မြို့ရှစ်မြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း တစ်ရာဝန်းကျင်ကို KIA ထိန်းချုပ်ထား
2024.05.14

၂၀၂၄ ခုနှစ် နှစ်စကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်တာတွေ ခပ်စိပ်စိပ် ဖြစ်လာတာပါ။
ဒီနှစ်စကစပြီး မေလ ၈ ရက်နေ့အတွင်းဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့ မြို့ ရှစ်မြို့အပါအဝင် စစ်တပ် စခန်းပေါင်း တစ်ရာဝန်းကျင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားတယ်လို့ အတည်ပြုထားပါတယ်။ အဲဒီမြို့တွေမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့လည်း KIA က ကြိုးပမ်းနေပါတယ်။
“KIA အနေနဲ့တော့ ကချင်ပြည်နယ်ကို အဓိကထားပြီး ထိုးစစ်ဆင်နေတယ်လို့ မြင်ရတယ်"
ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေရလမ်းတွေနဲ့ ထောက်ပို့လမ်းကြောင်းတွေကို အတိုင်းအတာတစ်ခုထိ ကန့်သတ်ထိန်းချုပ်ထားနိုင်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“နဂိုအတိုင်း သူတို့ စစ်တပ် ကြံ့ကြံ့ခိုင်တဲ့ သူတို့ တပ်တွေကို ထိန်းသိမ်းဖို့ လွယ်မယ်လို့ မထင်ပါဘူး။ နောက်ပြီး သူတို့ရဲ့ ဝင်ငွေတွေလည်း အနှောင့်အယှက်ကတော့ အများကြီး ရှိပါပြီ။ အရင်လို ပုံစံ ကြိုက်သလောက် လိုသလောက် ကောက်တာတွေ၊ သုံးတာတွေ လုပ်လို့တော့ အခုချိန်မှာ မရတော့ဘူး"
စစ်ကောင်စီအတွက် ဘဏ္ဍာငွေရရှိနေတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာ KIA က အလုံးစုံ ထိန်းချုပ်လိုက်သလို ကျောက်စိမ်းမြေ ဖားကန့်မြို့ရဲ့ အဓိက ဝင်ပေါက်လမ်းတွေ ဖြစ်တဲ့ မြစ်ကြီးနား-ဖားကန့်လမ်း၊ မိုးညှင်း-ဖားကန့်လမ်းနဲ့ ဟုမ္မလင်း-ဖားကန့်လမ်းတွေကိုလည်း ထိန်းချုပ်ထားတာပါ။
မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကို မေလ ၅ ရက်နေ့မှာ KIA သိမ်းယူခဲ့ပြီးနောက် မေလ ၇ ရက်နေ့မှာလည်း အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အခြေစိုက်တဲ့ ဗန်းမော်မြို့နဲ့ ကသာမြို့ကို ကုန်းလမ်းကတစ်ဆင့် ဆက်သွယ်ထားတဲ့ စင်းခန်းရွာက တပ်စခန်းကိုလည်း KIA က သိမ်းယူလိုက်တာပါ။
KIA ဌာနချုပ် လိုင်ဇာမြို့အနီးတစ်ဝိုက်က ဆယ်စုနှစ်နဲ့ချီ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေအပါအဝင် စခန်းကြီး၊ စခန်းငယ် အကုန်လုံးကို သိမ်းယူနိုင်ခဲ့ပြီး မတ်လ ၇ ရက်နေ့ကစတင်တဲ့ စစ်ဆင်ရေး နောက်ပိုင်းမှာဆိုရင် ဗျူဟာအရ အရေးပါတဲ့ တပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းယူထားတယ်လို့ ဆိုပါတယ်။
၂ဝ၁၁ ခုနှစ် ဇွန်လမှာ ပြန်စခဲ့တဲ့ တစ်ကျော့ပြန် စစ်ရေးပဋိပက္ခကာလမှာ စစ်တပ်က လိုင်ဇာမြို့အနီးတစ်ဝိုက်ကို ထိန်းချုပ်ခဲ့ပြီး စစ်တပ်စခန်းတွေ အထိုင်ချခဲ့ရာကနေ ဆယ်နှစ်ကျော်အကြာမှာ KIA က ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အချိန်တိုအတွင်းမှာ အခုလို KIA စစ်ဆင်ရေးတွေ အောင်မြင်နေတာဟာ ဒရုန်းနည်းပညာအသုံးပြုနိုင်တဲ့အချက် ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
“တိုင်းဒေသကြီး ပြည်မထဲမှာလည်းပဲ PDF တွေက တပ်ကို အလုပ်ရှုပ်ထားနိုင်တာကို။ အဲတော့ တပ်က အဲဘက်ကို စစ်ကူ မပို့နိုင်ဘူး။ အဓိက အဲဒီ ပြဿနာပဲ။ နောက်တစ်ချက်ကတော့ နည်းပညာပိုင်း၊ ဒရုန်း နည်းပညာပိုင်းပေါ့။ အဲဒီ နည်းပညာပိုင်းမှာ အစပိုင်းမှာ သာသွားတယ် အဲဒီသုံးချက်ပေါ့”
စစ်ကောင်စီတပ်က စီမံခန့်ခွဲမှုနဲ့ ဗျူဟာအမှားတွေကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်က ပြန်ပြီး ထိန်းချုပ်လာနိုင်လိမ့်မယ်လို့လည်း သူက ယူဆပါတယ်။
ကချင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိ KIA ဦးဆောင်ပြီး မဟာမိတ်တွေနဲ့အတူ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ရှုမြင်ပါတယ်။
“KIA အနေနဲ့တော့ ကချင်ပြည်နယ်ကို အဓိကထားပြီး ထိုးစစ်ဆင်နေတယ်လို့ မြင်ရတယ်။ အခုရက်ပိုင်းမှာ ဗန်းမော်ကို အဓိကထားပြီး ဝန်းရံပိတ်ဆို့ပြီး လုပ်နေတဲ့ အပိုင်းတွေ တွေ့တယ်။ မဟာဗျူဟာကျတဲ့ လမ်းတွေ ဒီဟာတွေ အရင်ဆုံး ထိုးစစ်ဆင်ပြီး KIA အပါအဝင် တပ်ပေါင်းစုတွေနဲ့အတူ ထိုးစစ်ဆင်နေတယ်။ ဒါကြောင့်လည်း တစ်ပြည်နယ်လုံးကိုလို့ ပြောလို့ရပါတယ်"
စစ်ကောင်စီက ကချင်ပြည်နယ်မှာ လက်ရှိကြုံနေရတဲ့ စစ်ရေးရှုံးနိမ့်မှုတွေကနေ လွတ်မြောက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ထွက်ပေါက်ရှာနေတယ်လို့လည်း နိုင်ငံရေးလေ့လာနေသူတွေက သုံးသပ်ကြပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ KIA နဲ့ မဟာမိတ်တွေရဲ့ ခပ်စိပ်စိပ် စစ်ဆင်ရေးတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာပြီး ၂၀၂၄ ခုနှစ် ပထမ လေးလအတွင်း ကချင်ပြည်နယ် မြို့ခုနစ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆၂ ဦး သေဆုံးခဲ့ပါတယ်။