စစ်အုပ်ချုပ်ရေးမြို့နယ်တွေမှာ အချိန်ကန့်သတ်သွားလာခွင့် အမိန့်နဲ့ ထပ်မံတင်းကျပ်
2023.02.08

ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းက မြို့နယ်ပေါင်း ၂၄ ခုမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေက ဖေဖော်ဝါရီလ ၄ ရက်နေ့ ရက်စွဲနဲ့ သွားလာခွင့် အချိန် ကန့်သတ်မိန့်ထုတ်ပြန်ပြီး ထပ်မံတင်းကျပ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီအမိန့်အရ ဒေသခံတွေဟာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခွင့် မရှိတော့သလို နေ့ဘက် မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းမှာလည်း လူငါးဦးထက်ပိုပြီး စုဝေးခွင့်မရှိပါဘူး။ ဒီအမိန့်ကို မလိုက်နာတဲ့ သူတွေကို လုံခြုံရေး တာဝန်ထမ်းဆောင်သူတွေက အင်အားသုံးဖမ်းဆီးပြီး အရေးယူမယ့်အကြောင်း အမိန့်စာမှာ ဖော်ပြထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီအမိန့်ကို စစ်ကောင်စီက မြို့ထဲမှာလှည့်လည်ပြီး အသံချဲ့စက်တွေနဲ့ ကြေညာ ခဲ့ကြတာလို့ ချင်းပြည်နယ်က ဒေသခံတွေက ပြောပါတယ်။ ဒီအမိန့်ကြောင့် ဘာသာရေးအရ ဝတ်ပြုဆုတောင်းတဲ့ အစည်းအဝေးတွေ မလုပ်ရမှာကို စိုးရိမ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချင်းပြည်နယ် တီးတိန်မြို့ခံ တစ်ဦးက ပြောပါတယ်။
“တစ်ခု စိုးရိမ်တာက ခရစ်ယာန်ဘာသာဝင်တွေအတွက် အဓိက စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ လူငယ်အစီအစဉ်တွေ၊ ဝတ်ပြုကိုးကွယ်တဲ့ အစီအစဉ်တွေ ရှိတယ်ပေါ့။ အဲဒီတော့ လူငါးယောက်ထက် ပိုမစုရဆိုတဲ့ အခြေအနေမှာ သူတို့ ဘယ်အတိုင်းအတာထိ အကျုံးဝင်ခိုင်းလဲပေါ့။ ချင်းပြည်နယ် တီးတိန်မြို့မှာဆိုရင် စနေနေ့ဆိုရင် လူငယ်အစီအစဉ် အစည်းအဝေးရှိတယ်။ တနင်္ဂနွေဆိုရင် ဝတ်ပြုဆုတောင်းတာ ရှိတယ်ပေါ့လေ။ အဲဒါတွေကိုရော သူတို့တားမလား မတားဘူးလား ဆိုတာတော့ မသိရသေးဘူး”
ဟားခါးမြို့မှာတော့ ဒီအမိန့်နဲ့ပတ်သက်လို့ ဘာသာရေး ခေါင်းဆောင်တွေက ဒေသဆိုင်ရာ စစ်ကောင်စီတပ်ဘက်ကို ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းဒေသက မြို့နယ်ပေါင်း ၃၇ ခုမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်တာပါ။ အဲဒီအထဲက စစ်ကိုင်း အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ မကွေးတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်၊ ပဲခူးတိုင်း ထန်းတပင်၊ ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါး စတဲ့ မြို့နယ် ၂၄ ခုမှာ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်တာကို အတည်ပြုနိုင်ပြီး ကျန်တဲ့ မြို့နယ်တွေမှာ ထုတ်ပြန်မှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ဒီအမိန့်ဟာ ပြည်သူကို ရန်သူလို ဆက်ဆံနိုင်အောင် ထုတ်ပြန်တဲ့ အမိန့်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“မာရှယ်လောနဲ့ အုပ်ချုပ်တာဟာ အဲဒါ ရန်သူထက် ဆိုးတာပေါ့နော်။ ရန်သူလုပ်သလို လုပ်တာပေါ့။ ရန်သူတွေကမှ အဲဒါလုပ်တာ။ လူ့အခွင့်အရေး၊ တရား ဥပဒေ စိုးမိုးရေး ဆိုတာတွေကို လာမပြောနဲ့တော့။ ရန်သူ သတ်မှတ်လိုက်ပြီ။ ရန်သူနယ်မြေ ဖြစ်သွားပြီ။ ရန်သူလိုပဲ သတ်မယ်။ ဖြတ်မယ်။ လုပ်ချင်ရာ လုပ်မယ်ကွာ။ ပြီးရော။ တရားဥပဒေတွေ ဘာတွေ မပြောနဲ့တော့လေ။ မာရှယ်လောအောက်မှာ ရန်သူကို ကျင့်သလို ကျင့်တော့မှာလေ”
စစ်ကောင်စီတပ်က အခုထုတ်ပြန်လိုက်တဲ့ ကန့်သတ်မိန့်ကြောင့် ဒေသခံတွေအတွက် ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံလာရနိုင်တယ်လို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြို့ပေါ်က လူတွေတော့ အဓိက ညရေးညတာသွားတာ သွားတာတွေ တော်တော်လေး ခက်ခဲသွားတာပေါ့။ အာဏာက သူတို့ စစ်တပ် လက်ထဲကိုပဲ လုံးလုံးလျားလျားပေါ့ဗျာ။ သူတို့ အပ်လိုက်တဲ့ သဘောဖြစ်တော့ လူစုစုမြင်ရင်တော့ ပစ်မှာပဲလေ မြို့ပေါ်ကတော့”
ဂန့်ဂေါမြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးကို ပိုမိုတင်းကျပ်ထားပြီး အခု ကန့်သတ်မိန့် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ဆေးဖမ်းဆီးမှုတွေကိုလည်း ပိုမိုတွေ့လာရတယ်လို့ သူကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ခင်ဦးထောက်ပံ့ရေးအဖွဲ့ Khin U Support Organization-KSO အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်ကတော့ စစ်ကောင်စီတပ်က အခုနောက်ဆုံး ထုတ်ပြန်တဲ့အမိန့်ဟာ PDF တွေကို ထိန်းချုပ်ဖို့ ဖြစ်ပေမယ့် ပြည်သူလူထုကိုသတ်ဖြတ်တာတွေ ပိုလုပ်လာမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။
“PDF တွေကို သူတို့ပိုပြီး ရှင်းလင်းချင်လို့ ဆိုတာတော့ ဒါကတော့ ဘယ်တုန်းက ဖြစ်ဖြစ် အာဏာသိမ်းပြီး ကတည်းက PDF ကို ချေမှုန်းကတော့ သူတို့အလုပ်ပဲလေ။ PDF တွေကိုတော့ သူတို့က တွေ့ရင် အခုမှ မဟုတ်ဘူး အစောကလည်း သူတို့က တွေ့တဲ့ နေရာကိုတော့ ဒါသတ်ဖြတ်ချေမှုန်းပစ်တာပဲ။ မတရားရက်ရက်စက်စက် သတ်ဖြတ် နေတာပဲ။ အခုအချိန်မှာ ဒီလို ထုတ်လိုက်တာကတော့ ကျနော်တို့ရဲ့ ပြည်သူတွေကို PDF အယောင် ထင်ပြီးတော့ ထင်ယောင်ထင်မှား အရင်ကထက်စာရင် သတ်ဖြတ်ခြေမှုန်းမှာ တွေတော့ အဲဒီတစ်ခုတော့ ကျနော်တို့ စိုးရိမ်တယ်ပေါ့”
စစ်အုပ်ချုပ်ရေး မကြေညာခင်ကတည်းက ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုး ချေမှုန်းတာတွေရှိနေပြီး နောက်ပိုင်းမှာလည်း စစ်တပ်က သတ်ဖြတ်ချေမှုန်းတာတွေ အရင်ထက်ပိုလုပ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
"မြို့ပေါ်က လူတွေတော့ အဓိက ညရေးညတာသွားတာ သွားတာတွေ တော်တော်လေး ခက်ခဲသွားတာပေါ့။"
ကယားပြည်နယ်အတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ရှားတောမြို့မှာတော့ ဒေသခံတွေ အပြင်ထွက်မယ်ဆိုရင် စစ်တပ်ရဲ့ ခွင့်ပြုမိန့် ပါရမယ်ဆိုတဲ့ ညွှန်ကြားချက်ပါ ထွက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကပြောပါတယ်။
"ဖရူဆိုနဲ့ ဒီးမော့ဆိုမှာ ကျနော်တို့ စိုးရိမ်တာက ကျနော်တို့ လူထုကူညီရေး လုပ်တဲ့သူတွေ တစ်နိုင်တစ်ပိုင် ကုန်ကူးရောင်းဝယ်လုပ်တဲ့ သူတွေအပေါ်မှာ တွေ့တွေ့တဲ့နေရာမှာ ဖမ်းဆီး သတ်ဖြတ် ပစ်ခတ်မှုတွေ ပိုလုပ်လာနိုင်တယ် ဆိုတာ စိုးရိမ်ချက်ရှိတယ်"
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တာကို ပြသနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“အဲဒီဒေသတွေဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို မရှိတော့ဘဲနဲ့ အခုက PDF နဲ့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်ရှိသွားမယ့် အစောပိုင်း အစပိုင်း ကျနော်တို့ တစ်စိတ်တစ်ပိုင်း လွတ်မြောက်တဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီကနေ ပြီးတော့မှ တစ်ပြည်လုံးကို ပျံနှံ့သွားလိမ့်မယ်။ နောက်တစ်ခုက အဲဒီဒေသမှာ ရှိနေတဲ့ စစ်အုပ်ချုပ်ရေးဒေသတွေဟာ တိုးချဲ့ပြီးတော့ လုပ်ဆောင်လာရမယ့် အခြေအနေ ဖြစ်တယ်ဆိုတာ ကို ကျနော်တို့က ကြိုပြီးတော့ မြင်တွေ့နိုင်ပါတယ်ခင်ဗျ”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက် ကာလုံအစည်းအဝေးမှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်က ၁၉၈ မြို့နယ်၊ လုံခြုံရေး အလေးထား ဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။