မြိုင်မြို့နယ် PDF တပ်ဖွဲ့ဝင်ငါးဦး နှိပ်စက်သတ်ဖြတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို နိုဝင်ဘာလ ၁ ရက် မနေ့ မနက် ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ပျုစောထီး ပူပေါင်းအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးပြီးနောက် နှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဒေသအခြေစိုက်ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၃၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ဖို့ လုပ်နေချိန်မှာ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရတာလို့ ပြောပါတယ်။
ရုပ်အလောင်းတွေကို မြိုင်နဲ့ ပေါက်မြို့နယ်အစပ် ပေါက်မြို့နယ်ထဲက ဆေးပင်ကြီး၊ ကျောက်လုံးနဲ့ ဝါးရင်းချိုင့် စတဲ့ ရွာသုံးရွာကြားမှာ မနေ့မနက် ၁၁ နာရီခွဲမှာ တွေ့ရှိခဲ့ရတာ လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်ရိုးမက ပြောပါတယ်။
"ထိပ်တိုက်တိုးတဲ့အချိန်မှာ သူတို့က သေနတ်နဲ့ တောက်လျှောက်ပစ်ပြီး ဒဏ်ရာရတဲ့ ကလေးတွေကို ညှဉ်းပန်းနှိပ်စက်ပြီးတော့ သေနတ်ဒင်နဲ့ ရိုက်တာရော၊ လည်မျိုတွေကို သေနတ်ဒင်နဲ့ ထုရိုက်နှက်ပြီးတော့ အဲလို သတ်သွားတယ်ဗျ။ လက်ပြန်ကြိုးတွေ၊ ဘာတွေ တုပ်ပြီး ရက်ရက်စက်စက် လုပ်သွားတဲ့ အဲပုံစံမျိုးပါပဲ။ ကျနော်တို့ ကိုယ်တိုင်ပဲ အလောင်းတွေကို ကောက်ပြီး သင်္ဂြိုဟ် ပေးလိုက်ပါတယ်။ လည်ပင်းကို ကြိုးနဲ့ ရစ်ပြီး ဆွဲထားတာရော ပါတယ်။ လည်ပင်းမှာလည်း ဒဏ်ရာဒဏ်ချက်ပါတယ်။ လက်တွေမှာ လှီးထားတာ ပါတယ်။ လည်ပင်းတွေ၊ လည်မျိုတွေ ဓားနဲ့ထိုးထားတာပါတယ်။ သေနတ်နဲ့ ပစ်ထားတာတော့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ နှစ်ယောက် ပါတယ်။ အလောင်းကတော့ အကုန်လုံး ငါးလောင်းလုံး လက်ပြန်ကြိုး တုပ်လျက်ကြီးပါပဲဗျ"
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသက် ၂၀ ဝန်းကျင် လူငယ် ငါးဦး အသတ်ခံရတာဖြစ်ပြီး ရုပ်အလောင်းတွေကို ရပ်ရွာတွေကို သယ်ယူပြီးနောက် မနေ့က ညနေ လေးနာရီခန့်မှာ သင်္ဂြိုဟ် လိုက်တယ်လို့လည်း သူက ပြောပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) က စစ်ကောင်စီစစ်ကြောင်း ထွက်လာတာဖြစ်ပြီး မြိုင်နဲ့ ပေါက်မြို့နယ် အစပ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လကျ်ာက ပြောပါတယ်။
"ဖြစ်စဉ်ကတော့ မနေ့တုန်းက မနက် ၆ နာရီခွဲလောက်မှာ လက်နက်ကြီးတင်တဲ့ အဖွဲ့ပေါ့။ စစ်ကြောင်းကို လက်နက်ကြီးတင်တဲ့အဖွဲ့က နောက်ကျ ကျန်ခဲ့တာမှာ ကားတားပြီးတော့ ကားပေါ်က ရှေ့မောင်းတဲ့သူနဲ့ ရှေ့ခန်းမှာပါတဲ့သူက ပြေးလို့ လွတ်တယ်၊၊ မောင်းတဲ့သူက နည်းနည်း ကျည်ထိသေးတယ်။ နောက်ခန်းမှာ ပါတဲ့ ငါးဦးလုံးက အဲနားမှာ ဆယ့်လေးငါးတောင် ပြေးနိုင်ပြီးတော့မှ လည်ပင်းတွေ ဘာတွေ သေနတ်ဒင်တွေနဲ့ ရိုက်ပြီးတော့မှ သတ်သွားတယ်လို့ သိရတယ်"

စစ်ကောင်စီတပ်သားတွေက PDF တပ်ဖွဲ့ဝင်တွေရဲ့ ကားကို ပစ်ခတ်ချိန်မှာ အဲဒီတပ်ဖွဲ့ဝင် ငါးဦးက ဒဏ်ရာကြောင့် မပြေးနိုင်ဘဲ အဖမ်းခံခဲ့ရတာဖြစ်ပြီး အတူပါလာတဲ့ နောက် နှစ်ဦး ကတော့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်လို့လည်း သူကပြောပါတယ်။
ဖမ်းမိသူတွေကို စည်းကမ်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပေမယ့် အခုလို နှိပ်စက်သတ်ဖြတ်လိုက်တာက ရက်စက်လွန်းရာကျတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲတော့ ကျနော်တို့က ဘာဥပဒေမှလည်း မရှိတော့ဘူး။ သူတို့ရဲ့ ဥပဒေဆိုတာလည်း ဘာမှ မဟုတ်တော့ဘူးပေါ့။ သူတို့ကတော့ အကြမ်းဖက်မှာပဲ သတ်မယ်၊ ဖြတ်မယ်။ မိရင် တစ်ခါတည်း ရှင်းခဲ့မယ်။ အလုပ်ရှုပ်တယ်၊ ရှင်းမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာပေါ့။ သူတို့ရဲ့ ရက်စက်မှုက ပိုးဆိုးလာတယ်။ စည်းတွေ၊ ဘာတွေ မရှိတော့ဘူး။ အစောက ကျနော် ပြောသလိုပေါ့ဗျာ။ ဂျနီဗာကွန်ဗန်းရှင်းတို့ ဘာတို့ နိုင်ငံတကာဥပဒေ မပြောနဲ့ ဗျာ။ သူတို့ ဒီပြည်တွင်းဥပဒေ သူတို့ ချမှတ်ထားတဲ့ ဥပဒေတောင် လိုက်နာတာ မရှိတော့ဘူးပေါ့။ အောက်ခြေမှာ ဝရုန်းသုန်းကား ဖြစ်နေပြီ။ သူတို့ အားကိုးထားတဲ့ ပျူစောထီးတွေဆိုတာလည်း တကယ့်ကို နားထင်သွေးရောက် ဖြစ်နေပြီပေါ့ဗျာ။ ဘယ်လိုပြောရမလဲ တော်တော်လေး ရက်စက်ပါတယ်။ တော်တော်လေး ကြမ်းပါတယ်"
ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့အထဲ စစ်ကောင်စီတပ်သား အရေအတွက်ထက် ပျူစောထီးအဖွဲ့ဝင်တွေက ပိုများပြီး ဒါဟာ အမုန်းတရားတွေနဲ့ ဒေသခံတွေအချင်းချင်း တိုက်ခိုက်ခိုင်းနေတာလို့လည်း သူကပြောပါတယ်။
"သူတို့ကတော့ အကြမ်းဖက်မှာပဲ သတ်မယ်၊ ဖြတ်မယ်။ မိရင် တစ်ခါတည်း ရှင်းခဲ့မယ်။ အလုပ်ရှုပ်တယ်၊ ရှင်းမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာပေါ့။ သူတို့ရဲ့ ရက်စက်မှုက ပိုးဆိုးလာတယ်"
လက်ရှိမှာလည်း စစ်ကောင်စီက ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်တာတွေထက် ပိုသတ်ဖြတ်နေတာပဲ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၂ ရက် မနက် ၈ နာရီလောက်က မြိုင်မြို့နယ်၊ ကန်နက်ရွာကို ဝင်ရောက်ပြီးနောက် အဲဒီရွာက အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို ပစ်သတ်တယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။ ဒါပေမဲ့ ဒီပြောဆိုတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီဖြစ်ရပ်ကြောင့် လက်ရှိမှာ ကန်နက်ရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်က PDF တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာနဲ့ ကန်နက်ရွာက ဒေသခံ သုံးဦး ပစ်သတ်ခံရတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အသေးစိတ် မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁ ရက် နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၂၄၀၄ ဦးရှိနေပြီး အဲဒီထဲမှာ မကွေးတိုင်းအတွင်း သေဆုံးသူ ၂၅၀ နီးပါး ရှိနေပါတယ်။