လိုင်ဇာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.10
လိုင်ဇာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ပြော မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများကို ၂၀၂၃ အောက်တိုဘာ ၁၀ ရက်နေ့က မြေမြှုပ်သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတာကို တွေ့ရစဉ်။
AFP

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ သုံးမိုင်လောက်အကွာမှာရှိတဲ့ မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်မှာ၊ ပေါက်ကွဲမှုကြောင့် ကလေးသူငယ် ၁၁ ဦး အပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး၊ ၅၇ ဦး အထိ ဒဏ်ရာရခဲ့တဲ့အကြောင်း KIA အဖွဲ့နဲ့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ လိုင်ဇာမြို့အနီးက စစ်ဘေးဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူတွေ ဒဏ်ရာရခဲ့တဲ့အကြောင်း သိရတဲ့အတွက် အလွန်မှပဲ စိုးရိမ်ပူပန်မိပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းတွေဟာ ခိုလှုံစရာနေရာတွေ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ ဆိုတာဟာလည်း ဘယ်နေရာမှာရောက်နေနေ ပစ်မှတ်ထား တိုက်ခိုက်စရာ မဟုတ်ပါဘူးလို့ ဖော်ပြထားပါတယ်။

“စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ၊ ရာဇဝတ် ဂိုဏ်းတစ်ခုလို ကျင့်ကြံနေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ညွှန်ပြနေပါတယ်” မစ္စတာ တွမ်အင်ဒရူး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်

ဒီကချင် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို တိတိကျကျ သိရဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပေမဲ့၊ ဒါဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေထဲက တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက RFA ကို ပြောပါတယ်။

“မနေ့က ဖြစ်သွားတဲ့ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းအချက် အလက်တွေ ထပ်ပြီးရရှိဖို့ ကြိုးစားနေပါတယ်။ ဒီဖြစ်ရပ်က အပြစ်မရှိတဲ့ အရပ်သား ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု ဖြစ်တာ သေချာပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာစစ်တပ်က အရပ်သား ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ ကျယ်ပြန့်တဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ၊ ရာဇဝတ် ဂိုဏ်းတစ်ခုလို ကျင့်ကြံနေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ညွှန်ပြနေပါတယ်။”

အရပ်သားတွေဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“KIO ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အနီးက စစ်ဘေးဒုက္ခသည်စခန်းဟာ တိုက်ခိုက်ခံလိုက်ရတာ သေချာပါတယ်။ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက် အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။ ကချင်တော်လှန်ရေး အဖွဲ့တွေ ဘက်ကတော့ ဒါဟာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ သူ့တို့ဘာသာ ပေါက်ကွဲသွားတာဖြစ်ပြီး ဘာကြောင့် ပေါက်ကွဲမှန်း မသိသေးဘူးလို့ ပြောပါတယ်။ ဒီနေရာဟာ အလွန် အလှမ်းဝေးတဲ့အတွက် အဖြစ်မှန်ကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။ ဒါပေမဲ့ သေချာပေါက် ပြောနိုင်တာကတော့ စစ်ဘေးဒုက္ခသည်စခန်းကို ဘယ်လိုအကြောင်းနဲ့မှ မတိုက်ခိုက်သင့်ပါဘူး။ သူတို့က စစ်ရေး ပဋိပက္ခအတွင်းမှာ ရှောင်ကြဉ်ရမဲ့ အရပ်သားတွေ ဖြစ်ပါတယ်။ ဒီလုပ်ရပ်က စစ်ရာဇဝတ်မှု မြောက်ရုံတင်မကဘဲ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလည်း မြောက်ပါတယ်။ ဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ဘာတွေဖြစ်သွားသလဲဆိုတာ တိတိကျကျ သိရဖို့နဲ့ ဒီတိုက်ခိုက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဒီဖြစ်ရပ်ကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ တာဝန်ရှိတဲ့သူတွေကို တာဝန်ခံ အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဆက်လုပ်သွားဖို့ လိုပါတယ်။”

အောက်တိုဘာ ၁၀ ရက်နေ့ကတော့ ဒီ ကချင်စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာမဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာစစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ တဆင့် ငြင်းဆိုထားပါတယ်။

အခုလို ဒီတိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုတာကလည်း၊ မြန်မာစစ်တပ်က အတိတ်က လုပ်နေကျ အပြုအမူတွေ အတိုင်း လုပ်သွားတာသာ ဖြစ်တယ်လို့ မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။

“ဒီလို တိုက်ခိုက်မှုတွေ လုပ်ပြီးတိုင်း၊ ငြင်းဆိုတာ၊ အကြောင်းပြချက် အမျိုးမျိုး ပေးတတ်တာ မြန်မာစစ်ခေါင်းဆောင်တွေ လုပ်နေကျ အပြုအမူဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ခဲ့တာ သေချာပါတယ်။ အပြစ်မရှိတဲ့ အရပ်သား ပြည်သူတွေ သေကျေဒဏ်ရာရကြတာလည်း သေချာပါတယ်။ ဒီဖြစ်ရပ်အကြောင်း အသေးစိတ် အချက်အလက်တွေသိဖို့ လိုနေပါသေးတယ်။ ဒီဖြစ်ရပ်ဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ် ဖြစ်နိုင်ပါတယ်။”

မနေ့က အောက်တိုဘာ ၁၀ ရက်က တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင်းရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး၊ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ရာမှာ၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ သတိထားစောင့်ကြည့်နေပါတယ်။ သက်ဆိုင်သူ အားလုံးကိုလည်း၊ မတူညီမှုတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်း တိုင်ပင်ခြင်းအားဖြင့် ဖြေရှင်းကြပါ၊ အခြေအနေ ပိုဆိုးလာအောင် လုပ်ခြင်းကို ရှောင်ကြဉ်ကြပါ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးကို ထိန်းသိမ်းဖို့ ထိရောက်ပြီး လက်တွေ့ကျတဲ့လုပ်ဆောင်ချက်တွေ လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ညက စစ်ကောင်စီတပ် တိုက်ခိုက်အပြီး အပျက်အစီးများအား တွေ့ရစဉ်။ (Photo : Awng Ja)
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ညက စစ်ကောင်စီတပ် တိုက်ခိုက်အပြီး အပျက်အစီးများအား တွေ့ရစဉ်။ (Photo : Awng Ja)

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း ကြေညာချက်ထုတ်ထားပြီး မြန်မာစစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာတွေ ရပ်ဖို့ သတိပေးကြောင်း ရန်ကုန်မြို့ သံရုံး အကြီးအကဲ ကန်န် အို ဖလာဟာတီက ပြောထားပါတယ်။

“ကချင်ပြည်နယ်ရှိ မုန်လိုင်ခက်ကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရတဲ့အတွက် ယူကေ အစိုးရအနေနဲ့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ အဆိုပါလုပ်ရပ်ကို လက်ခံနိုင်ဖွယ် လုံးဝမရှိပါဘူး။ မြန်မာစစ်တပ်အနေနဲ့ မြန်မာပြည်သူများပေါ် ရက်စက်တဲ့ တိုက်ခိုက်မှုတွေရပ်တန့်ဖို့ မိမိတို့ ထပ်မံအသိပေး ပြောကြားလိုပါတယ်။”

ဒီတိုက်ခိုက်မှုဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် လူအစုလိုက် အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဒုတိယမြောက် ဖြစ်စဉ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်နေ့ညကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါမှာ ပြုလုပ်နေတဲ့ KIO အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုကြောင့် ကေအိုင်အေ အမှုထမ်းနဲ့ အရပ်သား စုစုပေါင်း ၆၆ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။