မြစ်ခြေ-ကျွန်းချောင်းဒေသမှာ ထောင်နဲ့ချီတဲ့ အရပ်သားတွေ ထွက်ပြေးနေရ
2023.03.28

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ပုဂံ - ညောင်ဦး တစ်ဖက်ကမ်း တန့်ကြည့် တောင်ခြေရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ - ကျွန်းချောင်းဒေသက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် ဘေးလွတ်ရာမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ တန့်ကြည့်တောင်ဘုရား၊ လျှပ်စစ်စက်ရုံ၊ BPI စက်ရုံနဲ့ လက်ပံချောင်းရွာတွေမှာ ယာယီတပ်စွဲထားပြီး ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ အနီးအနားမှာရှိတဲ့ ကျေးရွာ ၁၅ ရွာကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
နေ့စဉ်လိုလို ဝင်ရောက်ရှင်းလင်းရုံမက တပ်စွဲထားတဲ့ နေရာတွေကနေ ကျေးရွာတွေ ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
မြစ်ခြေ - ကျွန်းချောင်းဒေသရှိ လက်ပံချောင်း၊ ကျွန်းချောင်းလေး၊ မြို့စိုး၊ ပေါက်တော၊ ချမ်းသာကြီး၊ ငွေသောင်၊ ကံကြီးစု၊ အိုင်ကြီး၊ ညောင်လှ၊ ညောင်နီပင်၊ ဆယ်လံ၊ သီရိကြီး၊ သီရိလေးနဲ့ သိမ်တော်ရွာစတဲ့ ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။
စစ်ကြောင်းဝင်လာတဲ့အခါ အန္တရာယ်ကြီးမှန်းသိပေမယ့် မကွေးတိုင်းမှတ်ပုံတင် ကိုင်ထားသူတွေကို နယ်မြေကျော် ထွက်ခွာလို့မရအောင် စစ်ဆေး ကန့်သတ်ထားတာကြောင့် အနီးအနားမှာပဲ အခက်အခဲမျိုးစုံကိုရင်ဆိုင်ပြီး လှည့်ပတ် တိမ်းရှောင်နေရတယ်လို့ အိုင်ကြီးရွာသားတစ်ဦးက ပြောပါတယ်။
"အခြားမြို့တွေ ထွက်ဖို့ရာ ဆိုတာကလည်း တချို့ကျလည်း အရေးတကြီး ထွက်ရတာဆိုတော့ မှတ်ပုံတင် မပါတာတွေ ရှိတယ်။ မှတ်ပုံတင်ပါမှ။ ဟိုးတစ်ချိန်တုန်းကဆိုရင် ကိုဗစ်ဆေးပါမှ။ ဒါမျိုးတွေ ထွက်လို့ရတာ ရှိတယ်လေ။ ဒီပုဂံညောင်ဦးလောက်ဆိုရင်လည်း သူတို့က မကွေးတိုင်းမို့လို့ မရတာနဲ့ အဲတော့ ထွက်လို့ပြုလို့ အဆင်မပြေဘူးပေါ့။ အဲတော့ ဒီကျွန်းပြင်လေးမှာပဲ တောင်ကလာ မြောက်ပြေး၊ မြောက်ကလာ တောင်ပြေး၊ အရှေ့ကလာ အနောက်ပြေး၊ အနောက်ကလာ အရှေ့ပြေးနဲ့ ဒီလိုနေရင်းနဲ့ပဲ သံသရာစက်ဝိုင်း လည်တယ်ဆိုတာ အခုမှကို အစစ် ဖြစ်နေတာပါဗျ။ သူတို့ကတော့ ဆိုင်ကယ်တွေနဲ့ လျှောက်ထွက်၊ လျှောက်ဝင်ပြီးတော့ မီးတွေ ဖြတ်ထား၊ အဲလိုမျိုးတွေဆိုတော့ ကျနော်တို့မှာ လျှပ်စစ်ပိုင်းလည်း မရ၊ ရေလည်းမရနဲ့ ဒီလိုပဲ အစာဖြတ် ရေဖြတ် ထားတာပေါ့။ အားလုံးပါပဲ တစ်နယ်တစ်ကြောလုံး ခံစားနေရတာ"
စစ်တပ်က မြစ်ခြေမြို့နဲ့ တစ်ဖက်ကမ်း ညောင်ဦးမြို့ဘက် ထွက်ခွာခွင့်ကိုပါ ပိတ်ဆို့ ကန့်သတ်ပြီး စစ်ဆေးဖမ်းဆီးနေတာလို့ သူက ဆိုပါတယ်။ အိမ်ခြေ ၇၀၀၊ လူဦးရေ သုံးထောင်ခန့်ရှိတဲ့ သူတို့ရွာကို မတ်လ ဒုတိယပတ်ထဲမှာ စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရတာ အခုဆိုရင် ဆယ်ရက်ရှိပြီလို့ သူက ဆက်ပြောပါတယ်။ သူတို့ရွာကို ညနေ ၅ နာရီကနေ မနက် ၅ နာရီအထိ လျှပ်စစ်မီး ဖြတ်တောက်ထားတာကြောင့် ရေလည်း တင်လို့မရဘဲ သောက်သုံးရေကအစ ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။
တချို့ရက်တွေမှာ တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားရပြီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေစရာ ထိုင်စရာကအစ ခက်ခဲလွန်းတာကြောင့် မိုးရာသီရောက်လာမှာကို စိုးရိမ် ပူပန်နေရတယ်လို့ လက်ပံချောင်း ရွာသားတစ်ဦးက ပြောပါတယ်။
"စားဝတ်နေရေးကတော့ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းပြီးတော့ နည်းနည်းပါးပါး ဖြစ်သလို စားကြ၊ သောက်ကြ အဲလိုလေးတွေ နေကြရတာပေါ့။ သူ့ဟာလေးနဲ့ သူ၊ ကိုယ့်ဟာလေးနဲ့ ကိုယ် တစ်ယောက်မရှိ တစ်ယောက် ရိုင်းပင်းပြီးတော့ ကျနော်တို့ တတ်နိုင်သလောက်လေး လုပ်ရတာပေါ့။ လူတွေ ဒုက္ခရောက်တာတော့ အခုဆိုရင် မိုးကျမှာကို ကြောက်နေရတာပေါ့။ အကုန်လုံးက မိုးကျလာရင် အကုန် ဒုက္ခရောက်တော့မှာလေ။ သွားတာ လာတာလည်း အဆင်မပြေတော့ဘူး။ သွားရေးလာရေးကအစ။ ကျန်းမာရေး အခက်အခဲရော ဘာရော ပိုလာတော့မှာပေါ့။ ကလေးတွေဆို လေစိမ်းတိုက်တော့ ဝမ်းဖောဝမ်းရောင် ဖြစ်တာတို့ ဘာတို့ကအစ ရင်ဆိုင်နေရတာပေါ့ဗျာ။ တော်တော် ဆိုးဆိုးပါ။ တော်တော်လေးကို ဆိုးပါတယ်။ ကျနော်တို့ ဒီမှာ ဒုက္ခရောက်နေတဲ့ လူတွေလည်း တော်တော်များပါတယ်"
သူတို့ရွာက လူငါးဦးကို ဒီလထဲမှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် ၁၇ အနှစ်အရွယ် လူငယ်တစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားနှစ်ဦးကို ဆက်ဖမ်းထားပြီး နှိပ်စက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။ လက်ပံချောင်းရွာမှာ အခုချိန်ထိ စစ်တပ်က အခြေချ တပ်စွဲထားတာကြောင့် တစ်ရွာလုံးနီးပါးရှိတဲ့ လူဦးရေ နှစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။
" အကုန်လုံးက မိုးကျလာရင် အကုန် ဒုက္ခရောက်တော့မှာလေ။ သွားတာ လာတာလည်း အဆင်မပြေတော့ဘူး။"
စစ်ကောင်စီတပ်က မတ်လ ၅ ရက်နေ့ မြို့စိုးရွာကိုဝင်ချိန်မှာ PDF တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီနောက်ပိုင်းမှာ အနီးအနား ကျေးရွာတွေကို ပိုပြီးအင်အားသုံး ရှင်းလင်းလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ကျွန်းချောင်း လျှပ်စစ်စက်ရုံ အပါအဝင် နေရာတချို့မှာ အခြေချတပ်စွဲထားပြီး ကျေးရွာတွေကို ပိုက်စိပ်တိုက် ရှင်းလင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခုကတော့ ကျွန်းချောင်းတစ်လျှောက်လုံးမှာ စစ်တပ်က အကုန်လုံးဖြန့်ပြီး နေရာယူထားတယ်ပေါ့။ ကျွန်းချောင်း က ပြည်သူတွေ အကုန်လုံးတော့ ပြေးနေရတယ်။ စစ်တပ် ထိုင်ထားတော့လေ။ စစ်တပ်က BPI မှာ ထိုင်တယ်။ ပြီးရင် EPC မှာ ထိုင်တယ်။ ကျွန်းချောင်း လျှပ်စစ်စက်ရုံထဲမှာ ထိုင်တယ်။ အဲနှစ်ခု ထိုင်ပြီးကာကျမှ ဒီကျွန်းချောင်း တစ်လျှောက် အကုန်လုံးကို သူတို့ တရစပ် နယ်မြေရှင်းလင်းနေတယ်ပေါ့"
မြစ်ခြေ-ကျွန်းချောင်းဒေသက ကျေးရွာတွေဟာ တချို့က အနည်းဆုံး အိမ်ခြေ ၂၀၀ ကနေ ၃၀၀ ထိ ရှိပြီး၊ တချို့က အိမ်ခြေ ၅၀၀ ကနေ ၆၀၀ အထိရှိတယ်လို့ သူက ပြောပါတယ်။ နယ်မြေရှင်းလင်းရေးကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံ အတော်များများ ဖမ်းဆီးခံထားရပြီး အရေအတွက် အတိအကျကို စာရင်းမကောက်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဗိုက်ဘာကတစ်ဆင့် စာရေးမေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
မြစ်ခြေ-ကျွန်းချောင်းဒေသက ညောင်လှရွာသားတစ်ဦးကတော့ စိုးရိမ်ထိတ်လန့်ပြီး ရှောင်တိမ်းနေရတာကြောင့် စားဝတ်နေရေးအတွက် လုပ်ကိုင်ရတဲ့ စိုက်ပျိုး၊ မွေးမြူရေး အလုပ်တွေလည်း ဆုံးရှုံးနစ်နာရတယ်လို့ RFA ကို ပြောပါတယ်။
"သိမ်းချိန်မှာ သူတို့က လေယာဉ်နဲ့ လာထုတယ်ပေါ့ဗျာ။ လာထုတော့ကျ ကျနော်တို့ ဗြုန်းစားကြီး ပြေးကြရတာဆိုတော့ ဒီအတိုင်း တိရစ္ဆာန်တွေ ဒီအတိုင်း ထားခဲ့ရတာဆိုတော့ တိရစ္ဆာန်တွေကလည်း သူတို့ သွားချင်ရာသွား၊ စားချင်ရာ စားဆိုတော့ ယာခင်းထဲတွေ ဝင်စားတော့ကျတော့ တော်တော်များများ ပျက်စီးသွားတာပေါ့။ သိမ်းရမယ့်ဟာ မသိမ်းလိုက်ရတာပေါ့။ ကျနော်တို့ ဆီကတော့ ပဲနီ၊ စွန်တာနီ ခေါ်တာပေါ့ ပဲနီလုံးပေါ့။ အဲတော့ တိရစ္ဆာန်တွေက စားတော့ကျ ယာခင်းလည်း ပျက်ဆီးတယ်။ စားမိတဲ့ တိရစ္ဆာန်တွေကျ တောက်ပြီး သေတာတွေ ဘာတွေဖြစ်တော့ တိရစ္ဆာန်လည်း ဆုံးရှုံးတယ် တောင်သူလယ်သမားလည်း ဆုံးရှုံးတယ် အဲလို ဖြစ်သွားကြတာ"
အိမ်ခြေ ၃၆၉ လုံးနဲ့ အိမ်ထောင်စု ၄၆၀ ရှိတဲ့ သူတို့ရွာသား အားလုံး နီးစပ်ရာ တောင်ခြေနဲ့ တောစပ်အနီးမှာ ဖြစ်သလို တဲထိုးပြီး နေထိုင်ရတယ်လို့ သူက ဆိုပါတယ်။ လက်ရှိအချိန်ထိ သူတို့ရွာဘက်ကို ပစ်ခတ်နေတဲ့ လက်နက်ကြီးသံတွေနဲ့ သေနတ်သံတွေကို ကြားနေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျေးရွာတွေကို မီးရှို့တာ၊ ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ နိုင်ငံတကာ သံတမန်တွေကို ပြောဆိုထားပေမယ့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ မိန့်ခွန်းမှာရော စစ်ကောင်စီအဖွဲ့ အစည်းအဝေးတွေမှာပါ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ NUG၊ PDF တွေကို တိုက်ခိုက် နှိမ်နင်းသွားမယ်လို့ မကြာခဏ ထုတ်ပြောထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မတ်လ ၂၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း တစ်သန်း ခုနစ်သိန်းကျော် ရှိနေပါပြီ။