ကျောက်မဲမြို့မှာ တိုက်ပွဲအတွင်း သေဆုံးသူ လေးဆယ်ခန့်ရှိလာ
2024.06.29

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဇွန်လ ၂၅ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေပြီး ငါးရက်အတွင်း သေဆုံးသူ လေးဆယ်ခန့်ရှိလာပြီလို့ အလောင်းတွေကို သယ်ယူသင်္ဂြိုဟ်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY - PDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက မြို့အချို့မှာ တိုက်ပွဲပြင်းထန်နေတာ ငါးရက် ရှိလာပြီ ဖြစ်ပါတယ်။
"လက်နက်ကြီးက နေရာတကာ ကျနေတာပေါ့နော်။ ခန့်မှန်းလို့ မရဘူးပေါ့။ ခန့်မှန်းမရလို့ ပြည်သူတွေက အကုန်လုံးထွက်ပြေးကုန်ပြီ။ ၉၅ ရာခိုင်နှုန်းလောက်ကို ပြေးနေပြီ"
ကျောက်မဲမြို့နေရာအနှံ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနေပြီး နေ့စဉ်နီးပါး သေဆုံးမှုရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုဟာက လက်နက်ကြီးက တောက်လျှောက်ကျနေတော့ လူလည်းသေတယ်။ ခုနကလည်း လူနှစ်ယောက် ထပ်သေတယ်။ လက်နက်ကြီးက နေရာတကာ ကျနေတာပေါ့နော်။ ခန့်မှန်းလို့ မရဘူးပေါ့။ ခန့်မှန်းမရလို့ ပြည်သူတွေက အကုန်လုံးထွက်ပြေးကုန်ပြီ။ ၉၅ ရာခိုင်နှုန်းလောက်ကို ပြေးနေပြီ"
ဇွန်လ ၂၈ ရက် မနေ့ညနေကလည်း ကျောက်မဲမြို့၊ အုတ်ကျင်းရပ်ကွက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားခုနစ်ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့အတွင်း သေဆုံးသူအများစုဟာ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြောင့်ဖြစ်ပြီး အဲဒီအထဲမှာ ဒေသခံတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသူတွေပါ ပါတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ကျောက်မဲမြို့မှာ လက်ရှိ တိုက်ပွဲဆက်ပြင်းထန်နေပြီး မြို့ခံအများစုကတော့ ဇွန်လ ၂၈ ရက်နေ့ မနေ့ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မြို့ထဲမှာ ထွက်ပြေးဖို့အခက်ခဲရှိတဲ့ မိသားစုတချို့ပဲ ကျန်တော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်မဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တော်တော်များများက ထွက်သွားပြီပေါ့။ မထွက်သွားနိုင်တဲ့သူတွေက သက်ကြီးရွယ်အိုရှိတဲ့သူတွေ မထွက်သွားနိုင်ဘူး။ နောက်ပြီး မိသားစုတစ်စုက ဆိုင်ကယ်လေး တစ်စီးပဲရှိရင် ဘယ်လိုထွက်မလဲ။ အဲဆိုင်ကယ်နဲ့ ထွက်ဖို့ကို ဆီက ဘယ်ကရမလဲ။ ဆီကို မရှိတော့ဘူး။ နောက်ထပ်လည်း ဝင်လာဖို့မရှိတော့ဘူး။ အပျိုကြီး သုံးလေးယောက်နဲ့ အမေ အသက် ၉၀ ကျော်ရှိတယ် မလာနိုင်ဘူးလေ။ သေချင်လည်း သေတော့ဆိုပြီး။ ဒီနေ့လည်း ဖုန်းဆက်တယ် သူတို့ မ,ပြီးရွေ့ဖို့တောင် ခက်တယ်။ ကားပေါ်တင်ပြီး ဘီးတစ်လိမ့် နှစ်လိမ့် လိမ့်တာနဲ့ အဘွားကြီးက ဖျားတယ်"
TNLA ကတော့ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေမှာ ဇွန်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၁ ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပေါ် တုံ့ပြန်မှုရဖို့ TNLA ဘက်ကိုရော စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကိုပါ RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေဆိုတာ မရှိပါဘူး။
TNLA ပူးပေါင်းအဖွဲ့ဟာ ရှမ်းမြောက်က ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေပြီး ဒီနေ့မှာလည်း မိုးမိတ်၊ မိုးကုတ်နဲ့ နောင်ချိုမြို့တွေမှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။