KNU ဥက္ကဋ္ဌ ကြေညာချက် ဗဟိုကော်မတီဝင်အများစု လက်မခံဟု KNU ခေါင်းဆောင်တဦး ပြောကြား
2021.05.14
KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး က လက်ရှိပြဿနာတွေကို NCA စာချုပ်အတိုင်း ဆွေးနွေးအဖြေရှာဖို့ သဘောထားရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ KNU ထိပ်တန်းခေါင်းဆောင်တဦးက ဒီကိစ္စကို ဗဟိုကော်မတီဝင် အများစုက လက်ခံခြင်း မရှိပါဘူး။ နွေဦးတော်လှန်ရေးကို KNU က အပြည့်အဝ ထောက်ခံပြီး အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။
KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက မေလ ၁ဝ ရက်နေ့မှာ လက်ရှိ နိုင်ငံရေးပြသနာကို လက်နက်ကိုင်နည်းလမ်း နဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြတာကို ဝမ်းနည်းကြောင်းနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ပဲ အဖြေရှာဖို့ သူ လိုလားတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အတွက် ကရင်ပြည်သူလူထုအကြားမှာသာမက တပြည်လုံးက ဒီမိုကရေစီလိုလားတဲ့ အင်အားစု အကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ခတ်သွားခဲ့ပါတယ်။ ဒါပေမယ့် အမည်မဖေါ်လိုတဲ့ KNU ထိပ်တန်းခေါင်းဆောင်တဦးကတော့ ဒီစာကိစ္စကြောင့် နွေဦးတော်လှန်ရေး ကို တစုံတရာ ထိခိုက်မှာမဟုတ်ပဲ တော်လှန်ရေးအင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာမှာကို မကြာမီ မြင်တွေ့ကြရပါလိမ့်မယ်လို့ RFA ကို မနေ့ညက ပြောဆိုခဲ့ပါတယ်။ လုပ်ငန်းစဉ် အသေးစိပ်ကို လတ်တလောထုတ်ပြန်ပြောကြားဖို့တော့ သူက ငြင်းဆိုခဲ့ပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးကလည်း KNU က သူတို့နယ်မြေရောက် နွေဦးတော်လှန်ရေး အင်အားစုတွေကို ထိထိရောက်ရောက်ကူညီနေပါတယ်လို့ ပြောပါတယ်။
“ကရင်လူထုမှမဟုတ်ဘူး ကျနော်တို့ တိုင်းရင်းသားအားလုံး ပြည်သူတရပ်လုံးကတော့ စစ်ကောင်စီနဲ့ ပတ်သက်ရင် ပြတ်သားတဲ့ဆုံးဖြတ်ချက် ရှိပြီးသားပါ။ အခု ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုး ပြောသွားတဲ့အချက်က လူထုတော်လှန်ရေးပေါ်မှာ မထိခိုက်ပါဘူး။ ကျနော်တို့ သိသမျှ KNU ခေါင်းဆောင်ပိုင်းက လူထုတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရှိပြီးသားပါ။ ပြတ်ပြတ်သားသား အကူညီပေးနေတာ လုပ်နေတာ ထင်ထင်ရှားရှား ရှိပြီးသားပါ။”
တကယ်တော့ NCA အပစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးခဲ့ချိန်ကစပြီး KNU ခေါင်းဆောင်ပိုင်း အတွင်းမှာ ရပ်တည်ချက်ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒု ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် တို့အဖွဲ့က လက်ရှိ ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ သဘောထား မတူပါဘူး။ KNU ဗဟိုကော်မတီဝင် ၅၅ ဦး ရှိတဲ့အနက် လက်ရှိမှာ NCA လမ်းကြောင်းအတိုင်း ဆက်ပြီးလျှောက်ချင်သူက ၂၅ ရာခိုင်နှုန်းပဲရှိပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းက NCA ကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ တသားတည်းရှိပါတယ်လို့လည်း အဲဒီ အမည်မဖော်လိုတဲ့ KNU ခေါင်းဆောင်က ပြောပါတယ်။
KNU နောက်ဆုံးညီလာခံကို ၂ဝ၁၆ ခုနှစ်က ကျင်းပခဲ့တာဖြစ်ပြီး ၄ နှစ်တကြိမ် ကျင်းပမယ့် ညီလာခံကို အခုအထိ ကျင်းပနိုင်ခြင်း မရှိပါဘူး။ ညီလာခံကျင်းပရင် ခေါင်းဆောင်ပိုင်းပြောင်းလဲမှု ပေါ်လာပြီး စစ်ကောင်စီနဲ့ ပူးပေါင်းမှုပျက်ပြားမှာကို လူပုဂ္ဂိုလ်တချို့က စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ KSPN ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောခွင့်ရသူ ကိုစောသူးဘီး ကလည်း သူတို့ ကရင်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေနဲ့ တညီတညွတ်တည်းရှိနေတယ်လို့ ပြောပါတယ်။
“KNU ဥက္ကဋ္ဌ မူတူးစေးဖိုး က NCA အတိုင်းဆက်သွားမယ်၊ လိုက်နာမယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ သို့ပေမဲ့ NCA က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ သဘောတူညီချက်တွေကို မြန်မာစစ်တပ်က ချိုးဖောက်တဲ့အတွက် NCA က စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက ပျက်ပြယ်သွားပြီလို့ ကျနော်တို့သတ်မှတ်တယ်။ ဖက်ဆစ်စစ်ကောင်စီက ကမ်းလှမ်းမယ့် အတုအယောင် ငြိမ်းချမ်းရေးကို ကျနော်တို့ လုံးဝလက်မခံဘူး။ စစ်အုပ်စုနဲ့သွားပြီး စကားပြောမယ်ဆိုတဲ့ ဆန္ဒရှိတဲ့ထုတ်ပြန်ချက်တွေကို ကျနော်တို့ လုံးဝလက်မခံဘူး။ ဒီထုတ်ပြန်ချက်က ကျနော်တို့ တော်လှန်ရေးနဲ့လဲ ဆန့်ကျင်တယ်၊ KNU ကွန်ဂရက်က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်နဲ့လဲ ဆန့်ကျင်တယ်၊ မတရားမှုကို တော်လှန်ခုခံနေတဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒနဲ့လဲ ဆန့်ကျင်တဲ့အတွက် သူတဦးတယောက်ရဲ့ သဘောထားဖြစ်တယ်။ KNU ခေါင်းဆောင်တော်တော်များများ ဒီကိစ္စကို လက်မခံဘူးလို့ ကျနော်နားလည်တယ်။”
ဒီအတောအတွင်း KNU ခရိုင်အဆင့် ခေါင်းဆောင်တဦးက လက်နက်ကိုင်တော်လှန်ရေးအတွက် အနယ်နယ် အရပ်ရပ်က ရောက်လာသူတွေကို သူတို့ သင်တန်းတွေ ဆက်တိုက်ပေးနေပါတယ်၊ လက်ရှိ သင်တန်းသား ၁ဝဝ ခန့် မကြာခင် သင်တန်းဆင်းတဲ့အခါ နောက်တသုတ်ကို သင်တန်းပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လက်နက်ဈေးတွေတက်နေတဲ့အတွက် ခေတ်မီ အမေရိကန်ရိုင်ဖယ် အသစ်တလက်ကို အခု ဒေါ်လာ ၃၂ဝဝ ခန့်နဲ့ ဝယ်ယူနေရတယ်လို့လည်း RFA ကို ပြောပါတယ်။