KNU ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေ
2023.08.20

ကရင်ပြည်နယ်မှာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ ဒေသတွေကို ထိန်းချုပ်ဖို့ ကြိုးစားရာကနေ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အထူးသဖြင့်လွန်ခဲ့တဲ့ တစ်လက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်ရယူဖို့ အပြင်းအထန် ကြိုးစားတာကနေ မြဝတီနဲ့ ဆက်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေကြားက ဒီတိုက်ပွဲဟာ အခု သြဂုတ် ၂၀ ရက်ဆိုရင် တစ်လတိတိ ပြည့်ခဲ့ပါပြီ။
အခုချိန်အထိ KNLA နဲ့ ပူးပေါင်းတပ်တွေဟာ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းနဲ့ အနီးတစ်ဝိုက်ဒေသတွေကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
“လက်ခတ်တောင်ကိုတော့ လက်တလော စကစဘက်က ပြန်ယူဖို့တော့ ကြိုးစားနေတာပေါ့။ ကြိုးစားခဲ့တာလည်း တော်တော်လေးတော့ ကြာနေပြီ။ ဒါပေမဲ့ သူတို့ရဲ့ကြိုးစားမှုက အခုချိန်အထိတော့ မအောင်မြင်သေးပါဘူး။ နောက်ပြီးတော့ သူတို့ကြိုးစားတဲ့ အထဲမှာလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာမျိုးတို့၊ ဟောက်ဝစ်ဇာအမြောက်နဲ့ပစ်တာမျိုး ကျွန်တော်တို့ သိရပါတယ်"
ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိပေမယ့် အသေးစိတ် မသိရသေးဘူးလို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
တစ်ပြိုင်နက်တည်းမှာ စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက KNU ထိန်းချုပ်နယ်မြေ ခုနစ်ခုစလုံးကို စစ်အင်အားတစ်သောင်းကျော်နဲ့ လက်နက်ကြီးသာမက လေကြောင်းပစ်ကူတွေပါသုံးပြီး စစ်ဆင်နေတယ်လို့ သူက ပြောပါတယ်။
ကော့ကရိတ်မြို့နဲ့ ခုနစ်မိုင်အကွာက တောင်ကြာအင်းရွာ အနီးမှာလည်း ဩဂုတ် ၁၉ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့ကဆို မနေ့ မနက်ကတည်းက ပစ်တာ။ အခုလည်း တောင်ကြာအင်းဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတယ်။ မနေ့က တစ်နေကုန်ပစ်တယ်။ ညကလည်းပစ်တာ လက်နက်ကြီးတွေပေါ့နော်။ ဒုံးတွေဘာတွေနဲ့လည်း ပစ်တယ်။ ၁၂၀ (မမ) တို့၊ ၈၁ (မမ) တို့နဲ့ ပစ်ကြတာ။ အလုံး သုံးဆယ်လောက် ပစ်တာ ရွာကအိမ်တွေ တော်တော်များများ ပျက်စီးကုန်တယ် တောင်ကြာအင်းမှာ"
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာလည်း ဩဂုတ်လ ၁၉ ရက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အလားတူ ပဲခူးတိုင်း KNU ထိန်းချုပ်ထားတဲ့ ကျောက်တံခါးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ဖြူးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကြောင့် ပဲခူးတိုင်းမှာ အရပ်သား ငါးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သြဂုတ် ၁၉ ရက်မှာ KNU က သတင်း ထုတ်ပြန်ပါတယ်။
KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က အခုလို စစ်ဆင်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ပြောခွင့်ရ စောနန္ဒဆူးက RFA ကို ပြောပါတယ်။
“IDP ဦးရေကိုပဲ ကြည့်မယ်ဆိုရင်တော့ ခန့်မှန်းခြေအရသာ ယခုအချိန်အထိ ခြောက်သိန်းနဲ့ အထက် ရှိပြီလို့တော့ ပြောလို့ရတာပေါ့နော်။ အထူးသဖြင့် လတ်တလောမှာ တစ်လ၊ နှစ်လအတွင်း တပ်မဟာ ၂ ၊ တပ်မဟာ ၃ တို့ ဘက်ခြမ်းမှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလိုမျိုး စစ်ဘေးရှောင်ဦးရေကလည်း တိုးပွားလာတာကိုး ”
စစ်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာတယ်လို့ သူက ပြောပါတယ်။ KHRG ရဲ့စာရင်းအရ ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ အရပ်သား ၃၁၇ ဦး သေဆုံးခဲ့ပါတယ်။
KNU ထိန်းချုပ်ဒေသတွေကို စစ်ဆင်ရေး ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတွေ အပါအဝင် တိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် လုံခြုံရေးဆောင်ရွက်မယ်လို့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။
"DP ဦးရေကိုပဲ ကြည့်မယ်ဆိုရင်တော့ ခန့်မှန်းခြေအရသာ ယခုအချိန်အထိ ခြောက်သိန်းနဲ့ အထက် ရှိပြီလို့တော့ ပြောလို့ရတာပေါ့နော်။"
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တန်ပြန်ထိုးစစ်ကို ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်။
“စစ်ရေးဦးတည်ချက် အားလုံးက တန်ပြန်ထိုးစစ်လှုပ်ရှားမှုကို ဦးတည်တဲ့အခါကျတော့ အဲဒီအခြေအနေအောက်မှာ KNU ဒေသမှာလည်း တိုက်ပွဲတွေရှိတယ်။ KIA ဒေသမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ်။ ကယားပြည်နယ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပါတယ်။ ဒါဟာ ဒီ NUG ရဲ့ မဟာဗျူဟာ စစ်ရေးတုံ့ပြန်မှုအောက်မှာ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်”
KNU ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား လက်နက်ကိုင် ခုခံမှုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
KNU ဗဟိုရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတစ်သောင်းကျော် ဖြစ်ပွားခဲ့ပါတယ်။