စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်
2023.02.09

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဟာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းပြီးမှ ရွေးကောက်ပွဲကျင်းပဖို့ အပါအဝင် စစ်ကောင်စီကို ဝေဖန်ထောက်ပြတဲ့ အချက်သုံးချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်က ကျင်းပတဲ့ (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းခွဲကျော် ရှိလာချိန်မှာပဲ ရွေးကောက်ပွဲ ကျင်းပဖို့စီစဉ်တာ၊ စစ်ကောင်စီနဲ့ ဆွေးနွေးနေပေမယ့် တိုင်းရင်းသား အခွင့်အရေးတွေ မရသေးတာ စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တစ်တိုင်းပြည်လုံးငြိမ်းချမ်းလိုတဲ့ ဆန္ဒရှိရင် နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းအသစ်တွေနဲ့ပါ ဖိတ်ခေါ်ဆွေးနွေးရမယ်လို့လည်း မွန်ပြည်သစ်ပါတီက တိုက်တွန်းထားပါတယ်။
"ရွေးကောက်ပွဲကိုလုပ်တာထက် အဓိက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတာက ဖြစ်သင့်တဲ့ လုပ်ဆောင်ချက် တစ်ခုပါ။"
တိုင်းရင်းသားအရေး လေ့လာသူတွေကတော့ ဒီကြေညာချက်ဟာ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက် တချို့ကို ထုတ်ဖော်တာလို့ သုံးသပ်ကြပါတယ်။
မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ (MSDC) ညွှန်ကြားရေးမှူးနဲ့ တိုင်းရင်းသားအရေး လေ့လာသူ နိုင်ဗညားမွန်ကလည်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးပုံစံဖြစ်မှပဲ တစ်နိုင်ငံလုံး ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ သတင်းစကား ပေးချင်တာလို့ RFA ကိုပြောပါတယ်။
“သူတို့ရဲ့သဘောထားကို မွန်ပြည်သူလူထုရော၊ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေ၊ ပြည်သူလူထုတစ်ရပ်လုံးကို သူတို့ရဲ့ သဘောထားကို ချပြတာပေါ့။ မွန်ပြည်သစ်ပါတီရဲ့ သဘောထားက နိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးကို ဖြေရှင်းနိုင်ဖို့အတွက် အဖွဲ့အစည်းအသစ် (NewStakeholders) အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပုံစံဖြစ်မှပဲ တစ်နိုင်ငံလုံး ပြဿနာကို ဖြေရှင်းနိုင်တဲ့ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ သဘောထားမျိုး ထုတ်ပြန်တာပေါ့။ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့တင် မလုံလောက်တော့ဘူးလို့ သတင်းစကား (Massage) ပေးချင်တယ်လို့ သုံးသပ်ပါတယ်”
နိုင်ငံရေး အကျပ်အတည်းကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကိုကျင်းဖို့ ကြိုးစားနေတာဟာ သွေးထွက်သံယိုမှုများတဲ့ ပဋိပက္ခကို ဦးတည်နိုင်သလို မွန်ပြည်သစ်ပါတီအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး တိုင်းရင်းသား ပေါင်းစုံနဲ့ လက်တွဲဆောင်ရွက်မယ် လို့လည်း ပြောထားပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို အတင်းအကျပ်ကျင်းပဖို့ ကြိုးစားနေတာထက် နိုင်ငံရေးအကျပ်အတည်းကို အရင်ဖြေရှင်းသင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွန်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရွေးကောက်ပွဲကိုလုပ်တာထက် အဓိက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတာက ဖြစ်သင့်တဲ့ လုပ်ဆောင်ချက် တစ်ခုပါ။ တိုက်ပွဲတွေ အပြန်အလှန်ဖြစ်တဲ့နေရာက မွန်ပြည်နယ်တော်တော်များများမှာ ဖြစ်နေတာ။ ဖြေရှင်းဖို့ကတော့ ပြည်သူတွေ လိုလားတာကို သူတို့ (စစ်ကောင်စီ) ကပေးဖို့ပဲ။ ဘယ်လိုမျိုးလဲဆိုတော့ ပြည်သူတွေကို ဒီမိုကရေစီနဲ့ နောက်ပြီး ကျနော်တို့ဆန္ဒမဲပေးထားတဲ့အပေါ်မှာ အာဏာသိမ်းထားတော့ အာဏာကိုဆုပ်ကိုင်နေမယ့် အတူတူ ပြည်သူ့အာဏာကို ပြည်သူ့ပြန်ပေးပြီး စစ်တန်းလျားပြန်မယ်ဆိုရင် အခုအခက်အခဲတွေက အားလုံး ပြေလည်သွားလိမ့်မယ်”
စစ်ကောင်စီဟာ သူတို့နဲ့ တွေ့ဆုံဆွေးနွေးနေပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆုပ်ကိုင်နေတာကြောင့် မျှော်မှန်းထားတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး အလှမ်းဝေးနေတယ်လို့လည်း မွန်ပြည်သစ်ပါတီက ထောက်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ စစ်အာဏာသိမ်းတာကို လက်မခံသူ အားလုံး တက်ညီလက်ညီနဲ့ ပါဝင်ဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
“တစ်ပြည်လုံး အတိုင်းအတာဆောင်တဲ့ တော်လှန်ရေးတစ်ခုလုံးဆိုတာ ကျနော်တို့ တိုင်းပြည်မှာ အင်မတန်မှ ရှားပါးတယ်။ ထိတွေ့မှုနဲ့ လုံးဝကင်းကွာခဲ့တဲ့ အညာဒေသမှာ ဆိုလို့ရှိရင် ဒီနှစ်နှစ်အတွင်းမှာပဲ အိမ်ခြေရာခြေပေါင်း လေးသောင်းကျော် ပျက်စီး ဆုံးရှုံးခံပြီးတော့မှ ပြည်သူတွေလည်း အသက်ပေါင်းများစွာ ဆုံးရှုံးခံပြီးမှ တော်လှန်ရေးကို လုပ်နေကတည်းကိုက ဒီတော်လှန်ရေးက ကျနော်တို့ တစ်ဦးတစ်ယောက်နဲ့ ပိုင်ဆိုင်တာ မဟုတ်ဘူးလေ။ အာလုံးနဲ့သက်ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အခါကျတော့ ဘယ်သူပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းပဲဖြစ်ဖြစ် အထူးသဖြင့် ဒီတိုင်းပြည်မှာနေတယ်ဆိုရင် ကျနော်တို့အရေးပဲဖြစ်တယ်။ အားလုံးက တက်ညီလက်ညီနဲ့ ပါဝင်လာတာက အကောင်းဆုံးပဲဖြစ်တယ်ဆိုတာ ကျနော်ပြောပါရစေ ”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်ကို အသိအမှတ်ပြုပြီး ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့ ၅ /၂၀၂၃ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒါအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မွန်ပြည်သစ်ပါတီတို့ကို ဖက်ဒရယ် အရေးအတွက် အတူလက်တွဲ ဆောင်ရွက်ဖို့ပါ ဖိတ်ခေါ်တယ်လို့လည်း ယာယီသမ္မတ ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ တိုင်းပြည်က မူလအခြေအနေကို ပြန်မရောက်လာနိုင်တာကြောင့် သူတို့ရဲ့ရပ်တည်ချက်ကို ထုတ်ဖော်လာတာလို့ RFA ကိုပြောပါတယ်။
“အပစ်ရပ်စာချုပ် (NCA) ထိုးထားလို့ပဲဆိုဆို၊ ဘာပဲဖြစ်ဖြစ်လေ စစ်ကောင်စီရဲ့ သဘောထားအတိုင်း ရပ်တည်ရမယ်ဆိုတဲ့ ဝန်ခံချက်မှမရှိတာ။ သူတို့ (မွန်ပြည်သစ်ပါတီ) အနေနဲ့ကလည်း NCA လက်မှတ်ထိုးပြီးတဲ့နောက် နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာတဲ့အတွက်ကြောင့် အမြင်တွေလည်း ပြောင်းနိုင်တာပေါ့။ အခုက နှစ်နှစ်ရှိပြီ၊ ဒီနှစ်နှစ် အတွင်းမှာ တိုင်းပြည်ကိုပြန်ပြီးတော့ မူလအခြေအနေ ၂၀၂၁ တပ်ကအာဏာလွှဲပြောင်း မယူခင် အခြေအနေကို အလွယ်တစ်ကူ မရောက်ဘူးဆိုတဲ့အခါကျတော့ ပြောင်းလဲသွားတဲ့ ခြေအနေအောက်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ သူတို့အမြင်တွေကို လွတ်လွတ်လပ်လပ်နဲ့ပြောတာပါပဲ”
မွန်ပြည်သစ်ပါတီရဲ့ သဘောထားနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို မွန်ပြည်သစ်ပါတီကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားသလို စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နှစ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ရာမှာတော့ မပါဝင်တော့ဘဲ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်ထားပါတယ်။