ဆန္ဒပြပွဲတွေ ဖြိုခွဲတဲ့လုပ်ရပ်နဲ့ ဥပဒေရှုထောင့်

ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021.02.21

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်သားနဲ့ ရဲသားတွေဟာ ဆန္ဒပြ ပြည်သူလူထုကို အင်အားသုံး ရိုက်နှက်ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်လာနေပါတယ်။ ရပ်ကွက်ကို လုံခြုံရေးကင်းစောင့်နေတဲ့ အရပ်သားတွေကိုတောင် အကြမ်းဖက်ပစ်ခတ်တာတွေ လုပ်လာပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မန္တလေးဆန္ဒပြပွဲအတွင်း စစ်သားနဲ့ ရဲသားတွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညမှာပဲ ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက် လုံခြုံရေးတာဝန်ယူနေတဲ့ ကင်းသမားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ ပစ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

အထင်ရှားဆုံး ဖြစ်ရပ်ကတော့….ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆုံးပါးသွားခဲ့ရတာပါပဲ။

ဒီလို လူထုဆန္ဒပြပွဲတွေမှာ လုံခြုံရေးယူထားတဲ့ စစ်သားနဲ့ ရဲသားတွေရဲ့အကြမ်းတမ်းဆုံး ဖြိုခွင်းမှုတွေဟာ နိုင်ငံတကာ ဥပဒေတွေမှာ ပြဌာန်းထားတဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ညက ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ကိုယ်ထူကိုယ်ထ လုံခြုံရေး ကင်းစောင့်နေတဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ ဦးခေါင်းကို ရပ်ကွက်ထဲ ဝင်လာတဲ့ ရဲကားတစ်စီးပေါ်ကနေ သုံးချက်တိတိ သေနတ်နဲ့ ပစ်သွားတာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီညက ရဲကားပေါ်မှာ သေနတ်တွေနဲ့ ချိန်ထားတဲ့ ရဲ ငါးယောက်နဲ့ အရပ်ဝတ်လူ နှစ်ယောက် ပါလာတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းလည်း ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကကော ဘယ်လို မြင်ပါသလဲ။

အာဏာသိမ်းစစ်တပ်ကနေ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိနေပေမယ့်.. စစ်အာဏာရှင် ပြုတ်ကျရေး လှုပ်ရှားမှုတွေဟာ အရှိန်ကျမသွားတဲ့အပြင် ဖေဖော်ဝါရီလ ၂၂ ရက်ကို ပြည်လုံးကျွတ် အထွေထွေ လူထုသပိတ်ဆင်နွှဲဖို့ အားခဲထားကြပါတယ်။ အဓိကကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုကြမှာဖြစ်ပါတယ်။

ဒီအထွေထွေ သပိတ်ကြီးကိုလည်း အာဏာသိမ်း စစ်တပ်က ဖြိုခွင်းမယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်နေပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေတွေနဲ့ လုံးဝကိုက်ညီမှု မရှိဘူးလို့ နော်ဝေနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင် ဦးမင်းလွင်ဦး ကလည်း ပြောလာပါတယ်။

အခုဆိုရင် အာဏာသိမ်းစစ်တပ်ဟာ ဆန္ဒပြပြည်သူလူထုတွေကို ဖမ်းဆီးအရေးယူတာတွေကို ကြမ်းကြမ်း တမ်းတမ်းပဲ လုပ်လာပါတယ်။ ပြည်မြို့ မြို့လယ်ခေါင်း စတိုးဆိုင်တွေကို ညအခါမှာ လုံခြုံရေး တာဝန်ယူထားတဲ့ စစ်သား ရဲသားတွေဟာ အုပ်စုနဲ့ဝင်ပြီး တံခါးတွေကို ရိုက်နှက်ချိုးဖျက် ဝင်ရောက်ဖို့ ကြိုးစားတာတွေကို လုပ်လာတဲ့ မှတ်တမ်းတွေ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ညက လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ရုပ်ရှင်သ ရုပ်ဆောင် လူမင်းရဲ့ နေအိမ်တံခါးကို ဖျက်ဆီးပြီး လူမင်းကို ဖမ်းဆီးသွားတယ်လို့ ဇနီးဖြစ်သူ ခင်စံပယ်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့် ပြောကြားခဲ့ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြ ပြည်သူလူထု ဘယ်လောက်ကို ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ (၅၆၉) ဦးထိ ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားကြောင်းပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-21 20:24

Every one must come out to street and strike to military coup as final fighting for democracy