စစ်ကြောင်းထိုးခံရပြီးနောက် ဆွာမြို့ ဒေသခံရှစ်ဦး သတ်ဖြတ်ခံရ
2024.04.23

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း၊ ရေတာရှည်မြို့နယ် ဆွာမြို့အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကာင်စီတပ်က ဧပြီလ ၁၉ ရက်နေ့လောက်ကစလို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကလေးတစ်ဦးနဲ့ ရဟန်းတစ်ပါးအပါအဝင် လူရှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က RFA ကို ဒီနေ့ ပြောပါတယ်။
ဧပြီလ ၁၉ ရက်နေ့က ရွာသစ်ကျေးရွာက ကလေးတစ်ဦးနဲ့ အမျိုးသားသုံးဦး၊ ပိတောက်ကုန်းကျေးရွာမှာ ဧပြီလ ၂၀ ရက်နေ့က ရဟန်းတစ်ပါးနဲ့ ဧပြီလ ၂၁ ရက်နေ့က အမျိုးသားသုံးဦး၊ စုစုပေါင်း ရှစ်ဦး သတ်ဖြတ်ခံခဲ့ရတာလို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
"ရွာသစ်ရွာက လေးဦးက အရင်အသတ်ခံရတာ၊ အဲဒါပြီးတော့ နှစ်ရက်လောက်နေတော့ ပိတောက်ကုန်းက ဦးပဉ္စင်းတစ်ပါးကို သတ်ပြီးတော့ ကျွဲ၊ နွားတွေ ချည်ထားတာတွေကို ပြန်လွှတ်တဲ့ ပြည်သူသုံးဦးကို ထပ်သတ်တယ်။ သူတို့က လာလို့ရှိရင် သေနတ်တွေနဲ့ ပစ်ဝင်ဝင်တာ၊၊ ပြည်သူပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သူတို့က မြင်တဲ့သူ အကုန်ရှင်းတာပဲ"
စစ်ကောင်စီတပ်သားတွေက အဲဒီရွာပတ်ဝန်းကျင်တွေမှာ ရှိနေသေးတာကြောင့် သတ်ဖြတ်ခံရသူတွေနဲ့ ပတ်သက်တဲ့အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ သူကပြောပါတယ်။
ဒေသခံတွေ အသတ်ခံရတာနဲ့ပတ်သက်လို့ အသေးစိတ် ထပ်မံစုံစမ်းနိုင်ဖို့ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံ အရပ်သားတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေတာရှည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
ဒီတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်က ဆွာမြို့ဝန်းကျင်ဒေသကို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဂွေးပျောက်ကုန်း၊ ဆွာရွာမ၊ ခင်တန်း၊ ကိုးတန်း၊ ရွာသစ်၊ တောင်ကြီး၊ ပိတောက်ကုန်း စတဲ့ကျေးရွာတွေ အပါအဝင် ရွာ ၂၃ ရွာက လူပေါင်း ခြောက်ထောင်ခန့် လည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေ ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အဲဒီတစ်ကြောလုံး ပြောပါတော့ဗျာ။ အဲဒီဘက်အကုန်လုံးဆိုရင် ဒီဘက် လက်ရှိအနေအထားထိ တစ်ကြောလုံးမှာရှိတဲ့ ပြည်သူတွေ တော်တော်များများ အပြင်ကို ထွက်ပြေးနေရတယ်။ သူတို့က ဖမ်းထားတာတွေက တအားများတယ်ဗျ"
ဖမ်းဆီးခံရတဲ့အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီပြောဆိုချက်တွေဟာ သတင်းမှားသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
"သူတို့ကတော့ သတင်းတု သတင်းမှားတွေနဲ့ ပြည်သူတွေကို ကြောက်လန့်အောင် အထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်နေတဲ့ သတင်းတွေပါ။ တကယ့်တကယ် မြေပြင်အနေအထားမှာ ကျွန်တော်တို့ အသိဆုံးပါ။ ထွက်ပြေးတယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ သိသလောက်ကတော့ ရွာသားတွေက အေးအေးချမ်းချမ်းပါပဲ။ PDF ကတော့ ထွက်ပြေးနေရတာပဲလေ။ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်နေသူတွေကတော့ သူ့လိပ်ပြာသူ မလုံလို့ ထွက်ပြေးတာတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်"
အဲဒီဘက်တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ လုံခြုံရေးအဖွဲ့တွေက နယ်မြေအေးချမ်းအောင် ဆောင်ရွက်နေတယ်လို့လည်း သူကပြောပါတယ်။
"လေယာဉ်နဲ့က နေ့စဉ်လိုလို လာကြဲနေတော့ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့ ပြည်သူတွေလည်း။ တချို့ပြည်သူတွေဆို ဒဏ်ရာရထားတာတွေရှိတယ်၊ ဆေးဝါးမကုနိုင်ဘူး"
ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကတော့ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲပါ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
"လေယာဉ်နဲ့က နေ့စဉ်လိုလို လာကြဲနေတော့ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့ ပြည်သူတွေလည်း။ တချို့ပြည်သူတွေဆို ဒဏ်ရာရထားတာတွေရှိတယ် ဆေးဝါး မကုနိုင်ဘူး။ ဟိုဘက်ကိုလည်း မသွားရဲကြဘူး၊ အဲဒီလို ဖြစ်တာပေါ့"
လက်ရှိအချိန်ဟာ နွေစပါး ရိတ်သိမ်းရတော့မယ့် ကာလဖြစ်နေတာကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်နေတယ်လို့လည်း သူကပြောပါတယ်။