မကွေးတိုင်း စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ

2022.07.01
မကွေးတိုင်း စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ တောထဲမှာ ရှောင်ပုန်းနေသည့် ဂန့်ဂေါမြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ တွေ့ရစဥ်
Photo: PDF - GanGaw

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်းအထက်ပိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ကျောက်ထု၊ မြိုင်၊ ရေစကြို၊ ပခုက္ကူ စတဲ့ မြို့နယ်တွေမှာ အခုနောက်ပိုင်း လက်နက်ကိုင်ခုခံမှုတွေ မြင့်တက် လာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု၊ စစ်ကောင်စီတပ် ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ ရွာမီးရှို့မှုတွေကြောင့် ဒုက္ခသည်အရေအတွက်ဟာ တစ်သိန်းနှစ် သောင်းကျော် ရှိလာပြီလို့ လက်တွေ့ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း မကွေးတိုင်း၊ ဆောမြို့နယ်၊ လယ်ကြီးအိုင်ရွာအနီးကို စစ်တပ်က စစ်ကြောင်း ထိုး ဝင်ရောက်လာတာကြောင့် ဒေသခံရွာသား ၃၀၀ လောက်ဟာ ပိုပြီးလုံခြုံမယ်လို့ ယူဆရတဲ့ ဆောမြို့ဘက်ကို တစ်နာရီလောက်ကြာအောင် ခြေလျင် လျှောက်ပြီး ထွက်ပြေးခဲ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဝင်လာတာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုအခါ ဘေးလွတ်ရာနေရာတစ်ခုမှာ ယာယီ အမိုးအကာနဲ့ ဖြစ်သလို နေထိုင်ရတဲ့ အတွက် ရာသီဥတုဒဏ်ကို နေ့စဥ်ခံစားနေရတယ်လို့ လယ်ကြီးအိုင်ရွာက ထွက်ပြေးလာတဲ့ အသက် ၅၀ အရွယ် ဦးဝင်းနိုင်က ပြောပါတယ်။

"ကားအမိုးအောက်မှာဆိုတော့ တအားပူတော့ ပူတာပေါ့။ ဖြစ်သလိုပဲ။ နေခင်းတွေ ကျတော့ အရိပ်ကလေးတွေ ရှာပြီး နေရတာပေါ့။ ကျနော်ရှိတုန်းက တစ်ခါထင်တယ် မုန်တိုင်းဝင်လို့ အကုန်ပြဲတယ်။ မိုးကာဆိုတော့ လုံးဝကို လေဒဏ်ကို မခံနိုင်ဘူး။ နေပူဒဏ်ကို လုံးဝမခံတဲ့အခါကျတော့ ဆွေးသွားတယ်လေ၊ ပြဲသွားတယ် လေလာလို့ ရှိရင်"

သူအခုလို ထွက်ပြေးနေရတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပထမ အကြိမ် ထွက်ပြေးရတာပါ။ ပထမအကြိမ်တုန်းကတော့ သူနဲ့အတူ လယ်ကြီးအိုင်နဲ့ အနီးတစ်ဝိုက်ရွာတွေက ရွာသား တစ်ထောင်နီးပါး အနီးအနားရွာတွေက စာသင်ကျောင်း တွေမှာ ယာယီခိုလှုံခဲ့ရပြီး လူများလွန်းတာ ကြောင့် နေ့စဥ် ထမင်းနပ်မှန်အောင် စားဖို့ တောင် အတော်ခက်ခဲခဲ့တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဆောမြို့နယ် လယ်ကြီးအိုင်ရွာနဲ့ အနီးတစ်ဝိုက်ကို စစ်တပ်က မကြာခဏ စစ်ကြောင်း ထိုးနေတာကြောင့် ရွာကို မပြန်တော့ဘဲ စစ်ဘေးဒုက္ခသည်စခန်းမှာပဲ ဒုက္ခမျိုးစုံကို ဆက်လက်ရင်ဆိုင်နေရသူတွေလည်း ရှိပါတယ်။

စစ်တပ်ဝင်လာချိန် ကိုယ်ဝန်နဲ့ထွက်ပြေးခဲ့ရပြီး စစ်ရှောင်စခန်းမှာပဲ မီးဖွားခဲ့ရတဲ့ သားသည် မိခင် မသီတာကတော့ သူရော သူ့ရဲ့ မွေးကင်းစ ရင်သွေးပါ ရာသီဥတုဒဏ်ကိုပါ ကြံ့ကြံ့ခံ ရင်ဆိုင်နေရတယ်လို့ မသီတာက ပြောပြပါတယ်။

"နေပူတဲ့အချိန် တအားပူတာပေါ့။ မိုးရွာတဲ့အချိန်လည်း လေတွေက အကုန်လုံး လန်ကုန်။ အဲ့တုန်းက အလှူရှင်ကလည်း မရှိသေးဘူးလေ။ မိုးကယို ခဏလေးပြောင်း နေရတာ မိုးကလည်း တအားရွာတယ်၊ လေကလည်း တအားတိုက်တယ်။ ခံရတယ်။ ပြေးလွှားနေရတာ လေတွေတိုက်၊ အမိုးတွေကလန်၊ မိုးတွေကရွာ၊ ဟိုပြေးဒီပြေးနဲ့ ပြေးနေရတာ လုံတဲ့နေရာတွေမှာ ရှာပြီးနေရတာ"

အခု ယာယီစစ်ရှောင်စခန်းမှာ ရောက်နေတာ လေးလ ရှိပြီဖြစ်ပြီး သူ့ကလေးကတော့ တစ်လသားပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာလည်း စစ်ဒဏ်အပြင် ရာသီဥတုဒဏ်ကိုပါ ဒုက္ခသည်တွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေဟာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ကျန်းမာရေးတွေပါ ထိခိုက်နေတယ်လို့ ကူညီလုပ်ဆောင်ပေးနေတဲ့ မယုကိုက ပြောပါတယ်။

"မိုးရာသီဆိုတော့ ကလေးတွေမှာ တောင်ကျရေ သောက်ရတယ်။ အခုတောထဲတွေမှာ နှမ်းခါးတို့၊ ဘာတို့က ရှောင်နေတဲ့ ကလေးတွေဆို တောင်ကျရေတွေ သောက်ရတယ်။ တောင်ကျရေက မသန့်တဲ့အခါကျတော့ ဝမ်းပျက်ဝမ်းလျှောတွေ တအားဖြစ်ကြတယ်။ ရာသီဥတုဒဏ်ရော၊ စစ်ဒဏ်ရော၊ အဲ့ကြားထဲ စစ်ဒဏ် ကြောင့်မို့လည်း နေအိမ်တွေ ဘာတွေမီးလောင်တဲ့ အနေအထားတွေ ဖြစ်ကုန်တာ ဆိုတော့လေနော်။ အဲ့တော့ တော် တော်ကြီးကို ပြည်သူတွေမှာ စိတ်ဓာတ်ရေးရာရော တအားကြီးကို ဆိုးရွားနေကြတယ်။ သူတို့ စိတ်အား ငယ်ပြီး တချို့ဆိုလို့ရှိရင် ကိုယ်တွေသွားလိုက်လို့ရှိရင် ငိုပြီးတော့ ဒီလိုမျိုးကြီး ရင်ဖွင့်လာတဲ့ အနေအထားတွေ ကြုံရတယ်"

ကုန်းတွင်းပိုင်းကျတဲ့ မကွေးတိုင်းထဲက ချင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းကြား ညပ်နေတဲ့ ဂန့်ဂေါဒေသဟာ အခုနှစ်မှာ ရာသီဥတုပိုပြင်းလာပြီး သက်ကြီးရွယ်အိုတွေ သွေးပေါင်ကျ အားနည်းမူးဝေတဲ့ ဝေဒနာတွေကို ခံစားနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်ဟာဆိုရင်လည်း လက်နက်ကိုင်ခုခံမှု မြင့်မားတာကြောင့် စစ်ကောင်စီတပ်ရဲ့ အင်အားသုံး ချေမှုန်းတာကို အပြင်းထန်ဆုံးခံရတဲ့ မြို့နယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မြိုင်မြို့နယ် ရွာရှည် (ခေါ်) ပိတောက်ကန်ရွာကို စစ်ကောင်စီ တပ်က လက်နက်ကြီးပစ်ခတ် မီးရှို့ခဲ့လို့ ရွာသား သုံးဦး သေဆုံးခဲ့ပါတယ်။

"မီးလောင်သွားတဲ့သူတွေကတော့ အခုအချိန်မှာ တောထဲမှာပဲ မိုးကာလေးတွေနဲ့ တချို့က မိုးကာတောင် မရှိဘူး"

အဲ့ဒီအချိန်က ပိတောက်ကန်ရွာသား ၃၀၀ လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးပြီး တောထဲမှာ ဖြစ်သလို ယာယီခိုလှုံခဲ့ကြရပါတယ်။

ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးချို့ယွင်းလာပေမယ့် ဆေးဝါးက အလုံအလောက် မရှိဘူးလို့ ပိတောက်ကန် ရွာသား ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"မီးလောင်သွားတဲ့ သူတွေကတော့ အခုအချိန်မှာ တောထဲမှာပဲ မိုးကာလေးတွေနဲ့၊ တချို့က မိုးကာတောင် မရှိဘူးဗျ။ အပင်လေးတွေအောက်မှာ နေကြရတယ်။ မိုးရွာတာနဲ့ ဒုက္ခရောက်တယ်။ မိုးကတော့ နေပူလိုက် မိုးရွာလိုက်ပဲ၊ အဲ့ဒါကြောင့် ကျနော်တို့မှာ ကျန်းမာရေးတွေ ချို့ယွင်းနေတာ။ ဆေးဝါးကလည်း ကျနော်တို့နားမှာ လွယ်လွယ်ကူကူ ဝယ်လို့ မရဘူး။ ကျနော်တို့နားမှာလည်း မရှိဘူး"

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆောမြို့နယ် အညာကတဲစစ်ရှောင်စခန်းမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်စခန်းတာဝန်ရှိသူက RFA ကို ပြောပါတယ်။

"ကျနော်တို့ လက်ရှိစားနပ်ရိက္ခာပါ။ ရိက္ခာ၊ နောက် အဆောက်အအုံပိုင်း မိုးကာ၊ တာပေါ်လင်တွေ လိုနေတာပါ။ ကျနော်တို့မှာ။ ကျနော်တို့က စစ်ဘေးရှောင် တည် ထောင်ကာစတုန်းက ကျေးရွာတွေကိုလည်ပြီးမှ အလှူခံပြီးကာမှ ကျွေးခဲ့ရတာ။ တခြားအဖွဲ့အစည်းတွေက ဝင်လာတာ နည်းတယ်။ တောင်တန်းဒေသက ပါစတာ တွေကို အကူအညီတောင်းပြီးကာမှ အဲ့လို အလှူခံပြီးကာမှ ကျွေးနေရတာ"

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် စင်းစယ်ကျေးရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့စဥ် (Photo: CJ)
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် စင်းစယ်ကျေးရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့စဥ် (Photo: CJ)

အညာကတဲ စစ်ဘေးဒုက္ခသည်စခန်းကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ဘေးဒုက္ခသည်တွေ လာရောက်ခိုလှုံနေကြပြီး လက်ရှိမှာ ဒုက္ခသည် ၅၇၀ ဦး ရှိပါတယ်။ ဒီစခန်းကို ပြင်ပအလှူရှင်အနည်းငယ်နဲ့ Save the Children အဖွဲ့ကပဲ ထောက်ပံ့ပေးနေ တာလို့ သူက ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ အရင်အကြိမ်တွေတုန်းကတော့ ဒုက္ခသည်တွေ အကူအညီရရှိရေးနဲ့ နေရပ်ပြန်နိုင်ရေးကို စစ်ကောင်စီက ကြိုးစားဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောခဲ့ဖူး ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က သူတို့အနေနဲ့ ပြည်တွင်းက ဒုက္ခသည်တွေကို တတ်နိုင်သ လောက် ကူညီထောက်ပံ့နိုင်အောင် ကြိုးစားနေပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။

"မကွေးတိုင်းအတွင်းမှာ အဓိက ဒီစစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့တော့ စားရေရိက္ခာ၊ အမိုးအကာအတွက် အဓိက အကူအညီတောင်းကြတာ များပါတယ်။ သူတို့လိုအပ်ချက်တွေအရ၊ ကျနော်တို့ကတော့ ရရှိလာတဲ့ စာရင်းဇယားအချက် အလက်တွေအရတော့ ချက်ချင်းထောက်ပံ့မှုတွေကို ရအောင်လုပ်ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်အားလုံးကို လွှမ်းခြုံနိုင်မှုတော့ မရသေးပါဘူး။ သဘာဝဘေးနဲ့ ပတ်သက် ပြီးတော့ အကူအညီတောင်းတာမျိုးတော့ မရှိသေးပါဘူး"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်နေ့အထိ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ဘေးဒုက္ခသည် အရေအတွက် တစ်သန်းကျော်ရှိလာပြီး အဲဒီအထဲမှာ မကွေးတိုင်းမှာ တစ်သိန်းနှစ်သောင်းကျော် ရှိနေကြောင်း မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP) က ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

နိုင်ငံတစ်ဝန်းက ဒုက္ခသည် တစ်သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအထူးသံ ပရက်ဆော့ခွန်း မြန်မာနိုင်ငံကို ရောက်ရှိနေပေမယ့် ဒုက္ခသည်တွေလက်ထဲ အကူအညီတွေ အမြန်ဆုံး မပေးနိုင်သေးဘဲ လက်တွေ့ပေးရမယ့်လုပ်ငန်းစဥ်တွေကို စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း နေဆဲ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။