စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့ မည်သူနဲ့မဆို ပူးပေါင်းမယ်လို့ ကေအိုင်အိုဥက္ကဋ္ဌ ပြော
လက်ရှိအချိန်ဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး စစ်အာဏာ ရှင်ပြုတ်ကျရေးအတွက် မည်သူနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကေအိုင်အိုတည်ထောင်ခြင်း (၆၁) နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
“ကေအိုင်အို ဗဟိုကော်မတီက စစ်အာဏာရှင်ကို ချေမှုန်းဖို့ဆုံးဖြတ်ထားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်း ဆောင်ရွက်သွားမယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး ရကတည်းက အမြစ်တွယ်လာပြီဖြစ်တဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ခြင်းမရှိလျှင် နောင်တွင် တိုက်ဖျက်ဖို့ ခက်ခဲသွားမယ်ဆိုတာကို ကျွန်တော်တို့အားလုံး နားလည်ထားရမည်ဖြစ်ပါတယ်။ အခုချိန်မှာ ဖိနှိပ်ခံထားရတဲ့ တိုင်ရင်းသား ပြည်သူတွေရဲ့ အခက်အခဲတွေကို နားလည်လာပေးကြတာသာမက၊ ဘာကြောင့် တော်လှန်ရေးလုပ်တယ်ဆိုတာကိုလည်း နားလည်လာကြပြီဖြစ်ပါတယ်။ အခုလူမျိုးအပြုအမူဟာ နှစ်ပေါင်း ၇၀ ကျော် အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်ခံထားရတဲ့ပြည်သူတွေအတွက် အချိန်အခါကောင်း အခွင့်အရေးကောင်း ဖြစ်လာပါပြီ။ အခုလိုမျိုး အခွင့်အရေးကောင်းက အရင်ကတခါမှမရဖူးတဲ့ အခြေအနေ၊ အခုမှရဖူးတဲ့ အထူးအခွင့်အရေး ဖြစ်ပါတယ်။ အခုဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရင် နောင်မှာ အခုလိုကောင်းတဲ့ အချိန်အခါကောင်းပြန်ရဖို့ ခက်ခဲသွားမည်ဆိုတာကို သတိရရမှာ ဖြစ်ပါတယ်”
KIO/KIA နဲ့တကွ ကချင်လူထုတစ်ရပ်လုံးဟာ တရားမှု၊ မတရားမှု (ဓမ္မနဲ့ အဓမ္မ)ကို ရွေးချယ်သိမြင်ရမှာဖြစ်ပြီး တရားတဲ့ဘက်မှာပဲ ရဲရဲဝံ့ဝံ့ ရပ်တည်ရမယ်လို့လည်း ဗိုလ်ချုပ်အင်ဘန်လက ပြောပါတယ်။
KIO/KIA အမှုထမ်းတိုင်းဟာ ပြည်သူကို ကာကွယ်စောင့်ရှောက်ပြီး ပြည်သူတွေရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ကြိုးစားလုပ်ဆောင်ပေးရမယ်လို့လည်း ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) တည်ထောင်ခြင်း (၆၁) နှစ် ပြည့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက ထည့်သွင်းပြောဆိုသွားပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေတယ်လို့ပြောပါတယ်။
“ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးတည်ပြီးတော့ဆောင်ရွက်သွားမယ်လို့ ကျနော်တို့ပြောပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ကျနော်တို့ ကေအိုင်ကေအဖွဲ့နဲ့ လက်မှတ်မထိုးရသေးပေမဲ့ ကချင်ပြည်နယ်ထဲမှာ ကျနော်တို့ တတ်နိုင်သမျှ တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်လျက်ရှိတယ်။ ယခင်ကလည်း ကျနော်တို့ ကချင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး မိုင်းရှင်းလင်းတာတွေဆောင်ရွက်ပေးခဲ့တယ်၊ ဆောင်ရွက်လျှက်လည်းရှိတယ်။ ကျနော်တို့ရပ်တည်ချက်ကတော့ ခုနကပြောတဲ့ NCA လမ်းကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလမ်းကြောင်းပေါ်မှာပဲ ရပ်တည်လျက်ရှိတယ်လို့ ကျနော်တို့ပြောချင်ပါတယ်”
ကချင်ပြည်နယ် အမျိုးသမီးအရေးလုပ်ရှားသူ ဒေါ်နန်ပူကတော့ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ပြောဆိုချက်တွေဟာ ကချင်လူထုလူမှုအဖွဲ့အစည်းတွေ လွတ်မြောက်ရေးအတွက် ပိုမိုအားစိုက်လုပ်ဆောင်ရာမှာ ခွန်အားဖြစ်စေတယ်လို့ မှတ်ချက်ပေးပါတယ်။
“ကေအိုင်အို ဥက္ကဋ္ဌရဲ့ မိန့်ခွန်းဟာ ကေအိုင်အို အမှုထမ်းတွေနဲ့ ကချင်လူမျိုးတွေရဲ့ လွတ်မြောက်ရေးအတွက် စိတ်ကို ပြန်လည်နိုးထစေတဲ့ မိန့်ခွန်းဖြစ်တယ်လို့ မြင်တယ်”
တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး အခုလို တိုင်းပြည်အရေးကြီးချိန်မှာ စည်းလုံးစေချင်တယ်လို့လည်း ဒေါ်နန်ပူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပေမယ့် အခုချိန်မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လက်နက်ကိုင်တော်လှန်နေတဲ့ ဦးအောင်ဟိန်းမင်းက ကေအိုင်အိုဥက္ကဋ္ဌရဲ့ သဘောထားကို ထောက်ခံကြိုဆိုတယ်လို့ ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO) ကို ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ KIO ဟာ ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာမသိမ်းခင်က အခြားတိုင်းရင်းသားလက်နက်ကိုင်တွေလိုပဲ ပဏာမ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် Bilateral ကို လက်မှတ်ထိုးဖို့ NLD အစိုးရနဲ့ စစ်တပ်ကိုယ်စားလှယ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ စစ်တပ်က လူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် ကေအိုင်အိုဘက်က ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာပါ စစ်ဆင်ရေးတွေ ပြန်လည်စတင်လာတာ ဖြစ်ပါတယ်။