30

စစ်ကိုင်းတိုင်းထဲက ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ခင်ဦးမြို့နယ် မုံလှ၊ တန့်ဆည်မြို့နယ် ချောင်းရိုးနဲ့ ရေဦးမြို့နယ်က ချမ်းသာရွာတွေကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် မေလမှာ တစ်ကြိမ်၊ အခု နိုဝင်ဘာလမှာ တစ်ကြိမ်၊ လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ထိုးစစ်ဆင် ချေမှုန်းခဲ့တာကြောင့် လူကိုးဦး သေဆုံးပြီး ခရစ်ယာန်ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ အပါအဝင် အိုးအိမ်အဆောက်အအုံ ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာသုံးရွာအနက် မုံလှနဲ့ ချမ်းသာရွာဟာ အိမ်ခြေ ၇၀၀ ကနေ ၉၀၀ ကျော်၊ လူဦးရေ နှစ်ထောင်ကနေ သုံးထောင်ကျော်အထိ နေထိုင်တဲ့ ခရစ်ယာန်ရွာကြီးတွေ ဖြစ်ပါတယ်။ ချင်းတွင်းမြစ်နဲ့ မူးမြစ်အနီးတဝိုက်က ကျေးရွာတွေမှာ အင်းဝဘုရင်သာလွန်မင်းလက်ထက် ၁၇ ရာစု အစောပိုင်းကတည်းက ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေ အခြေချ နေထိုင်ခဲ့ကြတာပါ။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မုံလှ၊ ချောင်းရိုးနဲ့ ချမ်းသာရွာက ဒေသခံ ခြောက်ထောင်ခန့် လုံခြုံရေးအခြေအနေနဲ့ အိုးအိမ်ဆုံးရှုံးမှုတွေကြောင့် အခုချိန်ထိ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့က အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ မုံလှရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၅၀ အရွယ် ဒေါ်မြနဲ့ အသက် ၃၀ အရွယ် ကိုဖိုးသောက်တို့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း လူ ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူသားမဆန်ဘူးပေါ့ တကယ့် လူ့အခွင့်ရေးဆိုတာ သူတို့ မရှိတော့ဘူး။ သူတို့ရဲ့ မေတ္တာတရား ခေါင်းပါးနေပြီလို့ ကျနော်ကတော့ အဲလိုမြင်ပါတယ်"
နိုဝင်ဘာ ၂၃ ရက်နေ့က မုံလှရွာအပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ခဲ့သလို စစ်သားတချို့က ရွာထဲကို ဝင်လာပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မုံလှရွာသူ ဒေါ်မြဟာ ရင်ဘတ်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“တောထဲကို တိမ်းတာ၊ တိမ်းတဲ့အခါကျတော့ စစ်ကောင်စီ စစ်ကြောင်းက သူတို့ရဲ့တဲအပြင်ဘက်က လူတွေကို ဆွဲသွင်းပြီး တစ်ချက်တည်း ပစ်လိုက်တာ၊ စက်သေနတ်နဲ့ပေါ့၊ ဘယ်ဘက်ရင်အုံကနေ နှလုံးကို ဝင်သွားတာ။ စစ်ကြောင်းက မုံလှထဲကိုဝင်တဲ့အချိန် ကာကွယ်ရေးတပ်တွေ ခံပစ်နေတဲ့ အချိန်မှာ ဖြစ်သွားတာ”
စစ်ကောင်စီတပ်က မုံလှရွာကို နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက် နှစ်ရက်လုံးလုံး ဝင်ရောက်စီးနင်း ခဲ့ပြီး ပြန်ထွက်သွား ပေမယ့် ဒေသခံတွေကတော့ အခုချိန်ထိ ရွာထဲကို မပြန်ရဲဘဲ ပုန်းရှောင် နေရဆဲလို့ သူက ဆိုပါတယ်။
စစ်ကြောင်းတွေဟာ တွေ့သမျှ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို၊ နယ်မြေရှင်းလင်းရေး အတွက် လေကြောင်းကို ပိုအသုံးပြုလာတာ တွေ့ရတယ်လို့ ခင်ဦးမြို့နယ် ဒေသကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူတို့ စထွက်တာနဲ့ စစ်ကြောင်းက စတွေ့သွားပြီဆိုတဲ့ ရွာထဲလည်း သူတို့မီးရှို့ခဲ့တာဗျ၊ ကျောက်တိုင်ရွာမှာ မီးရှို့ တယ်၊ ကျည်စုရွာမှာ မီးရှို့တယ်၊ ကျည်စုမှာ ရှို့ပြီးတော့ မုံလှကိုဝင်တဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲထိတွေ့မှု ဖြစ်ပြီးတော့ ဝင်ဖို့ရာ မုံလှရွာရဲ့ နောက်ဘက်မှာ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ အထိခိုက် ကျဆုံး များတဲ့အချိန်မှာ သူတို့ ရှေ့ဆက်တက်လို့ မရတဲ့အချိန်မှာ ဝေဟင်နဲ့ ရဟတ်ယာဉ်နဲ့ လာပြီး ပစ်တယ်၊ သုံးနာရီ လောက်မှာ မုံလှရွာထဲကို စဝင်ပြီဗျ။ သူတို့ (ရွာသားတွေ) တော်တော်ကြောက်နေကြတာဗျ၊ သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ ရဟတ်ယာဉ်နဲ့ အပစ်ခံရတယ်ဆိုတော့ လေကြာင်းကနေ လာပစ်ကူပေးတာဆိုတော့ အခုချိန်ထိ ကြောက်ကြတယ်။ ကိုယ့်ရွာကိုယ်တောင် မပြန်နိုင်ကြဘူး”
အိမ်ခြေ ၇၀၀ လူဦးရေ သုံးထောင်နီးပါး ရှိတဲ့ မုံလှရွာဟာ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ် ချားလ်စ်ဘို ရဲ့ ဇာတိရွာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မုံလှရွာမှာ ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားတဲ့ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေလည်း ပျက်စီးခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက် တစ်စုံတစ်ရာ သိနိုင်ဖို့ RFA က ကာဒီနယ် ချားလ်စ်ဘို ကို အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့်အကြောင်းမပြန်ပါဘူး။
တန့်ဆည်မြို့နယ်ထဲက အိမ်ခြေ ၃၀၀ လူဦးရေ တစ်ထောင်ကျော် နေထိုင်တဲ့ ချောင်းရိုးရွာ ကိုလည်း အင်အား ၈၀ ကျော်ခန့် ပါဝင်တဲ့ စစ်ကြောင်းက မေလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ တွေမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးစိုးရိမ်ရသလို ပျက်စီးဆုံးရှုံးမှုတွေကို ပြန်မတည်ဆောက်နိုင်သေးတဲ့အတွက် ချောင်းရိုးရွာက လူဦးရေ တစ်ထောင်ကျော်ဟာ အနီးအနားက တောင်ယာတွေထဲမှာပဲ ဖြစ်သလို နေထိုင်ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ က မိရိုးဖလာ ခရစ်ယာန်ဘာသာဝင်တွေပါ၊ အခုထိ အိမ်မဆောက်နိုင် သေးဘူး၊ ပိုင်ဆိုင်မှုတွေ မီးရှို့ခံရ တဲ့အထဲ အကုန်ပါသွားတာ၊ လယ်ထွန်စက်၊ လက်ဝတ်လက်စား အိမ်အကုန်ပါသွားတယ်၊ အခုတော့ တောင်ယာ တွေမှာပဲ ဖြစ်သလိုနေ နေရတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်က ကျနော့်အစ်မ သားလေး ဆုံးသွားတယ်၊ ဆေးကုသဖို့ ပိုက်ဆံ မရှိတော့၊ သွေးလွန်တုပ်ကွေးနဲ့ ဆုံးသွားတယ်၊ အခု အရမ်းအေး လာပြီ ခြုံစရာစောင်မပြောနဲ့ အင်္ကျီလက်ရှည်တောင် တစ်ထည်အပြင် ပိုမရှိဘူး၊ ဘဝတွေ ပျက်ကုန်ပါပြီဗျာ”
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က အိမ်ခြေ ၉၀၀ လူဦးရေ နှစ်ထောင်ကျော်ရှိတဲ့ ချမ်းသာရွာ ကိုလည်း မေလထဲမှာပဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင် က စစ်ကိုင်းတိုင်းထဲမှာ အိမ်တွေ မီးလောင်ဆုံးရှုံးပြီး ဒေသခံတွေ အတိဒုက္ခရောက်နေတဲ့အပေါ် ပြန်လည်ငြင်းဆိုတာမျိုး မရှိဘဲ စစ်ဘေးဒုက္ခသည် တွေကို ကူညီနိုင်ဖို့အတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။
“ဒီစာရင်းဇယားတွေ ရပြီဆိုတာနဲ့ သက်ဆိုင်ရာ နေရာကို သွားပြီးတော့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး သွားပြီး ချက်ချင်း ထောက်ပံ့တယ်။ လစဉ် လိုအပ်ရင် လစဉ် ထောက်ပံ့မှုတွေ တောက်လျှောက် လုပ်ပေးနေ တယ်။ ဒီအပြင် ဘာတွေ ကျနော်တို့ လုပ်ပေးလဲဆိုတော့ အိမ်တွေ ပြန်ထူထောင်ဖို့အတွက်ကို လိုအပ်တဲ့ သစ်၊ သွပ် အဓိကပေါ့နော်။ ကျနော်တို့ အစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်တာကော ဒီကနေပြီး တော့ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးဆိုရင် ပြည်ထောင်စုကို တင်ပြပြီးတော့ ပြည်ထောင်စု ကနေ တောင်းခံပြီး ပေးတာကော သွပ်တို့၊ သစ်တို့ ထောက်ပံ့ပါတယ်၊ တောက်လျှောက် လုပ်ပေးနေပါတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးကတော့ အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှုနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေပါမချန် လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေဟာ လူသားမဆန်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။
“လူသားမဆန်ဘူးပေါ့ တကယ့် လူ့အခွင့်ရေးဆိုတာ သူတို့ မရှိတော့ဘူး။ သူတို့ရဲ့ မေတ္တာတရား ခေါင်းပါးနေပြီလို့ ကျနော်ကတော့ အဲလိုမြင်ပါတယ်။ လူထုတွေ ဒီနေ့ ဒီလို ကြောက်ရွံ့အောင် လုပ်နေတာ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်ပါ။ ဒီလိုကြောက်အောင် လုပ်ပြီးမှ အုပ်ချုပ်မယ်ဆိုတဲ့ တိုင်းပြည်ကတော့ ဘယ်လိုမှ ငြိမ်းချမ်းမှုကိုလည်း ရမှာမဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူတွေလည်း အာဏာရှိတဲ့သူလည်း နေလို့ရမှာ မဟုတ်ပါဘူး ဆိုတော့ ကျနော်တို့ ဒေသ ခရစ်ယာန်များအနေနဲ့တော့ ဘယ်ဂိုဏ်းဂဏ၊ ဘယ် ဘာသာရေးအဖွဲ့စည်းဖြစ်ဖြစ် ဘာသာရေးကျောင်းတွေ၊ စေတီပုထိုးတွေ ဗိမာန်တော်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလာခြင်းဟာ အဆိုးရွားဆုံး အခြေအနေတစ်ခု ရောက်နေပြီလို့ ကျနော်မြင်ပါတယ်”
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ကျူးလွန်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ဝေဖန်ပါတယ်။
“အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ရှိ လုပ်ဆောင်ချက်ကတော့ လူမျိုးမရွေး၊ ဘာသာမရွေး ဘယ်သူ့ကိုမှ မရွေးပဲနဲ့ ရက်စက်မယ်၊ သတ်မယ်၊ ဖြတ်မယ် မီးရှို့မယ်ဆိုတဲ့ ပေါ်လစီ ဖြစ်နေပါတယ်။ လူအခွင့်အရေးသာ လူမျိုးတန်းတူ မပေးချင်ပေမယ့် လူအခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတော့ လူမျိုးဘာသာ မခွဲခြားဘဲ အကုန်လုံး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တွေ့သမျှ လူကို ရန်သူလို သတ်မှတ်ပြီး သတ်ဖြတ်တော့ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အကုန်လုံးဟာ ရက်စက်ကြမ်းကြုတ်မှုရဲ့ အောက်မှာ ခံစားရတဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ ဥပမာ-ကရင်နီလို ခရစ်ယာန်တွေ အများကြီး ရှိတဲ့ နေရာ ခရစ်ယာန် အများဆုံး နေထိုင်တဲ့ နေရာတွေမှာတော့ ခရစ်ယာန်တွေရဲ့ ဘာသာရေးကျောင်းဆောင်တွေ နောက်တစ်ခါ သူတို့နဲ့ ဘာသာရေးဆိုင်ရာ အထိမ်းမှတ်တွေ ထိခိုက်သလို တစ်ဆက်တည်းမှာပဲ စစ်ကိုင်းအတွင်းမှာရှိတဲ့ ဘရင်ဂျီတွေနေတဲ့ နေရာမျိုးမှာ ဆိုရင်လည်း သူတို့အပေါ်မှာ ထိခိုက်မှုတွေ ဖြစ်တယ်”
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခ တွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။