ထန်းတပင်မှာ အရပ်သား ၂ဝ နီးပါး အစုလိုက် မီးရှို့သတ်ဖြတ်ခံရ
2023.05.11
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာမှာ ကလေးငယ် ခုနစ်ဦး အပါအဝင် ဒေသခံ အမျိုးသား အမျိုးသမီးစုစုပေါင်း ၁၈ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဖမ်းဆီးပြီး မီးရှို့ သတ်ဖြတ်သွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
အိမ်ထောင်စုတစ်ခုတည်းမှာတင် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ငါးဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ အဲဒီမိသားစုဝင်တစ်ဦးက ပြောပါတယ်။
“တစ်အိမ်တည်းကို ငါးဦး အဲဒီဘက်ကိုက ဇော်မိုးအောင်နဲ့ သူ့မိန်းမ မသူဇာသူတို့ကတော့ ၃၅ နှစ်ခန့်တွေပေါ့။ ဒီဘက်က ညီမနှစ်ယောက် ၆ဝ ဝန်းကျင်တစ်ယောက်ရယ် ၅၀ ဝန်းကျင် တစ်ယောက်ရယ် ဦးဝင်းအောင်နဲ့ သူ့မိန်းမ ဒေါ်လှလည်း ပါတယ်။ သူ့သမီး အကြီးမ မတင်အုန်းလည်းပါတယ်။ လေးယောက်ပါသွားပါတယ်။ အဲဒီအိမ်ရှေ့က ဦးဝင်းအောင်ရဲ့ညီ ဦးဝင်းမြိုင်ရယ်။ သူ့မိန်းမ မအမာကြည်ရယ် ၇၀ ဝန်းကျင်တွေ လင်မယားနှစ်ယောက်လုံး ပါသွားပါတယ်”
အသက်အန္တရာယ်ကြောင့် အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးကလည်း အခုလို သက်သေထူ ပြောဆိုပါတယ်။
“ဖြစ်စဉ်က ထန်းတပင်မြို့နယ် ညောင်ပင်သာ မြောက်ကမ်းရွာမှာ မနေ့က စစ်တပ်ဝင်ပြီးတော့ ၁၀ ရက် ၅ လ ၂၀၂၃ ခုနှစ်ပေါ့နော် ရွာထဲက ကလေးလူကြီး အလောင်း ၁၇ လောင်း ကျွန်တော်တို့ တွေ့တယ် ၁၇ လောင်းလောက် တွေ့တယ်။ မီးရှို့ပြီးတော့ သတ်သွားတာ အခုမှ ကျွန်တော်တို့လည်းတွေ့တာ စစ်တပ်က သတ်ဖြတ်သွားတာ။”
အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ မျက်မြင်သက်သေတွေရဲ့ RFA ကို ပြောကြားချက်အရ သတ်ဖြတ်ခံရသူတွေဟာ အသက် ၅ နှစ်ကနေ အသက် ၇၀ အထိ ရှိပါတယ်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒါဟာ စစ်ကောင်စီက ထပ်မံကျူးလွန်လိုက်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“အမျိုးသမီး ၁ဝ ဦး အမျိုးသား ၈ ဦးပေါ့ အားလုံးပေါင်း ရွာသူ၊ ရွာသား ၁၈ ယောက်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီးတော့မှ မီးရှို့ပြီးသတ်ဖြတ်သွားတယ်ပေါ့။ အဲထဲမှာ အသက် ၁၈ နှစ်နဲ့အောက် ကလေး ၆ ယောက်ပါတယ်ပေါ့နော် အများစုကလည်း အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်တယ်ပေါ့ အမျိုးသမီး ၁၀ ယောက် အမျိုးသား ၈ ယောက်ဖြစ်ပါတယ်ဗျ။ ဒါအကြမ်းဖက် စစ်တပ်က ကျူးလွန်တဲ့ နောက်ထပ် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလို့ ဒါပြောရမှာ ဖြစ်ပါတယ်။”
အဲဒီ မေလ ၁၀ ရက်နေ့က ထန်းတပင်မြို့နယ် ညောင်ပင်သာရွာအနီး KNLA၊ PDF ပူးပေါင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလိုဒေသခံပြည်သူတွေ သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ထန်းတပင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေပေါ့ KNLA အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ မိုင်းဆွဲတာ ၁၅ ကြိမ်လောက် ဆွဲတာပေါ့ သူတို့ဆီက ၃၀ ဝန်းကျင်လောက် အကျအဆုံးတွေ ရှိတယ်။ အဲဒီလိုဖြစ်ပြီးတော့ ညောင်ပင်သာကို ထပ်ထိုးတယ် ညောင်ပင်သာမှာလည်း တိုက်ပွဲတွေဖြစ် ဖြစ်ပြီးတဲ့အချိန်မှာ မနေ့က ညပိုင်းလောက်မှာ ရွာသားတွေကို သတ်သွားတာ သိရတာ ဒီမနက်မှ အလောင်းတွေ ပြန်တွေ့တာပေါ့နော်”
ညောင်ပင်သာကျေးရွာအပါဝင် ထန်းတပင်မြို့နယ် အနီးတစ်ဝိုက်ကို ထန်းတပင်အခြေစိုက် ခြေလျင်တပ်ရင်း ၇၃နဲ့ ခြေမြန်တပ်ရင်း ၃၆ဝ ပါဝင်တဲ့ စစ်ကြောင်းတစ်ခု ဒီရက်ပိုင်းမှာ ဝင်ရောက်ပြီး ဒေသခံတွေကို အခုလိုသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ အဲဒီကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။

အဲဒီ မေလ ၁၀ ရက်နေ့က ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာအနီး KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးလောက် သေဆုံးပြီး အရာရှိသုံးဦးကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့လည်း သူကပြောပါတယ်။
စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီ တပ်ဖွဲ့တွေက တစ်နိုင်ငံလုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ် ကျူးလွန်ခဲ့ရာမှာ ပြည်သူ ၇၆၆ ယောက် အသက်ဆုံးပါးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုလို ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာရွာသားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးနဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။