နိုင်ငံရေးလှုပ်ရှားသူတွေ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံနေရဆဲ
2023.04.19
စစ်ကောင်စီက ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသား သုံးထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် တစ်ဖက်မှာတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေဆဲလို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
နှစ်ဆန်းတစ်ရက်နေ့က ပြန်လွှတ်ပေးတဲ့ အကျဉ်းသား သုံးထောင်ကျော်မှာလည်း ရာဇဝတ် အကျဉ်းသားတွေသာ များလွန်းပြီး နိုင်ငံရေးအကျဉ်းသားတွေထဲက ဦးသက်တင်၊ ဦးကြည်အောင်နဲ့ NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းတို့ သုံးဦးသာ ပြန်လွတ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက RFA ကို ပြောပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ မတ်လ ၁ ရက်ကနေ ဧပြီ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူပေါင်း ၃၅ ဦး ရှိပါတယ်။
သူတို့ထဲမှာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး လေးဦး ပါဝင်ပြီး အနည်းဆုံး ထောင် ၁၀ နှစ်ကနေ အများဆုံး ထောင်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရတာပါ။
ထောင်ချခံရသူအများစုက စစ်ကိုင်းတိုင်းကဖြစ်ပြီး ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်က တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေ၊ CDM ဆရာ၊ ဆရာမတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော်အမတ်တွေ ပါဝင်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်ကို ဝေမိုးနိုင်ဆိုရင် မုံရွာထောင်တွင်းတရားရုံးကနေ ဧပြီလ ၅ ရက်နေ့က ထောင် ၃၄ နှစ် တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက်တာကြောင့် အများဆုံးဖြစ်တဲ့ ထောင်ဒဏ် နှစ် ၂၀ ကို ကျခံရဖို့ ရှိနေပါတယ်။
"ဒီလမ်းကို ရွေးပြီဆိုကတည်းက ပြတ်ပြတ်သားသား သိတယ်ဗျာ။ ကိုယ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ် ကျခံရတယ် ဆိုတဲ့ဟာ"
ကိုဝေမိုးနိုင်ကို အမိန့်ချတဲ့နေ့မှာပဲ ကိုမိုးပြည့်စုံအပါအဝင် မုံရွာမြို့က တက္ကသိုလ် ကျောင်းသား ခုနစ်ဦးလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး မုံရွာထောင်ကနေ မိသားစုနဲ့ဝေးရာ အခြားအကျဉ်းထောင်တွေဆီ ပြောင်းရွှေ့ခံရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အသက် ၂၀ ကျော် လူငယ်တစ်ဦးကို ထောင်နှစ်ရှည် ချလိုက်တဲ့အတွက် ဘဝတစ်ခုလုံး ထိခိုက်နစ်နာရတယ်လို့ ထောင် ၃၄ နှစ် အမိန့်ချခံရတဲ့ ကိုမိုးပြည့်စုံရဲ့ ဦးလေး ဦးအောင်နေမျိုးက RFA ကို ပြောပါတယ်။
“ဒီလမ်းကို ရွေးပြီဆိုကတည်းက ပြတ်ပြတ်သားသား သိတယ်ဗျာ။ ကိုယ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ် ကျခံရတယ် ဆိုတဲ့ဟာ၊ ဒါပေမဲ့ ကိုယ်မလုပ်တဲ့ဟာအတွက်ကတော့ သက်သက်ကြီး နာမည်ဖျက်မှု၊ ဂုဏ်သိက္ခာ ကျဆင်းမှု အတွက်ရော၊ ပြီးတော့ တစ်ဘဝလုံး နစ်နာသွားရမယ့် ဒီလိုမျိုးချည်း ကျခံလိုက်ရတာကတော့ ကျနော်လည်း မကြိုက်ဘူးဗျ။ စိတ်လည်း မကောင်းဘူး။ တူတော်မောင်အတွက်လည်း ဝမ်းနည်းရတယ်ပေါ့နော်”
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကိုမိုးပြည့်စုံဟာ မုံရွာမြို့ လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ သူတစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြစဉ် အခြား ဗကသကျောင်းသားတွေနဲ့အတူ ရဲနဲ့ စစ်တပ်က ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ကျောင်းသားလူငယ်တွေကို အသက်အရွယ်ထက် ပိုများတဲ့ ထောင်နှစ်ရှည်တွေ ချမှတ်လိုက်တာဟာ အာဏာဆက်လက်တည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်က ပြောပါတယ်။
“ဒါတွေ ဒါတွေ ဖြစ်လာတာသည် စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုကြောင့် ဖြစ်လာတာတွေ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အာဏာကို မင်းအောင်လှိုင်က မတရား မသိမ်းယူခဲ့ဘူးဆိုရင် ဒီကိစ္စတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ အရာအားလုံးဟာ သူ့မှာ အပြစ်ရှိနေတာ ဖြစ်တယ်။ ဘာဖြစ်လို့ ရက်ရက်စက်စက် နှစ်တွေ အများကြီး ချလိုက်သလဲဆိုရင် သူက သူ့ရဲ့ အာဏာတည်မြဲရေးကိုပဲ အဓိကထားနေတယ်ဆိုတာက သိသာလွန်းနေတယ် ပေါ့လေ”
ကိုရှင်းသန့် ကိုယ်တိုင် ကိုဝေမိုးနိုင်တို့နဲ့ အမှုတွဲတူ အဖမ်းခံရပြီး မုံရွာထောင်ထဲမှာ လအတော်ကြာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။
မုံရွာမြို့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် တက္ကသိုလ်ကျောင်းသား အများစုကို စစ်ကောင်စီက နိုင်ငံရေးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ဓားပြမှု၊ လက်နက်မှု၊ နာကျင်စေမှု၊ လူသတ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စတဲ့ အမှုပေါင်းများစွာနဲ့ ပုဒ်မမျိုးစုံတပ်ပြီး ထောင်နှစ်ရှည်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။
အခုလို ပုဒ်မမျိုးစုံတပ်ပြီး ထောင်နှစ်ရှည် ချမှတ်နေတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“၁၉၇၃ ခုနှစ် စကားရပ်များ ဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုခြင်း ဥပဒေ ပုဒ်မ-၂၂ အရ ပြုလုပ်မှုတစ်ခုကို ပုဒ်မတစ်ခုနဲ့ပဲ ဆွဲရမယ်။ ဥပေဒတစ်ခု ပုဒ်မတစ်ခုနဲ့ပဲ ဆွဲရမယ်။ အဲဒါတွေကို အမှုတွေပွားပြီး စွဲဆိုတာသည် ဥပဒေနဲ့အညီ မဟုတ်ဘူး၊ ဒါ တစ်အချက်။ ပြစ်မှုနဲ့ ပြစ်ဒဏ် ညီမျှခြင်း၊ မညီမျှခြင်းသည် တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားအပေါ်မှာ မူတည်တယ်။ ကျနော်တို့ ဥပဒေသမားရဲ့အမြင်ကတော့ မျှတမှု မရှိဘူးလို့ ဒီအတိုင်းပဲ မြင်တယ်”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အပြစ်ရှိသူတွေကိုသာ ဥပဒေအရ အရေးယူ အပြစ်ပေးတာလို့ ပြီးခဲ့တဲ့နှစ်က RFA ကို ပြောခဲ့ဖူးပါတယ်။
စစ်တပ်အာဏာသိမ်းတာကို မကြိုက်လို့ ဆန့်ကျင်သူတွေကို ဖိနှိပ်နေပေမယ့်လည်း လူငယ်တွေက နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များ သပိတ်ကော်မတီက မဂျူဝယ်လ်က RFA ကို ပြောပါတယ်။
“တော်လှန်ပုန်ကန်နေတဲ့ လူငယ်တွေကို သူတို့တွေက အကြမ်းဖက်နည်းလမ်းတွေကို သုံးပြီးတော့ ရရင်ရသလို ဖြိုခွဲတယ်၊ ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်။ ဖမ်းမိတဲ့ လူတွေကိုလည်း ထောင်ဒဏ်တွေ နှစ်ရှည်တွေ ချပြတယ်။ လူငယ်တွေ ကြောက်ပြီးတော့၊ သူတို့တွေကို ဆက်ပြီးတော့ မတော်လှန်အောင် လုပ်တဲ့သဘောပေါ့၊ ဒါပေမဲ့ လူငယ်တွေကတော့ ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ အသက်ပေးပြီးတော့တောင် လက်နက်ကိုင်တော်လှန်နေတာ ဖြစ်တဲ့အတွက် ဒီလိုမျိုး ထောင်ဒဏ်နှစ်ရှည် ချမှတ်တာလောက်ကတော့ ဘယ်သူမှ စာဖွဲ့နေမှာ မဟုတ်ပါဘူး”
လူငယ်တွေကတော့ တစ်နေ့မှာ လွတ်မြောက်မယ်၊ တစ်ချိန်မှာ ရည်ရွယ်ချက်ပန်းတိုင် ရောက်ရှိမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တောင့်ခံနေမှာ ယုံကြည်တယ်လို့လည်း မဂျူဝယ်လ်က ပြောပါတယ်။
လူတစ်ယောက်ကို ထောင်ထဲမှာပဲ အသက်ဆုံးသွားအောင် ထောင်နှစ်ရှည်တွေ ချမှတ်နေတာဟာ ရာဇဝတ်မှု၊ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“အာဏာရှင်လက်ထက်မှာတော့ အာဏာရှင်က သူ့ရဲ့အာဏာမြဲဖို့အတွက် ဆိုပြီးတော့ အသံထွက်တဲ့ ပြည်သူတွေကို ဒီလိုပဲ မတရား ပြစ်ဒဏ်ခတ်မှာပဲပေါ့နော်။ ဒါတွေကတော့ လူ့အခွင့်အရေး ရှုထောင့်က ကြည့်ရင်တော့ ဒါတွေလည်း ရာဇဝတ်မှုတွေပဲပေါ့နော်။ ဒီစစ်တပ်က လူသတ်တယ်၊ မတရား ထောင်ချတယ်။ နောက် လူတစ်ယောက်ကို ထောင်ထဲမှာပဲ ချုပ်ငြိမ်းသွားအောင် နှစ်ရှည်ထောင်ဒဏ်တွေ ချပြီးတော့ အဲဒီလိုမျိုး ပြစ်ဒဏ် ပေးတာပေါ့နော်။ ဒါတွေကလည်း လူ့အခွင့်အရေး ရှုထောင့်အရ အင်မတန်မှ လွဲမှားတယ်။ ပြဿနာ ရှိတယ်ပေါ့”
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အဖမ်းခံခဲ့ရသူ ၂၁,၄၀၃ ဦးရှိပြီး၊ အဲဒီအထဲက ၁၇၄,၉၉ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။ သူတို့အထဲက ၅,၆၀၁ ဦးကတော့ ပြစ်ဒဏ်မျိုးစုံ အမိန့်ချခံထားရပြီး ဖြစ်ပါတယ်။