မြဝတီက ပြေးလာသူတွေကို ထိုင်း ပြန်ပို့

RFA Burmese
2024.04.22
မြဝတီက ပြေးလာသူတွေကို ထိုင်း ပြန်ပို့ ထိုင်း - မြန်မာ နယ်စပ်ဂိတ်အား ထိုင်းဘက်ခြမ်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Ba Gyi Nina

မြ၀တီမြို့မှာ တိုက်ပွဲခဏရပ်သွားတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းဘက်ကို ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်လောက်ထဲက နှစ်ထောင်လောက်ဟာ ဧပြီလ ၂၂ ရက် နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ နေရပ်ကို ပြန်ကုန်ကြပါပြီ။

“မနက် ၁၁ နာရီထိုးကတည်းက ကျွန်တော်တို့ နွားခြံ စစ်ဘေးရှောင်စခန်း ပိတ်လိုက်ပြီ။ တစ်ယောက်မှ မရှိတော့ဘူး။ တချို့နည်းနည်းပါးပါး သက်ကြီးရွယ်အိုလောက်ပဲ ကျန်တော့တယ်။ သိပ်မရှိတော့ဘူး။ တစ်ထောင်လောက်ပဲ ရှိတော့မယ်၊ အကုန်ပြန်ကုန်ပြီ။ ဒီဘက် နွားခြံဘက်က စစ်ဘေးရှောင်တွေကိုကျတော့ ၁၈ ဂိတ်ကနေပြီးတော့ ပြန်ပို့တယ်။ ဟိုဘက်က KNU၊ PC က ကြိုပေးတယ်“

လက်ရှိ ထိုင်းဘက်ခြမ်းက ဂိတ် (၁၄၊ ၃၆) မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးချို့တဲ့သူတွေ အပါအဝင် စစ်ဘေးဒုက္ခသည် တစ်ထောင်လောက်ပဲ ကျန်တော့တယ်လို့ သူက ပြောပါတယ်။

"လမ်းမလျှောက်နိုင်တဲ့ သူတွေကကျတော့ လူမမာတွေပါရင် ကားနဲ့ပို့ပေးတယ်"

အခြေအနေတွေ ပြန်တည်ငြိမ်လာတာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့တာလို့ စစ်ရှောင်စခန်းက ပြန်လာတဲ့ မြ၀တီ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“သူတို့ထားတဲ့ ခြံဝင်းကြီးထဲကနေပြီးတော့ ၁၈ ဂိတ်ကို လျှောက်နိုင်တဲ့သူတွေက လမ်းလျှောက်ပြီးတော့ ပို့ပေးတာပေါ့။ လမ်းမလျှောက်နိုင်တဲ့ သူတွေကကျတော့ လူမမာတွေပါရင် ကားနဲ့ပို့ပေးတယ်။ ထိုင်းဘက်က ၁၈ ဂိတ်နားလောက်ထိ ပို့ပေးတယ်။ မြန်မာပြည်ဘက်ခြမ်း ကမ်းစပ်ကို ပို့ပေးတယ်။ ကမ်းကူးလှေနဲ့ ပို့ပေးတယ်။ ၁၈ ဂိတ်မှာရှိတဲ့ အဖွဲ့တွေကလည်း သူတို့ကားလေးတွေနဲ့ ပြန်ဖို့ကားရှိလားမေးပြီး လာခေါ်တဲ့ကားတွေနဲ့ လိုက်သွားတာရှိသလို လာခေါ်မယ့် ကားမရှိရင်လည်း ၁၈ ဂိတ်က ကားတွေက အိမ်အသီးသီးကို အုပ်စုလိုက် လိုက်ပို့ပေးတာရှိတယ်“

ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ မြ၀တီတိုက်ပွဲအတွင်း စစ်ကာင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဧပြီလ ၂၀ ရက် တစ်ရက်တည်းမှာပဲ ဒေသခံ လေးယောက်သေဆုံးပြီး ရှစ်ယောက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း ဒဏ်ရာရထားတဲ့ မြန်မာနိုင်ငံသား ၃၈ ယောက်ကို မဲဆောက်ဆေးရုံမှာ ကုပေးနေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew က ဧပြီလ ၂၂ ရက်နေ့ မနက်က ပြောပါတယ်။ စနေနေ့မှာ ၂၂ ဦး၊ တနင်္ဂနွေနေ့မှာ ၁၆ ဦး ရောက်လာပြီး သူတို့ကို လူသားချင်းစာနာမှုအရ ကုသစောင့်ရှောက်ပေးနေတယ်လို့ ဝန်ကြီးက RFA ကို ပြောပါတယ်။

အဲဒီဒဏ်ရာရထားတဲ့သူတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလား၊ KNU/PDF တပ်ဖွဲ့ဝင်တွေလား၊ အရပ်သားလားလို့ မေးတဲ့အခါ လူနာတွေကို ခွဲခြားဆက်ဆံမှုမရှိစေလိုတဲ့အတွက်ဆိုပြီး ဝန်ကြီးက တိတိကျကျ မပြောပါဘူး။

RFA က လေ့လာစုံစမ်းရသမျှ မြဝတီမှာ စစ်ကောင်စီတပ်က လေကြောင်းကနေပစ်လို့ အရပ်သားတချို့ သေဆုံးတာ၊ ဒဏ်ရာရတာလည်းရှိခဲ့ပြီး ဒဏ်ရာရတဲ့ အရပ်သားတချို့လည်း မဲဆောက်မှာကုနေတယ်လို့ သိရပါတယ်။

ထိုင်းဒေသတွင်း သတင်းတစ်ပုဒ်အရ မဲဆောက်ဆေးရုံမှာ စစ်ကောင်စီဘက်က တပ်သားတချို့လည်း ကုသနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီမှာ စစ်ကောင်စီဘက်ကရော၊ တော်လှန်ရေး တပ်ဘက်ကရော၊ အရပ်သားတွေရော ပါနိုင်တယ်လို့ သိရပါတယ်။

ထိုင်းဘက်သို့ ထွက်ပြေးခဲ့ကြသည့် မြဝတီမြို့ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)
ထိုင်းဘက်သို့ ထွက်ပြေးခဲ့ကြသည့် မြဝတီမြို့ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)

မြ၀တီတိုက်ပွဲကြောင့် ဒဏ်ရာရပြီး မဲဆောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူတွေအထဲ PDF တွေလည်း ပါဝင်တယ်လို့ ဒဏ်ရာရလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီနေတဲ့ နော်နေခြည်လင်းက RFA ကို ပြောပါတယ်။

“အဓိကတော့ ထိခိုက်ဒဏ်ရာကတော့ မရဘူးလို့လည်း မညာချင်ပါဘူး။ ရှိပါတယ်။ ပန်းတွေနဲ့ ပေါက်နေကြတာ မဟုတ်ဘူးတော့ အထိအခိုက်တွေရှိတယ်။ ဝန်ကြီးပြောသွားတဲ့ အရေအတွက်မှာ အနောတို့လူတွေ တစ်စိတ်တစ်ပိုင်းတော့ပါတယ်။ အတတ်နိုင်ဆုံး သူတို့ကို သက်ဆိုင်ရာ ဆေးရုံ၊ ဆေးပေးခန်းတွေရဲ့ ညွှန်ကြားချက်အတိုင်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ကိုယ်ခန္ဓာအရ ထိခိုက်မှုရှိပေမယ့် စိတ်ဓာတ်ပိုင်းအရတော့ သူတို့ ကျန်းမာသန်စွမ်းပါတယ်”

KNU/PDF ပူးပေါင်းတပ်ဖက်က ဒဏ်ရာရတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုလို့ မရဘူးလို့ နော်နေခြည်လင်းက ပြောပါတယ်။

ဧပြီလ ၂၂ ရက် ထိုင်းစံတော်ချိန် ညနေ ၄ နာရီလောက်မှာတော့ မြဝတီ-မဲဆောက် အမှတ် (၁) တံတားမှာ မြန်မာဘက် ကနေ ထိုင်းကိုသွားမယ့်သူတွေကို ပိတ်ထားပြီး၊ ထိုင်းဘက်ကတော့ မြန်မာဘက်ကို ဖွင့်ထားသလို၊ အမှတ် (၂) ကုန်သွယ်ရေးတံတားမှာတော့ ထိုင်းဘက်ကရော မြန်မာဘက်ကပါ ဘယ်ကုန်ကားမှသွား လာခွင့်မရသေးဘူးလို့ RFA သတင်းထောက် Pimuk Rakkanam က သတင်းပေးပို့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။