စစ်တွေ ဗျိုင်းဖြူရွာက လူငါးဆယ်ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရကြောင်း AA ထုတ်ပြန်

RFA Burmese
2024.06.03
စစ်တွေ ဗျိုင်းဖြူရွာက လူငါးဆယ်ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရကြောင်း AA ထုတ်ပြန် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဝေဟင်ကနေတစ်ဆင့် တွေ့ရစဥ်။
Photo: RFA

[Update: 4: 25 PM, June 03, 2024]

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် (ယခင် ဗျိုင်းဖြူရွာ) ကို စစ်ကောင်စီတပ်က မေလ ၂၉ ရက်နေ့က အင်အား ၁၇၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ငါးဆယ်ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် ၁၅ နှစ်ကနေ ၇၀ ကြား အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၅၃ ဦးဖြစ်ပြီး အဲဒီအထဲက အမျိုးသမီးတစ်ဦးကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ မြင်ကွင်းတွေကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ လူနေအိမ်တချို့ကို မီးရှို့တာနဲ့ တန်ဖိုးရှိပစ္စည်းတွေကို လုယူတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA က ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကျေးရွာသားတစ်ဦးက သတ်ဖြတ်ခံရသူတွေထဲမှာ သူတို့မိသားစုဝင်တွေလည်း ပါသွားတယ်လို့ RFA ကို ဒီနေ့ပြောပါတယ်။

“ကျွန်တော့်ရဲ့ မိသားစုတွေလည်း ပါသွားတယ်။ ကျွန်တော်တို့ ဦးလေးတို့၊ သူငယ်ချင်းတွေတို့ ပါသွားတာ အများကြီးပဲ။ မိသားစု ခုနစ်ယောက်လောက်တောင်ပါသွားတယ်။ အဲဒီအထဲမှာ ငါးယောက်တော့ သေသွားပြီလို့ သတင်းရတယ်။ စိတ်ဒဏ်ရာတွေက မပြောပြတတ်လောက်အောင်အထိ ရနေကြတယ်။ မိသားစု ရှိတာက ငါးယောက်။ ပြန်လာတာက သုံးယောက်။ နှစ်ယောက်က သေသွားပြီလေ။ အမျိုးသားနဲ့ သားက သေသွားပြီဆိုတော့ စိတ်ဒဏ်ရာအများကြီး ရနေကြတယ်”

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားတစ်ရာကျော်က ကားခုနစ်စီးနဲ့အတူ တစ်ရွာလုံးကို ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။

“ရွာကိုသွားပြီးတော့ ပြည်သူတွေကိုဖမ်းတယ်။ ပြီးတော့ ရိုက်နှက်တယ်။ နောက်ဆုံး သတ်ပစ်လိုက်တယ်ပေါ့"

မေလ ၃၁ ရက်နေ့မှာတော့ အမျိုးသမီးတွေနဲ့ ၁၅ နှစ်အောက်အရွယ်ရှိတဲ့ ကလေးတွေကို စစ်တွေမြို့ ပေါ်မှာရှိတဲ့ ဝင်္ကဘာကွင်းကို စစ်ကောင်စီတပ်ကပို့ဆောင်ခဲ့ပြီး အမျိုးသားတွေကိုတော့ တချို့ကို စစ်ကောင်စီတပ်ထဲ ခေါ်ဆောင်သွားပြီး တချို့ကိုတော့ ရွာထဲမှာ စစ်ကြောရေးလုပ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေကို ပြန်လွှတ်ပေးစဉ်မှာ ဘယ်နေရာမှာနေမယ်၊ ဘယ်သူ့အိမ်မှာနေမယ် စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးခဲ့ရပြီး ဒီဖြစ်စဉ်တွေကို သတင်းဌာနတွေထံ ပြောရင် လာရောက်ဖမ်းဆီးပစ်သတ်မယ်လို့ စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ထားတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

ပြန်လွတ်လာတဲ့ အမျိုးသမီးတွေကတော့ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြပြီး စိတ်ဒဏ်ရာတွေ ကြီးကြီးမားမားရနေကြသလို အချိန်တိုင်း ငိုကြွေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျေးရွာထဲမှာ ရှိနေဆဲဖြစ်တာကြောင့် ရွာထဲမှာ ကျန်ရှိနေတဲ့အရပ်သားတွေအတွက် စိုးရိမ်စရာအကောင်းဆုံးအခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ မနက်က ပြောပါတယ်။

“အရမ်းစိုးရိမ်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ မိသားစုတွေ ယောက်ျားတွေဆိုရင် တစ်ယောက်မှ ပြန်မတွေ့သေးပါဘူး။ နှိပ်စက်ပြီး သေနတ်နဲ့ပစ်သတ်တာလို့ပြောပါတယ်။ အလောင်းတွေကိုတော့ ကိုကိုမောင်ရဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ လူသတ်ကွင်းလုပ်ပြီး အိမ်ရှေ့မှာ ပုံထားတယ်လို့ပြောပါတယ်”

သူကတော့ စစ်ကောင်စီတပ်ကရွာထဲကို ဝင်လာစဉ်မှာ စစ်တွေမြို့ပေါ်ကို ရောက်နေတာကြောင့် အဖမ်းမခံ လိုက်ရတာလို့ဆိုပါတယ်။ သူ့ရဲ့မိသားစုတွေကတော့ အဖမ်းခံလိုက်ရပြီး ပြန်လွတ်လာတဲ့ မိသားစုဝင် အမျိုးသမီးတွေက အလောင်းတွေ စုပုံထားတာကို တွေ့မြင်ခဲ့ကြတာလို့ ပြောပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်၊ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဦးလှသိန်းနဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဗျိုင်းဖြူရွာမှ ကလေးများနှင့် အမျိုးသမီးအချို့အား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းတွင် တွေ့ရစဥ်။ (Screenshot Video: Citizen Journalist)
ဗျိုင်းဖြူရွာမှ ကလေးများနှင့် အမျိုးသမီးအချို့အား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းတွင် တွေ့ရစဥ်။ (Screenshot Video: Citizen Journalist)

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဗျိုင်းဖြူရွာက နေအိမ်တချို့မှာ သဲအိတ်ဘန်ကာတွေ၊ ဗုံးခိုကျင်းတွေ တွေ့တာကြောင့် စုံစမ်းစစ်ဆေးနေစဉ် ဒေသခံမဟုတ်တဲ့ အမျိုးသားသုံးဦးက လုံခြုံရေးတပ်ဖွဲ့ ဝင်တွေဆီက သေနတ်ကိုလုယူခဲ့တာကြောင့် ခြောက်လှန့်ပစ်ခတ်ရာမှာ အဲဒီအမျိုးသားသုံးဦး သေဆုံးခဲ့တာလို့ ဇွန်လ ၂ ရက်နေ့မှာ သတင်းမီဒီယာတွေကို တုံ့ပြန်ဖြေဆိုထားပါတယ်။ နောက်ထပ် သံသယရှိသူ ၂၅ ဦးကိုလည်း စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ ဗျိုင်းဖြူရွာအတွင်းမှာ သတ်ဖြတ်ခံရသူအရေအတွက်ဟာ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အရေအတွက်ထက် ပိုများနိုင်တယ်လို့ပြောကြပါတယ်။ သေဆုံးသူအရေအတွက် အသေးစိတ်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဗျိုင်းဖြူရွာက အရပ်သားတွေအပေါ် သတ်ဖြတ်မှုကို စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က တပ်ဖွဲ့ဝင်တွေ၊ ပခုက္ကူအခြေစိုက်တပ်မ (၁၀၁) က တပ်ဖွဲ့တွေနဲ့ အခြားတပ်ရင်းအချို့က ထုတ်နုတ်အင်အားတွေ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်စလင်တွေ ကျူးလွန်ခဲ့ကြတာလို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ လက်ကျန်စခန်းတွေ ထပ်မဆုံးရှုံးအောင် ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေအတွက် ပြင်ဆင်ဆောင်ရွက်နေသလို စစ်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေကိုပါ ဦးတည်တိုက်ခိုက်နေတယ်လို့လည်း AA က ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ပါတီ (ALP) ကတော့ ဗျိုင်းဖြူရွာဖြစ်စဉ်မှာ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာကနေတစ်ဆင့် ဒီနေ့ တုံ့ပြန်ထားပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာအနေနဲ့ မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“ရွာကိုသွားပြီးတော့ ပြည်သူတွေကိုဖမ်းတယ်။ ပြီးတော့ ရိုက်နှက်တယ်။ နောက်ဆုံး သတ်ပစ်လိုက်တယ်ပေါ့။ ဒါက စစ်ပွဲနဲ့မဆိုင်တဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာကတော့ ကြီးမားတဲ့စစ်ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်တာပဲ။ ဒီလိုလုပ်ရပ်တွေ နောက်ထပ်လည်း အများကြီးဖြစ်လာနိုင်တယ်။ နိုင်ငံတကာကလည်း ဒီအပေါ်မှာ စောင့်ကြည့်သင့်တယ်။ ပြီးတော့ ဒီလုပ်ရပ်တွေကို ရှုတ်ချသင့်တယ်။ လိုအပ်ရင် တစ်စုံတစ်ရာ အရေးယူသင့်ပါတယ်”

စစ်တွေမြို့ ဗျိုင်းဖြူရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံး တပ်တော်(က.လ.တ) တို့ကလည်း ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - မူလသတင်းတွင် ဒေသခံနှစ်ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။) 

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။