ကေအိုင်အိုနှစ်ပတ်လည် ဂီတဖျော်ဖြေပွဲ တိုက်ခိုက်ခံရမှု လူ ၅၀ ခန့်သေဆုံးကြောင်း ဒေသခံတွေပြော

2022.10.24
ကေအိုင်အိုနှစ်ပတ်လည် ဂီတဖျော်ဖြေပွဲ တိုက်ခိုက်ခံရမှု လူ ၅၀ ခန့်သေဆုံးကြောင်း ဒေသခံတွေပြော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ဖားကန့်မြို့နယ် အန့န်ပါကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အထိမ်းအမှတ်အကြိုနေ့ တေးဂီတပွဲကျင်းပစဉ် စစ်ကောင်စီတပ်၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မြင်ကွင်း။
Screenshot: The 74 Media Video

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေ၊ ဖားကန့်မြို့နယ် ကံဆီးရွာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အနန့်ပါ လေ့ကျင့်ရေးကွင်းမှာ ကေအိုင်အို တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည် တေးဂီတ ဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီ လောက်က လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အေအိုင်အေ တပ်ဖွဲ့ဝင် အပါအဝင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သား ၅၀ ဝန်းကျင်ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၁၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဖားကန့်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

“အဲနေ့ညက ဖားကန့်မှာရှိတဲ့ ကချင်စီးပွားရေး လုပ်ငန်းရှင် တော်တော်များများလည်း ပါတယ်။ တခြားလူမျိုးခြားတွေရော တရုတ်တို့ ဘာတို့ရောပါမယ်ထင်တယ်။ အဲဘက်က အရာရှိတွေရော အဲဒါတွေရော အတော် ကျဆုံးတယ်။ ပြီးရင် လူထုကလည်း အုံလိုက် ကျင်းလိုက် ရှိနေတာကို အဲနေရာမှာ မိုင်းက လေးလုံးဆိုတော့ ထောင်ဂဏန်းရှိနေတဲ့ အချိန် လူပုံအလယ်တည့်တည်မှာ လာခွဲတယ်ဆိုတော့ အတည်မပြုနိုင်တဲ့ သတင်းတွေ အရတော့ ရာထပ်တယ်လို့ ပြောနေကြတယ်”

အောက်တိုဘာလ ၂၅ ရက် မနက်ဖြန်မှာကျရောက်မယ့် ကေအိုင်အိုတည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် တေးဂီတဖျော်ဖြေပွဲကို မနေ့ကစလို့ သုံးရက်ကြာ ပြုလုပ်ဖို့ စီစဉ်ထားရာမှာ ပထမဆုံးနေ့မှာပဲ အခုလို တိုက်ခိုက်ခံရတာလို့ပြောပါတယ်။

မနေ့က အခမ်းအနားကို ကချင်အနုပညာရှင် ကိုးဦးခန့် တက်ရောက်ခဲ့ရာမှာ အဆိုတော် အော်ရာလီ၊ အမျိုးသမီး အဆိုတော် ယော်လွင်နဲ့ ဂီတပညာရှင် ကိုကင်းတို့ သုံးဦး သေဆုံးခဲ့သလို ကချင်အနုပညာရှင်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဝါရင့်သရုပ်ဆောင် ဇော်ဒိန်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်အနုပညာရှင်တစ်ဦးက RFA ကိုပြောပါ တယ်။

ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒါဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ တပ်မဟာ ၉ နယ်မြေဖြစ်နေတဲ့ ဖားကန့်ဘက်မှာပေါ့ မနေ့က ၈ နာရီ မိနစ် ၄၀ ကျော်မှာပေါ့ ၉ နာရီ နီးပါး အချိန်မှာ စစ်ကောင်စီ ဘက်ကနေ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတဲ့ အနေထားတွေ ဖြစ်စဉ်တွေ ရှိပါတယ် ခင်ဗျ။ ဗုံးကြဲတိုက်ခိုက်တဲ့ နေရာမှာ ကျနော်တို့ရဲ့ အဖွဲ့သားတွေ ကျဆုံးသွားတာတွေလည်း ရှိတယ် ဒဏ်ရာရတာ ရှိတယ်။ အထူးသဖြင့်ကတော့ ပြည်သူလူထုတွေကိုလည်း ထိခိုက်တာ ရှိသွားတာ။ ဒါကတော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး ဝမ်းနည်းပါတယ်။ ကျနော်တို့ ရန်သူ အချင်းချင်း တိုက်ခိုက်တဲ့ နေရာမှာ မဟုတ်ဘဲနဲ့ ပြည်သူလူထုနဲ့ ကျနော်တို့ ရောယှက်ပြီးမှ နေတာကို သိလျက် တမင် အစီအစဉ်ရှိရှိနဲ့ လာဗုံးကြဲတာတော့ ကျနော်တို့ ဝမ်းနည်းပါတယ်”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ စိစစ်နေဆဲဖြစ်တာကြောင့် အရေအတွက် တိတိကျကျကို မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သေဆုံးသူ ၅၀ ခန့်ရှိနိုင်ကြောင်း ဒေသခံတွေရဲ့ ပြောဆိုမှုတွေဟာ ဖြစ်နိုင်သလားလို့ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်လက်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မဟုတ်ဘူးလို့ မပြောလိုပေမယ့် ဒီအရေအတွက်အပေါ် သီးသန့် အတည်ပြုပေးလို့ မရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

"မိုင်းက လေးလုံးဆိုတော့ ထောင်ဂဏန်းရှိနေတဲ့ အချိန် လူပုံအလယ်တည့်တည်မှာ လာခွဲတယ်"

လက်ရှိမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာဘက်ကို သွားတဲ့လမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို သွားရောက် ကူညီကယ်ဆယ်လို့ မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်မြို့က ပရဟိတအဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။

“သွားလို့တော့ မရသေးဘူး ကယ်ဆယ်ရေး လုပ်လို့မရသေးဘူး။ ဒါပေမဲ့ အဖွဲ့အစည်း တွေ အကုန်လုံးကတော့ အကူအညီပေးဖို့ အကူအညီတော့တောင်းထားတယ် သွားလို့ မရသေးဘူး။ တပ်ကလည်း လမ်းဂိတ်တွေ လုံခြုံရေး အထပ်ထပ်လုပ်ထားတာလေ သွားလို့မရဘူး အကုန်ပိတ်ထားတာ”

ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့အတွက် ကချင်အရပ်ဘက်အဖွဲ့စည်းတွေနဲ့ ပရဟိတအသင်းတွေက မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ထံ ခွင့်ပြုချက်တောင်းခံထားပေမယ့် အောက်တိုဘာ ၂၄ ရက် ညနေအထိ ခွင့်ပြုလာတာ မရှိသေးဘူးလို့ ပရဟိတအသင်းအဖွဲ့တွေကပြောပါတယ်။

ကေအိုင်အိုက နှစ်ပတ်လည် အခမ်းနား ပြုလုပ်နေတဲ့ အနန့်ပါ နေရာဟာ ဖားကန့်မြို့နဲ့ ၁၅ မိုင်ဝန်းကျင်လောက် ဝေးပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ကူညီဖို့အတွက် လမ်းပြန်ဖွင့်မယ့် အချိန်ကိုသာ စောင့်ဆိုင်းနေရတယ်လို့လည်း ပြောကြပါတယ်။

KIO airstrike
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ဖားကန့်မြို့နယ် အန့န်ပါကျေးရွာအနီး KIA တပ်မဟာ ၉ တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးသွားသည့် မြင်ကွင်း။ (Photo: Citizen Journalist)

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ မနေ့က ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ချိတ်ဆက် ကူညီထောက်ပံ့ပေးသွားဖို့ ရှိတယ်လို့ RFA ကိုပြောပါတယ်။

“အတိအကျ အရပ်သားတွေ ဘာတွေ သေတယ်ဆိုတာ တိုက်ပွဲဖြစ်နေတဲ့ သတင်းလေ ကျနော့်ဆီကို မရောက်သေးဘူး ကြားတာတွေတော့ ရှိတယ်။ ချိတ်ဆက်ပြီး လုပ်နေတာတွေ ရှိပါတယ်။ တိုက်ပွဲဖြစ်နေတာ ချက်ချင်းသွားပြီး လိုက်ပြီး ထောက်ပံ့လို့ရတဲ့ အမျိုးမဟုတ်ဘူးလေ။ တိုက်ပွဲတွေပြီးသွားပြီ အခြေအနေကောင်းသွားပြီ ဆိုရင် ကျနော် တောက်လျှောက် လိုက်မှာပါ”

ကချင်ပြည်နယ်မှာ အောက်တိုဘာ ၂၅ ရက်နေ့ရောက်တိုင်း ကေအိုင်အို တည်ထောင်တဲ့ နှစ်ပတ်လည် အခမ်းအနားကို ကေအိုင်အေ ဌာနချုပ်နဲ့ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေမှာ နှစ်စဉ် ကျင်းပလေ့ရှိတာပါ။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဘက်က လေကြောင်းနဲ့ပါ ထိုးစစ်တိုက်ခိုက် နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။