စေတုတ္တရာမြို့နယ်မှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခံရပြီး ရှစ်ဦး သေဆုံး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုန်ညှင်းကျေးရွာအနီး မင်းလမ်း ယာတဲစုက ဒေသခံတွေနေထိုင်တဲ့ လယ်တဲတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ရှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃ နှစ်အရွယ် မချောအိသူ၊ အသက် ၁၀ နှစ်အရွယ် မောင်သုတဇော်၊ အသက် ၂၃ နှစ်အရွယ် မယမင်းဦး၊ အသက် ၁၉ နှစ်အရွယ် မောင်နန်းဝေအောင်၊ အသက် ၅၃ နှစ်အရွယ်ရှိတဲ့ ဒေါ်ဌေးဌေးနဲ့ ဦးဟန်ဌေး၊ အသက် ၄၈ နှစ်အရွယ် ဒေါ်စန်းညွန့်နဲ့ အသက် ၃၀ အရွယ် မနန်းမူ တို့ဖြစ်ပြီးအမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
"အင်ဂျင်တပ်လေထီးနဲ့လာပြီးတော့ ဗုံးသုံးလုံးကြဲချသွားတာ။ ၃ နာရီ ၁၄ မိနစ်မှာ တစ်ကြိမ်၊ ၃ နာရီ ၁၈ မိနစ်မှာ တစ်ကြိမ်၊ ဗုံးသုံးလုံးကြဲချပြီးတော့ တိုက်ခိုက်သွားတာပေါ့နော်"
တိုက်ပွဲ မဖြစ်ဘဲ စက်တပ်လေထီးနဲ့ ဗုံးသုံးလုံးကြဲချသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုန်ညှင်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အင်ဂျင်တပ်လေထီးနဲ့လာပြီးတော့ ဗုံးသုံးလုံးကြဲချသွားတာ။ ၃ နာရီ ၁၄ မိနစ်မှာ တစ်ကြိမ်၊ ၃ နာရီ ၁၈ မိနစ်မှာ တစ်ကြိမ်၊ ဗုံးသုံးလုံးကြဲချပြီးတော့ တိုက်ခိုက်သွားတာပေါ့နော်။ တိုက်ခိုက်သွားတဲ့ ဖြစ်စဉ်မှာ သေဆုံးတဲ့လူက အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးရယ်၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီးတော့ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် အမျိုးသမီးလေးအပါအဝင် ငါးဦး ဒဏ်ရာရတယ်။ အဲဒီအိမ်တွေက ကပ်ကပ်လေးတွေ ဆောက်ထားတော့ လက်နက်ကြီးလည်းကျရော အစုလိုက် အပြုံလိုက် သေသွားသလိုမျိုး ဖြစ်သွားတာပေါ့ဗျာ ”
တောင်ယာလုပ်ချိန်ဖြစ်တာကြောင့် ဒေသခံတွေဟာ တောင်ယာအနီးက လယ်တောတွေမှာ တဲထိုးနေထိုင်ကြချိန် ဗုံးကြဲတိုက် ခိုက်ခံရတာပါ။
ဆက်နွှယ်သောသတင်းများ
ကာကွယ်ရေးပစ္စည်းစက်ရုံတွေနားအထိ တိုက်ပွဲတွေ နီးကပ်လာ
တိုင်းလေးတိုင်းမှာ တိုက်ခိုက်မှုအတွက် စက်တပ်လေထီး အသုံးပြုလာ
ပေါက်ခေါင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရပြီး လူငါးထောင်ခန့် ထွက်ပြေးနေရ
ဒီတိုက်ခိုက်မှုအတွင်း ဒေသခံတောင်သူတွေရဲ့ နွား ၂၄ ကောင် သေဆုံးပြီး လူနေတဲတွေလည်း ပျက်စီးသွာတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေအတွက် ဝမ်းနည်းရပြီး လေကြောင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့် နေရတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
“ဒေသခံတွေ တောင်ယာလုပ်ကိုင်နေတဲ့ တဲစုတွေပေါ့။ သူတို့တွေက အစုအဖွဲ့လိုက်ဖြစ်ဖြစ် မိသားစုဖြစ်ဖြစ် တောင်ယာတွေ လုပ်ကိုင်နေကြတာလေ၊ အဲဒီနေရာမျိုးကို လာကြဲသွားတာ။ စိုးရိမ်တာပေါ့၊ ခံစားရတာလည်း ကိုယ်နဲ့ သိတဲ့မိတ်ဆွေတွေ၊ ကိုယ်နဲ့ မလှမ်းမကမ်းမှာနေတဲ့ ကိုယ့်မိသားစုလိုနေတဲ့သူတွေလေ။ ခံစားရတာကတော့ ပြောမပြတတ်အောင်ပါပဲ၊ စိတ်လည်း မကောင်းဘူးပေါ့နော်။ ကိုယ်ကိုယ်တိုင်ကလည်း စစ်ရှောင်နေရတယ်ဆိုတော့ လေယာဉ်သံကြားရင်ပဲ နေ့နေ့ညည ကျွန်တော်တို့က ဝူဆိုတဲ့ အသံကြားတာနဲ့ ပြေးပြီး ပုန်းနေရတယ် ”
ဖေဖော်ဝါရီလ (အခု) လဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ဟာ မကွေးတိုင်းက မြို့နယ်တချို့မှာ စက်တပ်လေထီးသုံးပြီး ညပိုင်းတွေမှာ တိုက်ခိုက်မှုပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေလုပ်ဖို့ ဒေသခံပြည်သူတွေကို အသိပေးထားတယ်လို့ အမည်မဖော်လိုတဲ့ စေတုတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ညပိုင်းတွေများတယ်၊ ၂ နာရီနဲ့ ၃ နာရီခွဲကြား၊ အဲဒါကို နေ့စဉ်ရက်ဆက်ကိုပဲ ဒီဘက်တွေလာလာပြီးတော့ ဦးတည်ပြီးတော့ လာလာတိုက်ခိုက်တယ်ဗျ။ အနေထားကတော့ ပြည်သူကိုပဲ ရန်မူပုံစံမျိုးနဲ့ ထိုးနှက်နေတဲ့ ပုံစံမျိုးမှာ သက်ရောက်နေတယ်ဗျ။ အခုလက်မြေပြင်အနေထားမှာလည်း လက်ရှိ ဒီဘက်မှာနေ နေတဲ့ ပြည်သူတွေကိုလည်း ပြည်သူလိုမမြင်တော့ဘူး။ ကတုတ်ကျင်းတွေ တူးပြီးတော့ ရှောင်ဖို့တို့ ပြုပြင်ပြီး ဘယ်လိုနေရဖို့တို့ အတတ်နိုင်ဆုံး နည်းလမ်းတွေတော့ ပြောထားတယ်"
မုန်ညှင်းရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေချိန် စက်တပ်လေထီးကနေ ၁၂၀ မမ လက်နက်ကြီး သုံးလုံးကြဲချသွားတာလို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ငဖဲမြို့နယ်ထဲက လင်းတဲရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ဆယ်ဦး ထိခိုက်သွားတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ မနေ့ကပေါ့နော်။ မနေ့က ငဖဲမြို့နယ် လင်းတဲကျေးရွာပေါ့နော်။ လင်းတဲဆိုတာက နတ်ရေကန်တောင်အောက်နားမှာ ရှိတဲ့ ရွာပေါ့နော်။ အဲရွာထဲကို ငါးနာရီလောက်မှာ ဗုံးကြဲသွားပါတယ်။ အရပ်သား ဆယ်ဦးလောက်တော့ ထိခိုက်ဒဏ်ရာ ရသွားတယ်”
အရပ်သားတွေထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတွေမှာ စက်တပ်လေထီး တွေအသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလအတွင်း မကွေးတိုင်းအပါအဝင် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ်တွေကို စစ်ကောင်စီရဲ့ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးပါတယ်။