ပြုပြင်ပြောင်းလဲရေးနဲ့ ရှေးရိုးအစဉ်အလာကြားက KNU ခေါင်းဆောင်သစ်များ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.08.15
ပြုပြင်ပြောင်းလဲရေးနဲ့ ရှေးရိုးအစဉ်အလာကြားက KNU ခေါင်းဆောင်သစ်များ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး။ (ဝဲ မှ ယာ)
KNU

သြဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့ KNU ရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ KNU ရဲ့ဗဟိုကော်မတီရဲ့ အဖွဲ့ဝင်ခေါင်းဆောင် ၁၁ ဦးလုံး ပါဝင်ခဲ့ပြီး၊ KNU က ဆောင်ရွက်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ KNU ရဲ့မူဝါဒနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာ KNU ခေါင်းဆောင်တွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် KNU ရဲ့ သန္နိဋ္ဌာန်ခိုင်မာမှုကို ပြသဖို့ ကြိုးစားကြပြီး KNU ကို လွတ်လပ်ပွင့်လင်းပြီး၊ အရပ်သားအုပ်ချုပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြသဖို့လည်း ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ သိန်းနဲ့ ချီတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဦးဆောင်ပြီး ကိုင်တွယ်နေရတဲ့ တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ အခြေအနေတွေကိုလည်း လျစ်လျူရှုလို့ မရဘဲ ဖြစ်နေတယ်လို့ Nikkei Asia အယ်ဒီတာ Gwen Robinson က သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက၊ KNU ဟာ သူတို့ရဲ့ထိန်းချုပ်နယ်မြေအတွင်းမှာ ထောင်ပေါင်းများစွာသော တပ်မတော်သားဟောင်းတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေ နဲ့ PDF တပ်ဖွဲ့ဝင်တွေကို ခိုလှုံခွင့်ပေးထားပါတယ်။ အကျိုးဆက်အနေနဲ့ KNU ဟာ မြန်မာစစ်တပ်ရဲ့ လက်စားချေတဲ့အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။

သြဂုတ်လ ၁ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ KNU က ဆက်လက်ဆောင်ရွက်သွားမယ့် နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးက ခုလို ပြောသွားပါတယ်။

"KNU က နိုင်ငံရေးရည်မှန်းချက် လေးရပ်ကို ချမှတ်ထားတယ်။ ပထမဆုံးတစ်ချက်က မြန်မာ့နိုင်ငံရေးမှာ လုံးဝပါဝင်ခွင့်မရှိတော့တဲ့ စစ်တပ်ကို တည်ဆောက်ဖို့လိုတယ်။ နံပါတ်နှစ်က ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေအစစ်တစ်ခုကို ရေးဆွဲဖို့ လိုတယ်။ နံပါတ် ၃ က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေကို သဘောတူ အကောင်အထည်ဖော်ဖို့ လိုတယ်။ နံပါတ် ၄ ကတော့ နိုင်ငံသစ် ထူထောင်ရေးရဲ့အဆင့်တိုင်းမှာ နိုင်ငံတကာပါဝင်တဲ့ အခန်းကဏ္ဍကို သဘောတူပါဝင်စေဖို့ဖြစ်ပါတယ်”

အခုနှစ်အစောပိုင်းက ၁၇ကြိမ်မြောက် KNU ကွန်ဂရက်အစည်းအဝေးမတိုင်ခင် KNU ရဲ့ ဝါရင့် ခေါင်းဆောင်အချို့ဟာ ထိုင်းမြန်မာနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကာစီနိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ပြည်ပရောက်ကရင်အဖွဲ့အစည်းတွေရဲ့ တိုင်ကြားချက်ရှိခဲ့တာကိုလည်း ရှင်းလင်းဖြေကြားခဲ့ပါတယ်။

"KNU ခေါင်းဆောင်အချို့ တရားမဝင်လောင်းကစားမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်စေဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ investigation team တစ်ခုကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားဖို့ သဘောတူခဲ့ပါတယ်။”

KNU1.jpg
၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ် ၇ဝ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် တွေ့မြင်ရသော ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ။ (Photo: AFP)

မြန်မာစစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကရင်နယ်ခြားစောင့်တပ်တွေနဲ့ တရုတ်နိုင်ငံသားအချို့ ပူးပေါင်း ဖွင့်လှစ်ထားတဲ့ ကာစီနိုတွေမှာ အင်တာနက်က ငွေလိမ်တဲ့လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေပါ လုပ်ဆောင်နေတဲ့အကြောင်း အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးဌာန USIP က အစီရင်ခံစာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုလို တိုင်ကြားမှုတွေ ရှိလာတာဟာ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေ ဖွံ့ဖြိုးစည်ပင်နေတဲ့အခြေအနေနဲ့ KNU ခေါင်းဆောင်ပိုင်းကိုတောင် ဝေဖန်မေးခွန်းထုတ်ခွင့်ရှိတဲ့အတွက် ကရင်လူ့အဖွဲ့အစည်းမှာ မြင့်မားတဲ့ ဒီမိုကရေစီ စံနှုန်းရှိနေတာကို ပြသရာရောက်တယ်လို့ KNU ရဲ့ ဥက္ကဋ္ဌသစ် ပဒို စောကွယ်ထူးဝင်း က ပြောပါတယ်။

"အကောင်းဘက်ကနေ ပြန်ကြည့်မယ် ဆိုလို့ရှိရင် KNU ရဲ့အားနည်းချက်တွေကို အရပ်ဘက် အဖွဲ့အစည်းတွေက အခုလို ပွင့်ပွင့်လင်းလင်း တင်ပြဝေဖန်ကြတယ်ဆိုတာကလည်း ကရင်လူမှု အသိုက်အဝန်းမှာ အားကောင်းတဲ့ vibrant civil society ရှိနေပြီး၊ ဒီမိုကရေစီ ရှင်သန်နေတယ်ဆိုတာ ပြသရာလည်း ရောက်ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကို ပိုမိုကောင်းမွန်ပြီး သန့်ရှင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်စေချင်လို့ တိုက်တွန်းတယ်လို့ ယုံကြည်ပါတယ်။”

KNU ဟာ လက်ရှိစစ်ရေးလှုပ်ရှားမှုတွေအပြင်၊ KNU ထိန်းချုပ်နယ်မြေတွေထဲမှာ နေထိုင်ကြတဲ့ ပြည်သူ ၁.၂ သန်းကျော်ရဲ့ ကျန်းမားရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဖြူးပေးအပ်ဖို့ ကိစ္စတွေကိုလည်း ဆောင်ရွက်နေရတာဖြစ်တယ်လို့ KNU ခေါင်းဆောင်တွေက ပြောပါတယ်။

KNU ဟာ သမရိုးကျ အစိုးရအဖွဲ့တစ်ခုလို လည်ပတ်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီး၊ ဆိုင်ဘာ တိုက်ခိုက်မှု၊ ရာသီဥတု ပြောင်းလဲမှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးရောင်းဝယ်မှုတွေလို ဒုစရိုက်လုပ်ငန်းတွေကို ကိုင်တွယ်ဖို့ အမျိုးသားလုံခြုံရေးနဲ့ စစ်ရေးကောင်စီကို အသစ်ဖွဲ့စည်းထားတဲ့အကြောင်း၊ KNU ထိန်းချုပ်နယ်မြေတွေထဲမှာ ရှိနေတဲ့ PDF တိုက်ခိုက်ရေးအဖွဲ့တွေကို KNU ရဲ့တိုက်ခိုက်ရေးအဖွဲ့တွေထဲကို ထည့်သွင်းနိုင်ဖို့၊ ဖွဲ့စည်းပုံကို ပြင်ဆင်ဆောင်ရွက်နေတဲ့အကြောင်းလည်း ပြောသွားပါတယ်။

KNU ဟာ ခေတ်မီပွင့်လင်းတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲဖို့ ကတိပြုထားပေမယ့်၊ KNU အုပ်ချုပ်တဲ့ ဒေသတွေမှာ အိမ်ထောင်ရေးနဲ့ လိင်မှုကိစ္စဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှေးရိုးဆန်တဲ့ ဥပဒေစည်းမျဉ်းတွေအတိုင်း ဆက်လက်ကျင့်သုံးနေတာဟာလည်း တွေ့ရတယ်လို့ Nikkei Asia က သုံးသပ်ပါတယ်။

image.jpg
KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ရေးလေ့ကျင့်နေသော လူငယ်များအား တွေ့ရစဉ်။ (Photo: KNU)

မကြာခင်က KNU နယ်မြေအတွင်းမှာ ရောက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေထဲမှာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT လူငယ်နှစ်ဦး လက်ထပ်ထိမ်းမြားခဲ့တဲ့အကြောင်း လူမှုကွန်ရက်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့နောက် KNU က အရေးယူတားမြစ်ခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းမှုအပေါ်မှာ KNU ရဲ့စည်းကမ်းရေးရာ ကော်မတီခေါင်းဆောင် ပဒို နော်ဒါးဒါက အခုလို ပြောသွားပါတယ်။

“ကျွန်မတို့ သတင်းကြားပါတယ်။ လိင်တူချင်း လက်ထပ်တယ်ဆိုတာ သတင်းကြားခဲ့တယ်။ ဒီလက်ထပ်တဲ့ လူတွေက ကရင်တွေ မဟုတ်ဘူး။ အခြားလူမျိုးကွဲတွေ ဖြစ်တယ်။ အဲဒီလူမျိုးကွဲတွေ ဖြစ်တဲ့အတိုင်းပဲ၊ ကျွန်မတို့ရဲ့တပ်မဟာ ၆ ကရင်နယ်မြေမှာ လာပြီးတော့ ဒီလိုလုပ်တယ်ဆိုတာ ကျွန်မတို့ရဲ့ကရင့်ထုံးတမ်း အစဉ်အလာယဉ်ကျေးမှုမှာလည်း ဒီလို မရှိဘူး။ ဒါကျွန်မတို့ရဲ့ယဉ်ကျေးမှုကို ထိခိုက်စေတယ်။ လက်ခံလို့ မရဘူး။ နောက်ပြီး ကျွန်မတို့ရဲ့ယဉ်ကျေးမှုကို စော်ကားတယ်လို့ပဲ မြင်ပါတယ်”

KNU ရဲ့ ရာဇဝတ်မှုကျင့်ထုံးတွေအရ ဒီလိုလုပ်ရပ်တွေကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းလည်း နော်ဒါးဒါက ပြောသွားပါတယ်။

LGBT လို့ခေါ်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် ရှုမြင်ပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး မယူခင် KNU ကို စတင်တည်ထောင်စဉ် ကာလကတည်းက ရှိခဲ့တဲ့ အယူအဆတွေအတိုင်း ဆက်ရှိနေတာကို ပြသနေတယ်လို့လည်း အယ်ဒီတာက သုံးသပ်ထားပါတယ်။

ဒါ့အပြင် KNU ဟာ နှစ်ပေါင်း ၇၀ ကျော် တော်လှန်ရေးဆင်နွှဲခဲ့တဲ့ ကာလအတွင်းမှာ အမျိုးသမီးတွေကို ခေါင်းဆောင်နေရာပေးမှု အားနည်းခဲ့ပြီး၊ မျိုးဆက်သစ် အမျိုးသမီးတွေရဲ့ဦးဆောင်နိုင်မှုကို မြှင့်တင်ပေးဖို့လည်း လိုနေတဲ့အကြောင်း ပဒိုနော်ဒါးဒါက ပြောသွားပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ဖို့နဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေကို နေရာပေးဖို့ ကတိပြုပြောဆိုမှုတွေဟာ KNU အနေနဲ့ အတိတ်ကို ကျော်လွန်ပြီး ခေတ်သစ်တစ်ခုကို ရောက်ဖို့ ဆန္ဒရှိတာကို ပြသနေတယ်လို့ Nikkei Asia အယ်ဒီတာက သုံးသပ်ပါတယ်။

လက်ရှိ KNU ခေါင်းဆောင်တွေဟာ ၂၀၁၅ ခုနှစ်က သမ္မတ ဦးသိန်းစိန်လက်ထက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေမှာ ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပြီး အခုအချိန်မှာတော့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကြောင့် ဒီ ငြိမ်းချမ်းရေးစာချုပ် ပျက်ပြယ်သွားပြီဖြစ်တဲ့အကြောင်း KNU ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။