မော်လိုက်က စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် အကူအညီလိုအပ်နေ
2023.08.29

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ရွာကို မပြန်နိုင်သေးဘဲ တော၊ တောင်တွေထဲမှာ တဲထိုးနေရသလို စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မော်လိုက်မြို့နယ်တစ်ခုလုံးမှာ ရွာပေါင်း ၇၇ ရွာရှိတဲ့ထဲက ရွာပေါင်း ၂၇ ရွာက ဒေသခံ နှစ်သောင်းကျော်လောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လလောက်ကတည်းက ဘေးလွတ်ရာ တော၊ တောင်တွေမှာ တိမ်းရှောင်နေရပြီး ရွာပေါင်း ၁၀ ရွာလောက် ဟာလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
"အခြေအနေမကောင်းရင်လည်း မကောင်းသလို တောထဲမှာ တဲဆောက်ထားတဲ့နေရာမှာ တိမ်းရှောင်နေရတာ”
ပြည်သူအချင်းချင်း ကူညီထောက်ပံ့မှုတွေသာနဲ့ လည်ပတ်နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က တောထဲမှာဆိုတော့ မိုးကာတွေနဲ့ပဲ ဒီလိုပဲ ကာတယ် ကြမ်းတွေနဲ့ ခင်းတယ်ပေါ့ ကြမ်းခင်းပြီးတော့ မိုးကာအုပ်ပြီးတော့နေတယ်။ စားဝတ်နေရေးကတော့ ဘယ်ကမှလည်း ကျွန်တော်တို့ ထူးထူးထွေထွေ ထောက်ပံ့တာ နိုင်ငံတကာက ထောက်ပံ့တာတို့ ကျွန်တော်လည်း မကြားဖူးဘူး မရောက်ဘူးပေါ့။ ပြည်သူအချင်းချင်း ကူညီထောက်ပံ့တာကနေ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ပြည်သူမှ ပြည်သူသို့ ဆိုပြီးတော့ အဲလိုကူညီတာလေးတွေနဲ့ပဲ လည်ပတ်နေရတယ် စားဝတ်နေရေး ဖြေရှင်းနေတယ်”
စစ်ဘေးဒုက္ခသည်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထောက်ပံ့ပေးတဲ့ အလှူငွေနဲ့ ပြင်ပကရရှိတဲ့ အလှူငွေတချို့ရပေမယ့် မလုံလောက်ဘူးလို့လည်း ဆိုပါတယ်။
တော၊ တောင်တွေထဲမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ အသက်ကြီးပိုင်းနဲ့ ကလေးသူငယ်အများစု ပါဝင်ပြီး ဖျားနာလာတဲ့အခါမျိုးမှာ ဆေးဝါးမလုံလောက်တဲ့ အခက်အခဲလည်း ကြုံနေရပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်ကတစ်ဆင့် ဆန်တက်လာတဲ့ စစ်သင်္ဘောတွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကိုလည်း စိုးရိမ်ကြောက်လန့်နေရပါတယ်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရွာတွေထဲက ရွာပေါင်း ၁၅ ရွာလောက်ဟာ ရှေ့တန်း စစ်မြေပြင်လို ဖြစ်နေတာကြောင့် ရွာတွေကို ပြန်လို့မရသေးသလို ပြန်နေလို့ရတဲ့ တချို့ရွာတွေမှာလည်း လုံခြုံမှု အပြည့်အဝမရှိသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
တောထဲမှာ အကူအညီတွေ မရလို့ ရွာမှာ ပြန်နေရင်း ကြုံရာကျပန်းလုပ်ကိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တချို့လည်း ရှိပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ စစ်ကြောင်းသတင်း နားစွင့်ရင်း တောထဲနဲ့ ရွာကို အသွားအပြန်လုပ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ရွာထဲမှာ ပြန်လာနေတာက နှစ်လလောက်ပဲရှိသေးတယ်။ နည်းနည်းပါးပါးပဲ ရှိတာရှင့်၊ အခြေအနေမကောင်းရင်လည်း မကောင်းသလို တောထဲမှာ တဲဆောက်ထားတဲ့နေရာမှာ တိမ်းရှောင်နေရတာ”
မော်လိုက်မြို့နယ်က စစ်ဘေးဒုက္ခသည်ဟာ ကြုံရာအလုပ်လုပ်ရင်း စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်မတို့ မော်လိုက်မြို့နယ်မှာက ရွှေနည်းနည်းထွက်တဲ့အခါကျတော့ ရွှေကျင်တာ တွေရှိတယ်။ တစ်မိသားစု စားလောက်ရုံပေါ့၊ တောထဲမှာ သူတို့ ရှောင်ရင်းနဲ့ ကြက်ကလေး၊ ဝက်ကလေး မွေးတာရှိတယ်။ နေ့စဉ် စားသောက်ဖို့ ဟင်းသီးဟင်းရွက် လေးတွေ နည်းနည်းစိုက်ပျိုးတာလေးတွေရှိတယ်။ ရွှေလော်ပန်းတို့က မျော်ထောင်တာ မျိုးဆိုရင် ကျင်းသားဝင်လုပ်တာတို့၊ ထမင်းချက်ဝင်လုပ်တာတို့ ဈေးခေါင်းရွက်ပြီး လည်ရောင်းတာတို့ စစ်ဘေးရှောင်အချင်းချင်းကို ရောင်းတာတို့ အဲလိုမျိုးတွေနဲ့ သူတို့ ခက်ခက်ခဲခဲ ဖြတ်သန်းကြရတာပေါ့“
စစ်ဘေးဒုက္ခသည်တွေဟာ ဝမ်းရေးအတွက် အလုပ်လုပ်ကိုင်ရင်း၊ သွားလာလှုပ်ရှားရင်း လမ်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်း ရှိပါတယ်။
“သူများ ပေးတဲ့ဟာနဲ့ စားပြီးတော့ ကျွန်မသား လုပ်တဲ့ လုပ်အားခလေးကို ယူပြီး ဝယ်ခြမ်းစားရတာ။ ဆန်မရှိတာက တစ်မျိုး၊ ဆီမရှိတာက တစ်မျိုး စားဝတ်နေရေးက ဘယ်လိုမှ မပြေလည်လို့ အိမ်ကို ပြန်ခဲ့တာ။ အမေ့ကိုလည်း ကျွန်မတစ်ယောက်တည်း စောင့်ရှောက်လို့မရလို့ ရွာထဲမှာနေတဲ့လူတွေ စောင့်ရှောက်ပေးမှာဆိုလို့ အိမ်ကို ပြောင်းလာတာ။ ကျွန်မယောကျာ်း ပါသွားတာလည်း ကျွန်မ အမေ နေမကောင်းတာကို ဆေးရှာထွက်ရင်း ပါသွားတာ“
ခင်ပွန်းဖြစ်သူ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦး ပြောသွားတာပါ။
သူ့ရဲ့ ခင်ပွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာပါ။
စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေရဲ့ စာရင်းအရ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း မော်လိုက်မြို့နယ်မှာ ဒုက္ခသည် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ ရပါတယ်။
မိုးတွင်းကာလမှာ စစ်ဘေးဒုက္ခသည်တွေအတွက် မိုးကာ၊ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါး စတဲ့ အထွေထွေ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မော်လိုက်မြို့နယ်မှာ ရွှေလုပ်ငန်း၊ ကျောက်မီးသွေးလုပ်ငန်းနဲ့ သစ်လုပ်ငန်းတွေကနေ ကောက်ခံရရှိတဲ့ အခွန်ငွေတွေရဲ့ ခုနစ်ရာခိုင်နှုန်းကို အဲဒီဒေသက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေမှာ အသုံးပြုဖို့ NUG အစိုးရအဖွဲ့ မူဝါဒချမှတ် ထားတာ ရှိပေမယ့် လက်တွေ့အကောင်ထည် ဖော်တာတော့ မတွေ့ရဘူးလို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ထောက်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့… ရရှိလာတဲ့ ဘဏ္ဍာငွေတွေကို အရေးကြီးတဲ့ အခန်းကဏ္ဍပေါ်မူတည်ပြီး မျှဝေသုံးစွဲနေ တယ်လို့ တုံ့ပြန်ပါတယ်။
“အရေးကြီးတဲ့ ကိစ္စတော့ အကုန်လုံးအရေးကြီးတယ် ပြည်သူလူထုကို စောင့်ရှောက်မှု ပေးနိုင်ဖို့ အထူးသဖြင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အေးအေးဆေးဆေး ပြန်လည်ပြီးတော့ နေထိုင်နိုင်ဖို့ဆိုတဲ့ ကိစ္စကိုလည်း လက်ရှိ ရေတိုအနေနဲ့လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေသလို ရေရှည်မှာလည်း ဒီကိစ္စတွေ အဆုံးသတ် ဖို့က တော်လှန်ရေး အောင်မြင်စွာ အပြီးသတ်နိုင်မှ ဖြစ်နိုင်မယ့် ကိစ္စဖြစ်ပါတယ်။ အခွန်ကရတဲ့ ငွေကိုလည်းပဲ ဒီထဲမှာ ပြန်လည်ပြီး အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒါပေမဲ့ အခွန်ကရရှိတယ်ဆိုတဲ့ ပမာဏက တကယ်တမ်း လိုအပ်ချက်နဲ့ နှိုင်းယဉ်မယ်ဆိုရင် ဘယ်လိုမှ ကာမိတဲ့ အခြေနေမျိုးမဟုတ်ဘူး။ ဒါလေးလည်း ပြောပြလိုပါတယ်”
မော်လိုက်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် NUG က သိန်း ၂၀၀ ကျော် ထောက်ပံ့ပေးထားပြီး မိုးတွင်းကာလအတွက် မိုးကာထောက်ပံ့တာလည်းရှိတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။
မော်လိုက်မြို့နယ်က စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။