စစ်ကြောင်းထိုး မီးရှို့လို့ မြောင်နဲ့ ရေစကြိုက လူတစ်သောင်းကျော် ထွက်ပြေးရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အစပ်က ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် တမခ -၁၀၁ က အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းနေပါတယ်။
-
RFA Burmese
2025-03-02 -
-
-
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အစပ်က ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို မတ်လ ၂ ရက်နေ့ ဒီနေ့မှာပဲ ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် တမခ -၁၀၁ က အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းနေတာကြောင့် လူတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေက RFA ကို ပြောပါတယ်။
"ဆယ်ရွာလောက်ရှိတဲ့ ပြည်သူတွေက ဘေးလွှတ်ရာကို ရှောင်တိမ်းနေရတယ်"
မြောင်မြို့နယ်က မြစ်ဆုံ၊ ရွှေလှံ၊ သုခဒီပရွာနဲ့ ရေစကြိုမြို့နယ်က ရွာသစ်၊ မာလကာခြံ၊ မီးလောင်ကျွန်းစတဲ့ ရွာတွေကလူတွေ ထွက်ပြေးနေရတာပါ။ အဲဒီ စစ်ကြောင်းဟာ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
"ဒီနေ့ဆိုလို့ရှိရင် စစ်ကောင်စီက မြောင်နဲ့ ရေစကြိုအစပ်က မာလကာခြံရွာနဲ့ မြေစွန်းရွာကို အခု မီးရှို့နေပြီ၊ လူကတစ်သောင်းကျော်ကျော် တစ်သောင်းခွဲလောက် ရှိတာပေါ့နော်၊ ပြန်လို့လည်း မရတော့ဘူး။ စစ်ကောင်စီက ရှေ့လည်းဆက်မတက်၊ နောက်လည်းမဆုပ်တဲ့ အခါကျတော့ ဒီနေ့ လောလောဆယ်ကတော့ စစ်ကြောင်းအင်အား နှစ်ရာလောက်နဲ့ ထိုးနေတာ၊ လေကြောင်းကတော့ တောက်လျှောက်လိုက်ပြီးတော့ ပစ်ပေးနေတယ်ပေါ့"
လတ်တလောမှာ စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက်ကို အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
မကွေးတိုင်း မြို့နယ်သုံးခုမှာ စစ်ကြောင်းတွေကြောင့် လူနှစ်သောင်းခန့် ထွက်ပြေးနေရ
မကွေးတိုင်းမှာ တစ်လအတွင်း PDF တွေအပါအဝင် သုံးဆယ်နီးပါးသေဆုံး
စစ်ကောင်စီတပ် စီးနင်းဝင်ရောက်လို့ ရေစကြိုဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ နေ့က ရေလယ်ကျွန်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီ တပ်သားတချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုး စီးနင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ လတ်တလော တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကြည်းကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ မြောင်မြို့နယ်အခြေစိုက် 11 Brothers Revolution Forces ကာကွယ်ရေးတပ်က တာဝန်ရှိသူ ကိုဆာဂျင်က ပြောပါတယ်။
"မတ်လ ၂ ရက်နေ့ အစောကြီးဗျ၊ မနက် ခြောက်နာရီလောက် စစ်ကြောင်းထိုးလာတယ်ဗျ၊ အခုချိန်မှာ ရွာထဲကိုဝင်ပြီး မွှေနေတယ်ဗျ၊ ဆယ်ရွာလောက်ရှိတဲ့ ပြည်သူတွေက ဘေးလွှတ်ရာကို ရှောင်တိမ်းနေရတယ်။ စစ်ကြောင်း အရမ်းထိုးလာတယ်ဗျ၊ ရွာသစ်နဲ့ သုခဒီပပေါ့ဗျာ။ အဲဒီဘက်ကို စစ်ကြောင်းထိုးလာတယ်၊ အခုပြည်သူတွေက မနေရဲတော့ဘူးဗျ၊ ကပ်ရပ်ရွာတွေလည်း မနေရဲတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လေကြောင်းရန် အန္တရာယ်နဲ့မို့ မနေရဲတော့ဘူးဗျ၊ စစ်ဘေးဒုက္ခရောက်နေတဲ့ဦးရေ တစ်သောင်းကျော်လောက် ရှိတယ်ဗျ"
အခု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်နဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ သူတွေအနေနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် အရေးကူညီနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
"မကွေးတိုင်း ရေစကြိုအစပ်ရယ်၊ စစ်ကိုင်းတိုင်း၊ မြောင်နယ်အစပ်ဗျ၊ မြောင်နယ်က ရွာတွေလည်းပါသလို၊ မကွေးတိုင်း ရေစကြိုနယ်က ရွာတွေလည်း ပါသေးတယ်ဗျ၊ စစ်ဘေးရှောင်နေရတာဗျ၊ အခု စစ်ဘေးရှောင်တွေကတော့ စားနယ်ရိက္ခာပေါ့နော်၊ ရှောင်နေရတာဆိုတော့ ရိက္ခာတွေ လိုအပ်တယ်ပေါ့နော်"
လက်ရှိဖြစ်ရပ်မှာ နေအိမ်တချို့ ပျက်စီးပြီးနဲ့ အိမ်မွေးတိရစ္ဆာန်တချို့လည်း ထိခိုက်သေဆုံးတယ်လို့ သူက ပြောပါတယ်။
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာနဲ့အတူ စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာနေသလို တစ်ဖက်မှာလည်း စစ်ဖြစ်နေတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ကောင်စီက စားနပ်ရိက္ခာ သယ်နိုင်တဲ့လမ်းတွေကို ပိတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ ပိုပြီးကျပ်တည်းလာတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် များပြားလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။