အစုလိုက်အပြုံလိုက် အသတ်ခံရသူ ၁၆၀၀ နီးပါးရှိကြောင်း NUG ထုတ်ပြန်
2023.08.01

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဇူလိုင်လအထိ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန် နှစ်နှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်းမှာ လူငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပေါင်း ၁၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၅၉၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကိုင်း၊ မကွေး၊ ကယား စတဲ့ ဒေသတွေမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရပြီးမှ နှိပ်စက် ညှဉ်းပန်းအသတ်ခံရမှုနဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တစ်ရက်တည်း တစ်ချိန်တည်း အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ်မှာ ၁၁ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၈၅ ကြိမ်နဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ ၄၈ ကြိမ် စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ပါဝင်ပါတယ်။
"ဒီလို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်တယ်။ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တယ်"
NUG လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ကတော့ ဒီသတ်ဖြတ်မှု တွေအတွက် တာဝန်ရှိတဲ့ စစ်ကောင်စီကို နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေတွေနဲ့ အရေးယူအပြစ်ပေးရမယ်လို့ ပြောပါတယ်။
"အဓိကကတော့ တရားမျှတမှုပဲ၊ ဒီလို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်တယ်။ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်။ စစ်ရာဇဝတ်မှု အမျိုးမျိုးလည်း မြောက်တဲ့အတွက် ဒီလို ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အချိန်တန်ရင် တာဝန်ခံရမယ်။ တရားမျှတမှုကို ရရှိအောင် ဆောင်ရွက်သွားမယ်။ အဲဒီအတွက်လည်း သတင်းအချက်အလက်တွေကို အခက်အခဲတွေ ကြားထဲက အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင်၊ နိုင်ငံတကာ ထောက်ခံမှုအပိုင်းမှာရော နိုင်ငံတကာဥပဒေပိုင်းမှာရော အသုံးပြုလို့ရမယ့် ပုံစံမျိုး ကောက်ခံတာဖြစ်တယ်"
အခုအချက်အလက်တွေဟာ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက လက်လှမ်းမီသလောက် ကောက်ယူ ထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအနက် နောက်ဆုံးကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကတော့ ၂၀၂၃ ဇူလိုင် ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်း ရွာ သတ်ဖြတ်မှု ဖြစ်ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့က စုန်းချောင်းရွာကို စစ်ကောင်စီတပ်သားတွေ ရုတ်တရက် ဝင်ရောက် စီးနင်းခဲ့တာကြောင့် ၁၈ နှစ်အောက် ကလေး လေးဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၄ ဦး တစ်ရက်တည်း တစ်ချိန်တည်း အသတ်ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ စုန်းချောင်း ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
"လူငယ် လေးဦးပါတယ်။ ကျန်တာ အလွတ်က ၁၀ ယောက်ပါတယ်။ ကျန်တဲ့ ၁၁ ယောက်ကို ရွာတောင် ဘက်ခြမ်းက အင်းပင် ရှိတယ်၊ အင်းပင်ဘက်မှာ နှစ်ယောက် တစ်တွဲ သတ်ထားတာကို လိုက်ကောက် ရတယ်။ ကျွန်တော်တို့ ကြည့်ရက်စရာကို မရှိဘူး။ မျက်နှာလည်း ရွဲပြဲ၊ ရင်အုပ်တွေလည်း သွေးတွေနဲ့ ရဲလို့၊ ကြေညက်နေတာ ရင်အုပ်တွေက၊ စစ်ကြောင်းဝင်တဲ့ အချိန်က မသိလိုက်ဘူး။ မိုးတွေကလည်း ရွာနေတော့ သေနတ်ဖောက်သံကြားမှ အကုန် ကတိုက်ကရိုက် ထပုန်းကြတာ။ ဒါတောင်မှ မသိရ သေးဘူး၊ မိုးလင်းမှ ဘယ်သူတွေ အဖမ်းခံရတယ်ဆိုတာ သိရတာ။ တချို့လည်း ထွက်ပြေးကြတာ"
ဒီသတ်ဖြတ်မှုကြောင့် စုန်းချောင်းရွာသားအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေပြီး အခုချိန်ထိ နေရပ်မပြန်ရဲသေးဘူးလို့ သူက ပြောပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေး ၈၁ ဦး၊ မိန်းကလေး ၄၂ ဦး၊ အမျိုးသား ၈၆၄ ဦး၊ အမျိုးသမီး ၁၅၃ ဦးနဲ့ အမည်အတိအကျ မသိရသေးသူ ၄၅၅ ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။
သတ်ဖြတ်ခံရတဲ့ ဒေသတွေကတော့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ရှမ်း၊ ရန်ကုန်၊ ပဲခူး၊ ကရင်နီ၊ မန္တလေး၊ တနင်္သာရီ၊ ကရင်၊ ရခိုင်နဲ့ ဧရာဝတီတိုင်းတို့က ဖြစ်ပါတယ်။
ဒီအထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အများဆုံးကတော့ စစ်ကိုင်း၊ ပဲခူး၊ ကချင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ် ဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကြောင့် အရပ်သားသေဆုံးသူ ၉၂၀ ဦး နဲ့ အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားနေရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာမှာ လေကြောင်း တိုက်ခိုက်ခံခဲ့ရလို့ သံဃာတစ်ပါးနဲ့ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရမှုမှာ အသက် ၁၇ နှစ်အရွယ် မဟန်နီဇော် လည်း ပါဝင်ပါတယ်။
မဟန်နီဇော်အတွက် ဝမ်းနည်းစိတ်ထိခိုက်ပြီး ကိုယ်တိုင်မလုံခြုံမှုနဲ့ စိုးရိမ်ကြောက်ရွံ့မှုကို ခံစားနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မဟန်နီဇော်ရဲ့ ဆရာမတစ်ဦးက RFA ကိုပြောပါတယ်။
“အဲဒီဖြစ်နေတဲ့နေရာကို သွားလိုက်တဲ့အချိန် တခြားဒဏ်ရာရတဲ့သူတွေကို ထုတ်လာ တယ်။ ကားပေါ်တင်တယ်။ အဲဒီအချိန်အထိ ဘုရားစာရွတ်ပြီး အေးဆေးဖြစ်သွားမှာ၊ စိတ်မပူနဲ့ ဆိုပြီး ကိုယ့်စိတ်ကိုနိုင်သေးတယ်။ အဲဒီဘုန်းကြီးကျောင်းထဲကိုဆက်ပြီး သွားတဲ့အချိန် ဟန်နီဇော်ကို မြင်လိုက်ရတဲ့အချိန်မှာ လူက အရုပ်ကြိုးပြတ် အဲဒီနားလေးမှာပဲ တော်တော်ကြီး သတိလက်လွတ်ဖြစ်သွားတာ။ တအား ခံစားရတယ်လေ။ ကလေးက လိမ္မာတဲ့ ကလေးလည်းဖြစ်တာကိုး”
ဒီလေကြောင်းတိုက်ခိုက်မှုမှာ သူ့ရဲ့ ဆွေမျိုးသားချင်းတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။
ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲ အရေးယူနိုင်တယ်လို့ ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။
“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ဂျနီဗာကွန်ဗင်းရှင်းမှာလည်း ပြဋ္ဌာန်းပြီးသား။ နောက်တစ်ခါ ICJ ကလည်း ပြဋ္ဌာန်းချက်ရှိတယ်။ ICC ပေါ့ သူကတော့ နောက်ဆုံးပေါ့ဗျာ။ ကိုယ့်ပြည်သူကို ပြန်သတ်တာပေါ့နော်။ အုပ်ချုပ်တဲ့အစိုးရက ကိုယ့်ပြည်သူတွေကို ပြန်သတ်ရင် ICC ကိုတန်းတင်လို့ရတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဖြစ်စေ၊ ကုလသမဂ္ဂ လူ့အခွင့်ရေးအဖွဲ့အစည်းတွေကဖြစ်စေ၊ ဂျနီဗာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေကနေဖြစ်စေ အဲလိုမျိုးတွေက တင်ကြရတယ်။ နောက်တစ်ခါ နိုင်ငံတကာမှာရှိတဲ့ အသင်းအဖွဲ့တွေကနေပြီးတော့ အထောက်အထားတွေနဲ့တင်ရင် ICC ရှေ့နေချုပ်ကနေ စုံစမ်းမှုလုပ်တယ်”
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ဆက်လက်ချိုးဖေါက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက အရေးယူနိုင်ရေးအတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက်အစည်းအဝေး မှာ ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ စစ်ကောင်စီ သတင်းဒီမီယာတွေကလည်း ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ တစ်ကြိမ်တစ်ခါမှ ထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ NUG နဲ့ PDF တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီကနေ ဇူလိုင်လ ၃၀ ရက် အထိ သံဃာနဲ့ သီလရှင် လေးပါး၊ ပြည်သူ ၇၇၂ ဦးနဲ့ ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက် မနေ့က နေပြည်တော်မှာလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုထားပါတယ်။