နိုင်ငံရေးအကျဉ်းသားခုနစ်ဦး ထောင်ပြင်မှာ ပစ်သတ်ခံခဲ့ရကြောင်း တစ်နှစ်ကျော်မှသိရ
2024.04.03
(Update: 9:15 pm April 5, 2024)
အင်းစိန်ထောင်မှာဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားခုနစ်ဦးကို အပြင်ကိုခေါ်ထုတ်သွားချိန် ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ မိသားစုတွေနဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက်နှစ်ဆယ်ကျော် ကိုအောင်ခန့်ဖြိုး (ခ) ကိုမိုးတိမ်၊ ကိုပြည့်ဖြိုးငြိမ်း၊ ကိုညီညီထွေးနဲ့ အသက်ငါးဆယ်အရွယ်တွေဖြစ်တဲ့ ဦးချစ်ကို၊ ဦးအောင်ဇော်လင်း၊ ဦးတင်စိုးနဲ့ ဦးအေးသိန်းတို့ ဖြစ်ပါတယ်။
"တစ်ဆင့်ခံအရ သူတို့ဆီက အတည်ပြုချက်ရတယ် အသတ်ခံရတယ်ဆိုတာ"
သူတို့ဟာ စစ်မှုထမ်းဟောင်း၊ ဌာနဆိုင်ရာဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရပြီး တစ်ပတ်ကျော်အကြာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လက်နက်တွေရှိတဲ့နေရာကို လိုက်ပြဖို့ဆိုပြီး အင်းစိန်ထောင်ကနေ ခုနစ်ဦးလုံးကို ခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်တာလို့ သတ်ဖြတ်ခံရသူတွေထဲက မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ခုနစ်ရက်နေ့မှာ အဖမ်းခံရတယ်။ ၁၄ ရက်နေ့ အင်းစိန်ထောင်ရောက်ပြီဆိုလို့ ဆက်သွယ်ကြည့်တော့ ဟုတ်တယ်။ သူတို့အကုန်ရောက်နေကြတာ။ အဲဒီကနေ တစ်နှစ်လောက် အဆက်အသွယ်မရတော့လို့ မေးကြည့်တော့မှ ခုနစ်ဦးလုံး အဖမ်းခံရတဲ့လမှာပဲ သေပြီလို့ပြောတယ်။ ဒီသေပြီဆိုတဲ့ သတင်းကိုတောင် ကျွန်မတို့က အခုလ ဧပြီလ ၁ ရက်နေ့ကမှ သိရတာပါ"
စစ်ကောင်စီဘက်က မိသားစုဝင်တွေကို ဒီနေ့အထိ အကြောင်းကြားတာမရှိသလို အင်းစိန်ထောင်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာလည်း တိတိကျကျပြန်မဖြေဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကတော့ မိသားစုဝင်တွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းတော့မှ သေဆုံးသွားကြောင်း သိရတာလို့ RFA ကို ပြောပါတယ်။
“တိုက်ရိုက်တော့ ကျွန်တော်တို့ အဆက်အသွယ်က လောလောဆယ်တော့မရှိသေးဘူး မိသားစုနဲ့ပေါ့နော်။ တစ်ဆင့်ခံအရ သူတို့ဆီက အတည်ပြုချက်ရတယ် အသတ်ခံရတယ်ဆိုတာ"
အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်အရ သေဆုံးသွားသူ ခုနစ်ဦးစလုံးကို တရားရုံးတင် စစ်ဆေးတာမျိုးမရှိသလို ဘာပုဒ်မတွေနဲ့ အရေးယူထားတယ်ဆိုတာလည်း အသိမပေးဘူးလို့ ဆိုပါတယ်။
ICRC ကတော့ မိသားစုဝင်တွေပျောက်ဆုံးနေရင် သူတို့ကိုဆက်သွယ်နိုင်ပေမယ့် အဲဒီအချက်အလက်တွေကို မိသားစုဝင်တွေကိုသာ ပြန်လည်အသိပေးမှာဖြစ်တာကြောင့် ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့အဆင်မပြေကြောင်း RFA ကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကတော့ ဒါဟာ ထောင်တွင်းလူသတ်မှုဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက သာမန် လူ့အခွင့်အရေးချိုးဖောက်မှုလို့ မမြင်ဘဲ ထောင်တွင်းမှာ ဖြစ်တယ်ဆိုရင် ထောင်တွင်းလူသတ်မှုပေါ့။ အပြင်မှာ ဖြစ်တယ်ဆိုရင်လည်း ဒါက လူသတ်မှုမြောက်တယ်ပေါ့။ လူတစ်ယောက်၊ နှစ်ယောက်ကို သတ်တာမဟုတ်ဘူး။ များစွာသောလူတွေကို သတ်တဲ့အတွက်ကြောင့်မို့ ဒါသည် အင်မတန်နက်ရှိုင်းတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်"
NUG အနေနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားသလို နိုင်ငံတကာ တရားစီရင်ရေးစနစ်တွေနဲ့ အရေးယူနိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးသလိုအကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အဲဒီထဲမှာ ထောင်ထဲမှာ အသတ်ခံရသူ ၁၈ ဦးနဲ့ ဆေးကုသခွင့်အပြည့်အ၀မရလို့ သေဆုံးရသူ ၁၆ ဦး ပါဝင်ပါတယ်။
(အယ်ဒီတာမှတ်ချက်။ သတင်းအချက်အလက်များ၏ ရင်းမြစ်ကို ကာကွယ်ရန်အတွက် မူရင်းဆောင်းပါးကို ပြန်လည်တည်းဖြတ်ထားပါသည်။)