ခင်ဦးနဲ့ ပုလဲမှာ စစ်ကြောင်းထိုးလာလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးရ

RFA Burmese
2023.06.24
ခင်ဦးနဲ့ ပုလဲမှာ စစ်ကြောင်းထိုးလာလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးရ စစ်ကောင်စီစစ်ကြောင်းများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကရွာတွေကို ဇွန်လ ၂၄ ရက် ဒီနေ့မနက်အစောပိုင်းနဲ့ ပုလဲမြို့နယ်ထဲက ရွာတွေကို ဇွန်လ ၂၃ ရက်မနေ့က  စစ်ကောင်စီတပ်သားတွေ စီးနင်း ဝင်ရောက်နေတာကြောင့် ဒေသခံ တစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးရတယ်လို့ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။

ခင်ဦးမြို့နယ် မြင်းဒေါင်းရွာမှာ တပ်စွဲထားတဲ့စစ်ကြောင်းဟာ ဇွန်လ ၂၄ ရက် ဒီနေ့မနက်အစောပိုင်း တဲစုရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ရွာခံအမျိုးသမီးတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းဒေါင်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြင်းဒေါင်းရွာမှာ ယာယီတပ်စွဲခဲ့တာ။ ဒီနေ့ ၂၄ ရက် မနက်လေးနာရီမှာ မြင်းဒေါင်းရွာ ကနေ မူးတိမ်ချောင်း တံတားကိုဖြတ်ပြီး မနက် ၅ နာရီမှာ တဲစုရွာထဲကို လက်နက်ကြီးနဲ့ လှမ်းထုတာ ရွာလယ်မှာ လက်နက်ကြီးကျလို့ မမိုးဆွေ ပွဲချင်းပြီးသေဆုံးတယ်။ နောက် ပြည်သူခြောက်ဦးက ဦးခေါင်းတို့၊ ပေါင်တို့၊ လက်တို့မှာ ထိခိုက်ဒဏ်ရာ ရခဲ့တာရှိတယ်။ တဲစုရွာထဲကိုရောက်ပြီးတော့ ဘုန်းကြီးကျောင်း (မြောက်ဘက်ကျောင်း) ရဲ့ အနောက်ဘက်မှာ ရပ်ထားတဲ့ ကားတစ်စီးကို မီးရှို့သွားတယ်”

အဲဒီစစ်ကြောင်းဟာ ဇွန်လ ၁၈ ရက်ကတည်းက ရေဦးဘက်ကနေ ခင်ဦးမြို့နယ်ထဲ ဝင်လာပြီး မြင်းဒေါင်းရွာမှာ လေးရက်တပ်စွဲပြီးနောက် ဇွန်လ ၂၄ ရက်ဒီနေ့မှာ တခြား ရွာတွေဘက် စစ်ကြောင်းထပ်ထိုး နေတာလို့ ဆိုပါတယ်။

"လာတဲ့အခါပြေးလိုက်၊ မလာတဲ့အခါ ပြန်ကပ်လိုက်နဲ့ကျတော့ တိမ်း(ရှောင်)ရတဲ့အခါ မိုးရွာလို့ရှိရင်တော့ နေထိုင်စရာအခက်အခဲရှိတာပေါ့"

ဒါကြောင့် တဲစု၊ မြစ်တော်၊ ကန်သစ်၊ ဂွေးကုန်းနဲ့ အင်ဒိုင်းကြီးရွာက ဒေသခံ လေးထောင် ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့နယ်ဒေသခံတစ်ဦးကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရလို့ လယ်ယာလုပ်ငန်းတွေလည်း မလုပ်နိုင်ကြတော့ဘူးလို့ RFA ကို ပြောပါတယ်။

“မိုးရာသီရောက်နေပြီဆိုတော့ ဒုက္ခကတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ ဒုက္ခသည်စခန်းတွေ ဘာတွေက သီးသန့်ဖွင့်ထားတာမရှိဘူး။ လာတဲ့အခါပြေးလိုက်၊ မလာတဲ့အခါ ပြန်ကပ်လိုက်နဲ့ကျတော့ တိမ်း(ရှောင်)ရတဲ့အခါ မိုးရွာလို့ရှိရင်တော့ နေထိုင်စရာအခက်အခဲရှိတာပေါ့။ သူတို့ ဒီလိုရက်ရှည် စစ်ကြောင်းထိုးနေတော့ ဒေသခံတွေအတွက် ဘယ်အဆင်ပြေမလဲဗျာ။ ရွာပြန်မကပ်ရဲဘူး။ စိုက်ချိန်မှာ မစိုက်နိုင်ဘူး။ သိမ်းချိန်မှာ မသိမ်းနိုင်ဘူး။ နွေစပါးသိမ်းချိန်မှာ မသိမ်းနိုင်ဘူး။ မိုးစပါးကလည်း ပြန်စိုက်ရတော့မှာ”

အဲဒီစစ်ကြောင်းဟာ တဲစုရွာက နေအိမ်တချို့ကို မီးရှို့ခဲ့ပြီး မြစ်တော်ရွာက အိမ်တွေကိုပါ မီးဆက်ရှို့နေပေမယ့် ပျက်စီးထိခိုက်မှုအခြေအနေကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နင်းမိုင်းပါ အသုံးပြုတာကြောင့် သူတို့ပြန်ထွက်သွားရင်တောင် ဒေသခံတွေ ရွာထဲပြန်ဝင်ဖို့ ခက်ခဲနိုင်တယ်လို့ KhinU Special force Organization ရဲ့ စစ်ရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့တွေက ထူးတာက ခါတိုင်းနင်းမိုင်းမထောင်ဘူးဗျ။ ဒီတစ်ခါ တပ်ဖွဲ့က နင်းမိုင်းထောင်ထားခဲ့လို့ ပြည်သူနင်းမိလို့ ခြေထောက်ပြတ်သွားတာ။ အဲဒါထူးတယ်။ ခါတိုင်းစစ်ကြောင်းတွေထိုးတယ်။ နင်းမိုင်း မထောင်ခဲ့ဘူး။ ဒီတစ်ခါတော့ ထောင်လာတဲ့ နင်းမိုင်းတွေ။ နင်းမိုင်းတွေ စအသုံးပြုလာပြီလို့ ပြောချင် တယ်။ အဲတော့ ပြည်သူတွေက ပိုပြီးအန္တရာယ်များသွားတယ်။ ကျွန်တော်တို့က သူတို့ ထွက်သွား ပြန်တော့လည်း မဝင်ရဲဘူး။ မိုင်းရှာတဲ့စက်လည်း ကျွန်တော်တို့မှာ မရှိဘူးလေ”

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Pale Entertainment)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Pale Entertainment)

ပုလဲမြို့နယ်မှာလည်း ဇွန်လ ၂၃ ရက်နေ့က ဇီးဖြူကုန်း (ပျူစောထီးရွာ) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အခြားရွာတွေကို စစ်ကြောင်းဆက်ထိုးလာတာကြောင့် ကျေးနင်းရွာ အပါအဝင် ရွာငါးရွာက ဒေသခံငါးထောင် နီးပါး ထွက်ပြေးနေရတယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အားတစ်ရာကျော်ပါပြီး ဇွန်လ ၉ ရက်ကတည်းက ပုလဲ မြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ ရက်က နှောရိုးရွာခံသုံးဦးနဲ့ ဇွန်လ ၂၃ ရက်မနေ့က ညောင်ပင်စောက် ရွာခံနှစ်ဦးကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“နှောရိုးက ဓားစာခံ အရပ်သားသုံးယောက်ကို ဖမ်းခေါ်သွားတယ်။ ဇီးဖြူကုန်းရွာကနေ လွန်ခဲ့တဲ့လေးရက်ကနေ စပြီးထွက်လာခဲ့ပြီးတော့ ညောင်ပင်စောက် က ပြည်သူနှစ်ဦး ကိုလည်း ဓားစာခံဖမ်းခေါ်သွား တယ်။ နောက်ပြီး ကျေးနင်းမှာ တစ်ညအိပ်တယ်။ ဒီနေ့ဆက်ပြီးသွားနေတယ်။ ဓားစာခံတွေ ပြန်လွှတ်ခဲ့တယ်လို့တော့ သတင်းမရ သေးပါဘူး ”

ဖမ်းဆီးခံထားရသူတွေဟာ အသက် ၃၀ ကနေ ၅၀ ဝန်းကျင်အမျိုးသားတွေဖြစ်ပြီး သူတို့ရဲ့နာမည်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။