ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲပြင်းထန်နေဆဲ

RFA Burmese
2023.11.17
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲပြင်းထန်နေဆဲ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားပေါ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များ။
S.O.F

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ကစပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနဲ့ ချောင်းနှစ်ခွ တံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတာ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံမြို့ကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတားအနီးမှာ နိုဝင်ဘာ ၁၇ ရက်နေ့အထိ နှစ်ဘက်ပစ်ခတ်နေတာကြောင့် သွားလာခွင့် ပိတ်ထားတဲ့အပြင် ကျိုက်မရော ဘိလပ်မြေစက်ရုံ၊ စံပယ်ဂူတံတား၊ မော်လမြိုင် လမ်းပိုင်းကိုလည်း စစ်ကောင်စီတပ် စစ်ကူလာလို့ မရအောင် KNLA ပူးပေါင်းတပ်တွေက ဒေသတွင်းလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့လည်း သိရပါတယ်။

ချောင်းနှစ်ခွတံတားကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် တံတားဖြတ်သန်းခွင့်မပေးတာလို့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF တာဝန်ရှိသူ ကိုအောင်စံရှားက ပြောပါတယ်။

“တိုက်ပွဲကတော့ အခုထိဖြစ်နေတုန်းပဲ ပြောရမှာပေါ့၊ လမ်းကြောင်းကတော့ ပြန်ပြီးတော့ မဖွင့်သေးဘူးပေါ့၊ သူတို့ဘက်ကလည်း တောင်ကလေးရဲစခန်းကနေ လက်နက်ကြီးနဲ့ အနီးအနားမှာရှိတဲ့ ရွာတွေရော လမ်းတွေရော အိမ်တွေရော ဘာသာရေးအဆောက်အအုံတွေရော (၁၂၀ မမ) နဲ့ သူတို့ နေ့ရော ညရော ပစ်နေတာပေါ့နော် လေယာဉ်ကလည်း နေ့တိုင်းလာပစ်နေတဲ့ အခါကျတော့ လမ်းပိုင်းကတော့လုံခြုံမှုမရှိသေးတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖွင့်တောင်မပေးသေးဘူးပေါ့”



KNLA ပူးပေါင်းတပ်တွေဟာ ချောင်းနှစ်ခွတံတားအနီးက ချောင်းနှစ်ခွရဲစခန်းအပြင် တံတားလုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီစခန်း၊ ရဲကင်း၊ BGF ကရင်နယ်ခြားစောင့်တပ် ကင်းစခန်းနဲ့ တောင်ကလေးရဲကင်းစခန်းတွေကို နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖြစ်တဲ့ SOF တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦးနဲ့ ဒုဗိုလ်တစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ဗိုလ်မှူးတစ်ဦး အပါအဝင် အခြားအဆင့် ၁၂ ဦးကတော့ ထွက်ပြေးသွားတယ်လို့ SOF တပ်ဖွဲ့ တာဝန်ရှိသူ ကိုအောင်စံရှားက ဆက်ပြောပါတယ်။

“စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက တပ်မ (၂၂) လက်အောက်ခံ ခလရ (၈၁)က ၅၂ဦးရယ် GE တပ်က နှစ်ယောက်ရယ် စုစုပေါင်း ၅၄ ဦး အတိအကျပဲပေါ့နော် အဲ့မှာ ဗိုလ်မှူး နှစ်ဦးပါတယ် ဗိုလ်ကြီးနဲ့ ဒုဗိုလ် သုံးဦးပါတယ်၊ ဗိုလ်မှူးတစ်ဦးကတော့ လွတ်သွားတာပေါ့။”

ဒီတိုက်ပွဲတွေကြောင့် ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွ၊ ဖက်တေးကုန်း၊ မရမ်းကုန်း၊ သရက်ကုန်း၊ ဘုရားကုန်း၊ တံတားဦး၊ တောင်ကလေး ကျေးရွာတွေက ဒေသခံ လေးထောင်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ချောင်းနှစ်ခွကျေးရွာလူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“လူစာရင်းကတော့ အိမ်ထောင်စုစာရင်းက နှစ်ထောင်ကျော် သုံးထောင်လောက်ရှိတယ်။ ချောင်းနှစ်ခွမှာ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတော့လည်း အဲ့ဒီဝန်းကျင်ပေါ့ သုံးထောင်ဝန်းကျင်လောက်တော့ရှိမယ်။ ဘေနားရွာတွေကတော့ ရာနဲ့ဆိုတော့ သုံး၊ လေးထောင်ဝန်းကျင်ကတော့ နေရာဒေသအသီးသီးမှာ ခွဲပြီးတော့နေ နေကြတယ် လေးထောင်ဝန်းကျင်ပေါ့ ခန့်မှန်းတာတော့။”

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ခတ်တာကြောင့် နေအိမ် တွေ မီးလောင်တာ၊ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် ယာယီစစ်ဘေးတိမ်းရှောင်နေကြတဲ့ ဘုန်းကြီးကျောင်းမှာ ဖျားနာသူတွေ များနေတယ်လို့လည်း ချောင်းနှစ်ခွကျေးရွာက အမည်မဖော် လိုတဲ့ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ထိခိုက်ဒဏ်ရာကတော့ တစ်နေ့က လက်နက်ကြီးကျလို့ တစ်ယောက်ထိတာပေါ့ နောက် ပေါလောဘက်မှာကျတော့ ကလေးနှစ်ယောက် သေဆုံးတယ်၊ သုံးလေးဦးလောက် ဒဏ်ရာရတယ်လို့ ကြားတယ် တစ်ရွာလုံးက ထွက်သွားတဲ့အတွက်ကြောင့် ထိခိုက်ဒဏ်ရာရတာမရှိဘူးပေါ့၊ ရွာမှာက မီးလောင်တယ်။ လေယာဉ်နဲ့ လာပစ်တယ်။ လေယာဉ်ကျည်ထိပြီးတော့ မီးလောင်တဲ့အိမ်တွေ တောက်လျှောက်ကြားနေရတယ်။ တစ်ချို့တွေက ဖျားနေတယ်၊ ကွန်ကသောင် ဘုန်းကြီးကျောင်းမှာဆိုလည်း အယောက် ၅၀လောက်က နေမကောင်းကြဘူး။”

နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ရွာကို မပြန်ရဲကြသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ တိုက်ပွဲများကြောင့် တိမ်းရှောင်နေကြသည့် ဒေသခံများအား တွေ့ရစဉ်။ (Photo: S.O.F)
စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ တိုက်ပွဲများကြောင့် တိမ်းရှောင်နေကြသည့် ဒေသခံများအား တွေ့ရစဉ်။ (Photo: S.O.F)

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထိစပ်နေတဲ့ ကြာအင်းဆိပ်ကြီးမြို့ကို KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ပြီး စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို စစ်ကူနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာ အကူအညီ ပေးလို့မရအောင် လမ်းပိုင်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတယ်လို့ SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုအောင်စံရှားက ပြောပါတယ်။

“သူတို့ရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဲဒီယန္တရားတွေအားလုံးရပ်တန့်သွားပြီး သူတို့ရုံးထိုင်လို့မရတော့ဘူး။ သူတို့မှာရှိတဲ့ဝန်ထမ်းတွေအားလုံးလည်း ထွက်ပြေးကုန်ပြီပေါ့နော်။ တစ်ခါတစ်လေကျလို့ရှိရင် သူတို့ဌာနဆိုင်ရာ သူတို့ရဲ့တာဝန်ရှိတဲ့ ကြီးတဲ့လူတွေပေါ့ အစည်းအဝေးလုပ်မယ်ဆိုရင်တောင်မှ အဲ့ဒီ ဗျူဟာကုန်းတို့ (၃၂)တို့ အဲဒီမှာ သူတို့ ဒီညဘက်တွေ လူစုပြီးတော့ ပုန်းလျှိုးကွယ်လျှိုး လုပ်ရတဲ့ပုံစံဖြစ်သွားတယ်ပေါ့နော်။ ဒီမြို့ပေါ်ဆိုလို့ရှိရင် သူတို့တွေနေတဲ့တပ်ရင်းတွေ ဗျူဟာကုန်းတွေကလွဲရင် ကျန်တဲ့နေရာတွေအားလုံးက တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတာပေါ့နော်။ နောက်ကြာအင်းဆိပ်ကြီးမြို့ထဲမှာရှိတဲ့ တခြား ကွီလုံတိုင်စခန်းတို့ပုချိမုစခန်းတို့‌ ရေတံလျှောက်စခန်းတို့ အဲ့ဒါတွေကလည်း စစ်ကြောင်းတွေ လက်နက်ခဲယမ်း ဖြည့်တာတို့ လူအင်အားတိုးတာတွေ ရိက္ခာပို့တာတွေ သူတို့အခုမလုပ်နိုင်တော့ဘူး။ ဒီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အားလုံးက လမ်းကြောင်းတွေကို ဖြတ်တောက်စိုးမိုးထားနိုင်တယ်ပေါ့နော်။”

ချောင်းနှစ်ခွတံတား သိမ်းပိုက်ခံရတာ၊ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေကို မေးမြန်းဖို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။