စစ်အာဏာသိမ်းမှုကြောင့် ပြည်ပထွက်မယ့်သူတွေ များလာ

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ရုံးကို လာရောက်လျှောက်ထားသူတွေ အခု နောက်ပိုင်း ပိုများလာတယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် အချိန်တစ်လကျော် ပိတ်ထားခဲ့ရပြီးနောက် စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး နိုင်ငံကူးလက်မှတ်ရုံးကိုပြန်ဖွင့်ချိန်မှာ လာရောက် လျှောက်ထားသူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေတာလို့ ဆိုပါတယ်။
ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံကူးလက်မှတ် အကျိုးဆောင်တစ်ဦးကတော့ လက်မှတ် လာလျှောက်သူတွေဟာ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။
“ဟုတ်တယ် အစ်ကို၊ ၁၃ ရက်နေ့ကတော့ နည်းနည်းများသွားတယ်။ ဟိုဟာ ၃၀ ရာခိုင်နှုန်းလောက်ပါ။ အရင်ကထက်ပေါ့။ အခုလူတွေကတော့ ပုံမှန်ပဲ။ များတဲ့နေ့ များတယ်။ နည်းမယ်ထင်တဲ့နေ့ များတယ်”
အာဏာမသိမ်းခင်က ဒီရန်ကင်း စက်မှု(၁) လမ်းပေါ်က နိုင်ငံကူးလက်မှတ်ရုံးမှာ ပြည်ပထွက်ခွာဖို့ လာရောက် လျှောက်ထားသူတွေဟာ ရုံးရှေ့ပလက်ဖောင်းပေါ်မှာ ဟိုတစ်စု ဒီတစ်စုလောက်သာ ရှိခဲ့ရာကနေ အာဏာသိမ်းပြီး နောက်မှာတော့ လမ်းပေါ်မှာ တန်းစီစောင့်နေကြတဲ့လူတွေ အရင်ကထက် ပိုများလာတာလို့လည်း ပြောပါတယ်။
အများစုကတော့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားနေကြတာ တွေ့ရတယ်လို့ ဂျပန်နိုင်ငံကို သွားရောက်ဖို့အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်ပြောသလိုပဲ ပိုပြီးတော့ များလာတာပေါ့။ တချို့တွေကျတော့ဗျာ ဒီတော်လှန်ရေးကြီးမှာ ဝင်ပါ ချင်တယ်။ မိသားစုအခက်အခဲကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ဆိုလည်း ဒီလိုစိတ်ဓာတ် ရှိတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့အိမ်မှာ ကျွန်တော်က အကြီးဆုံးဖြစ်တယ်။ ဒီလိုဖြစ်သွားတယ်။ မိသားစု ကလည်း လုံးဝအဆင်မပြေတဲ့ အခါကျတော့။ အဲဒီအခါကျ ဟိုဘက်ကိုသွားမယ် မိသားစုကိုလည်း ထောက်ပံ့မယ် ကိုယ်ရဲ့ အနာဂတ်ကိုလည်း လုပ်မယ်ဆိုတဲ့ ပုံစံပေါ့နော်။ ပြဿနာတစ်ခုဖြစ်လာလို့ရှိရင် ရင်ဆိုင်ဖြေရှင်းတဲ့သူရှိသလို ခေါင်းရှောင်တဲ့သူလည်း ရှိတယ်ဗျ။ ကျွန်တော်တို့ဘက်က ပြောမယ်ဆို အေးအေးဆေးဆေးနေချင်တဲ့ ပြည်သူအနေနဲ့ပေါ့ ခေါင်းရှောင်တယ်ဆိုလည်း ကိုယ့်ကိုကိုယ်ဝန်ခံပါတယ်”
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ၊ ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးမှုတွေ၊ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းရိုက်ခတ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေပါ ကြုံလာရတဲ့အချိန်မှာတော့ ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်သူတွေ ပိုများလာတယ်လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေရဲ့ အနာဂတ်မသေချာတော့တာကြောင့် ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ပြင်ဆင်နေတာလို့ လုံခြုရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အာဏာသိမ်းပြီးတဲ့နောက်တော့ လူငယ်တွေရဲ့အနာဂတ် သူတို့ရဲ့ဘဝတွေက ပျောက်သွားပါတယ်။ သူတို့ဒီမှာနေမယ် လှုပ်ရှားမယ်ဆိုရင် အများကြီး ရုန်းကန်ရမယ်။ နောက်ပြီးတော့ သူတို့ရဲ့ဘဝတွေ၊ သူတို့ရဲ့အချိန်တွေ အင်မတန်နှမြောစရာကောင်းပါတယ်။ အဲဒီတော့ သူတို့လည်း နိုင်ငံခြားမှာ ကျောင်း တက်ပြီးတော့ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်တာမျိုး၊ တချို့လည်း သွားပြီးတော့ အလုပ်လုပ်တာမျိုးက သူတို့ဘဝအတွက် သူတို့ရဲ့အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တယ်လို့ မြင်ပါတယ်။ နိုင်ငံဘက်ကကြည့်ရင်တော့ Brain Drain ဦးနှောက်ယိုစီးမှုတွေ ဖြစ်တာပေါ့။ တစ်ဖက်ကကြည့်ရင်တော့ ဒီလိုပဲလူငယ်တွေက သူတို့ဘဝတိုးတက်ဖို့၊ သူတို့ရှေ့ရေးအတွက် သူတို့ လုပ်ကြရတာပေါ့နော်”
သူဟာ စစ်အာဏာသိမ်းပြီးနောက် ပုံမှန်အလုပ်အကိုင်မရှိတာ အချိန်ခြောက်လကျော်အထိ ကြာလာခဲ့ပြီလို့ ဆိုပါတယ်။
လက်ရှိမှာ အချိန်ပိုင်းအလုပ်နဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေရပေမယ့် လုပ်အားခနည်းတာနဲ့ ကုန်ဈေးနှုန်း တွေ မြင့်တက်လာလို့ ပိုမိုကျပ်တည်းလာတဲ့အတွက် ပြည်ပကိုထွက်ခွာပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေဆီ အလုပ်သမားစေလွှတ်မှုတွေကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ရပ်ဆိုင်းထားပါတယ်။
"အာဏာသိမ်းပြီးတဲ့နောက်တော့ လူငယ်တွေရဲ့အနာဂတ် သူတို့ရဲ့ဘဝတွေက ပျောက်သွားပါတယ်"
ဒါကြောင့် အခုလောလောဆယ်မှာ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံကို ထွက်ခွာချင်သူတွေရှိနေပေမယ့် တရားဝင်အနေနဲ့ ဘယ်နိုင်ငံကိုမှ တရားဝင်သွားရောက်လုပ်ကိုင်ခွင့် မရထားသေးဘူးလို့ မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအဖွဲ့ချုပ် (MOEAF) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးပီတာညွန့်မောင်က RFA ကို ပြောပါတယ်။
“အခုလောလောဆယ် တရားဝင်အနေနဲ့တော့ ဘယ်သူ့ကိုမှ ပေးမသွားသေးပါဘူး။ ပတ်စ်ပို့ရုံးမှာ တန်းစီ တယ်ဆိုတာကတော့ ပတ်စ်ပို့ရုံးတွေဖွင့်ရင် တန်းစီတဲ့အပိုင်းကတော့ရှိမယ်လေ။ ပတ်စ်ပို့ရုံးက အခုမှပြန် ဖွင့်ရင်တော့ သူ့ဘာသာတန်းစီတဲ့ အပိုင်းရှိတယ်လေ။ ပတ်စ်ပို့ရုံးက အခုမှပြန်ဖွင့်တာကိုး။ ဒါပေမဲ့ သွား တာလည်း မရှိသေးဘူး။ တရားဝင်အားဖြင့်လည်း စေလွှတ်နိုင်တာ မရှိသေးပါဘူးနော်။ လောလောလတ် လတ်ကတော့ ဘယ်နိုင်ငံမှ မရှိသေးပါဘူး။ အဲဒါကို အလုပ်သမားတွေကတော့ သွားဖို့ Ready ဆိုပြီး ပတ်စ်ပို့လုပ်ကြတာပေါ့နော်။ အခုက သတင်းတွေကြားပြီး ပွဲစားတွေကလည်း ထွက်မယ်ဘာမယ်နဲ့။ ဒီလိုနဲ့ပဲ ကလေးတွေက အနာခံရဦးမှာပေါ့နော်”
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းနဲ့ပါ ကြုံနေရလို့ အလုပ်လက်မဲ့ဦးရေ တစ်သန်းခန့်ရှိလာနိုင်ပြီး အခြားအလုပ်သမားတွေလည်း လုပ်ခလစာ လျော့ချခံရတာတွေ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၁ ဇူလိုင်လ ထုတ်ပြန်ချက်မှာ ခန့်မှန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံမှာ လုပ်သားအင်အား ၂၄ ဒဿမ ၇ သန်း ရှိနေပါတယ်။
ဒီထဲက နှစ်သန်းဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်သွားရောက်လုပ်ကိုင်နေကြရတယ်လို့ ထိုင်း နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ မလေးရှား လူသားအရင်းအမြစ် ဝန်ကြီးဌာနတို့ရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်ပြီး လုပ်ကိုင်နေသူတွေကနေ နိုင်ငံခြားဝင်ငွေ ၃ ဘီလီယံကျော်၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး GDP ရဲ့ ၄ ဒဿမ ၆ ရာခိုင်နှုန်းအထိရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။