ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ရွာရှစ်ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးရ
2023.02.26

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနောက်ခြမ်းကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းကနေ ဒီနေ့အထိ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာပေါင်းရှစ်ရွာက ဒေသခံ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။
အိမ်ထောင်စု ၃၀၀ ကျော်ရှိတဲ့ ဘအိုး၊ အိမ်ထောင်စု ၅၀၀ ဝန်းကျင်ရှိတဲ့ ကံသာယာ၊ အိမ်ထောင်စု ၂၀၀ ကျော်ရှိ တဲ့ ငှက်ပျော၊ အိမ်ထောင်စု ၂၀၀ ဝန်းကျင်ရှိတဲ့ ဆီပုတ္တရာ၊ အိမ်ထောင်စု ၄၀၀ ကျော်ရှိတဲ့ ကန်သစ်၊ အိမ်ထောင်စု ၃၀၀ ဝန်းကျင်ရှိတဲ့ အင်ဒိုင်းကြီးနဲ့ အိမ်ထောင်စု ၁၀၀ ကျော်ရှိတဲ့ မြစ်တော် စတဲ့ရွာခုနစ်ရွာက ဒေသခံတွေဟာ ၂၅ ရက်နေ့ကတည်းက ထွက်ပြေးနေရတာပါ။
"တစ်အိမ်ကို ကိုယ်တက်နိုင်သလောက် ချက်ပြုတ်ပြီးတော့ ဘုန်းကြီးကျောင်းကို ပို့ပေးရတာ"
ဖေဖော်ဝါရီ ၂၆ ရက်မှာလည်း အိမ်ထောင်စု ၄၀၀ ကျော်ရှိ တဲစုရွာကို စစ်ကြောင်းထပ်မံ ဝင်ရောက်လာတာကြောင့် တဲစုဒေသခံတွေပါ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်တိုင်း မကြာခဏပြေးလွှားနေရတာကြောင့် ရေရှည်ရပ်တည်ဖို့ မလွယ်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တဲစုရွာဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကြောင်းကလည်း လောလောဆယ်ရွာထဲမှာ ရောက်နေတယ်။ မီးရှို့၊ မရှို့တော့ မသေချာသေးဘူးပေါ့ဗျာ။ ပြေးရတဲ့အကြိမ်ရေကလည်း မနည်းတော့ပါဘူး။ ကျနော်တို့မှာက လောလောဆယ်က ရေရှည်ရပ်တည်ဖို့ သိပ်မလွယ်တော့ဘူးဗျာ။ ရွာအနောက်ဘက်က ရေကလည်းမရှိဘူး။ ဆည်မြောင်းက ရေကလည်းမလာဘူး။ အခက်အခဲ တော်တော်စုံတယ်။ လယ်မလုပ်ရ၊ စိုက်ရေးပျိုးရေး မလုပ်ရ တော်တော်လေး အခက်အခဲစုံတယ်ဗျ”
ထွက်ပြေးနေရတဲ့ အင်ဒိုင်းကြီးရွာခံတစ်ဦးကလည်း အခုလို ထွက်ပြေးရတာ မကြာခဏ ဖြစ်ပြီး အခက်အခဲတွေ များစွာနဲ့ကြုံနေရလို့ အမြန်ဆုံးအေးချမ်းချင်ပြီလို့ RFA ကို ပြောပါတယ်။
“လုပ်ငန်းကိုင်ငန်းတွေလည်း လုံးဝပေါ့လေ မလုပ်နိုင်ဘူးပေါ့ဗျာ။ ဖြောင့်ဖြောင့် တန်းတန်း မလုပ်နိုင်ဘူး။ နောက်ပြီးတော့ ဒီလိုရှောင်ရတဲ့အချိန်မှာလည်း အခက်အခဲမျိုးစုံကြုံရပါတယ်ဗျ။ ကျနော်တို့ ဒီပြည်သူလူထုပေါ့ဗျာ တအားဒုက္ခ ဖြစ်နေကြပါပြီ။ စစ်ကောင်စီကိုလည်း ပြည်သူတွေ အေးချမ်းသာယာအောင် အမြန်ဆုံး အကောင်းဆုံးနည်းနဲ့ ဖြေရှင်းပေးပါလို့ ကျနော် ပြောချင်ပါတယ်ခင်ဗျ”
အင်းဒိုင်းကြီးရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လို့ ထွက်ပြေးရတာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိနေပြီလို့ ဆိုပါတယ်။
ထွက်ပြေးနေရသူတွေဟာ အဝတ်အစားကလွဲလို့ ဘာမှမပါတာကြောင့် လက်ရှိထမင်းက အစ တတ်နိုင်သလောက် ကူညီပေးထားတယ်လို့ မြို့သစ်ရွာက ဒုက္ခသည်အရေး ကူညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။
"ရင်ထဲမှာ ဘယ်လိုဖြစ်လဲဆိုတော့ စိတ်မကောင်းဖြစ်တာပါ။ ဒီကလူတွေလည်း သူတို့ ကူညီနိုင်သလောက် ကူညီပေးရတာပဲလေ။ ကိုယ်ဆီလာ ကိုယ်လည်းပြေးရမှာဆိုတော့ အကုန်လုံးက ဒီလိုလူတွေချည်းပဲလေ။ ရွာထဲကလူတွေ ထမင်းထုပ်စုပြီး ဘုန်းကြီး ကျောင်းကို သွားပို့တာ။ တစ်အိမ်ကို ကိုယ်တက်နိုင်သလောက် ချက်ပြုတ်ပြီးတော့ ဘုန်းကြီးကျောင်းကို ပို့ပေးရတာ။ အင်္ကျီအဝတ်အစားယူပြီးတော့ ထွက်ပြေးလာတဲ့ လူတွေလေ။ ဘာမှမပါဘူးလေ"
ထွက်ပြေးလာခဲ့ရသူတွေကတော့ ကျန်ခဲ့တဲ့နေအိမ်တွေ မီးရှို့ခံရမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း သူတို့ကို မိုင်းဆွဲတိုက်ခိုက်တာမလုပ်ရင် ရွာကိုမီးမရှို့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတယ်လို့ RFA ကို ပြောပါတယ်။
“သူတို့ဝင်လို့ တားဆီးပစ်ခတ်တယ်၊ မိုင်းတွေဘာတွေဆွဲတယ်ဆိုရင်တော့ အဲဒီ ရွာတွေကို သူတို့စီးနိုင်ပြီ ဝင်လို့ရသွားပြီဆိုရင် မီးရှို့တဲ့သဘောလို့ သတ်မှတ်လို့ ရတာပေါ့နော်။ သူတို့တားဆီးတာ မိုင်းတွေဘာတွေမဆွဲဘူး ဘာညာဆိုရင်တော့ သူတို့မရှို့ဘူးဆိုတဲ့ သတင်းမျိုးပေးချင်တဲ့ သဘောပေါ့ဗျာ။ မိုင်းမဆွဲအောင်ပေါ့၊ ဒီသဘောလေးတော့ ကျနော်တို့ မြင်တာပါ။ တကယ်တမ်းတော့ သူတို့က ကျနော်တို့ ခင်ဦးမြို့နယ်ရော၊ ဒီစစ်ကိုင်းတိုင်းမှာရော သူတို့ကို ပြန်ပြီးခုခံတဲ့ ဒေသတွေမှာဆိုရင် သူတို့က တောထဲတဲတောင်မမြင် အကုန်ရှို့ခဲ့လို့ကို ခိုင်းတယ်လို့ ကျနော်တို့က ကြားတယ်ဗျ”
အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲကို ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာ ၁၅ ရက်လောက်ရှိနေပြီလို့ ဆိုပါတယ်။
ဒေသခံတွေ ထွက်ပြေးနေရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားတာကြောင့် တုံ့ပြန်ချက် မရခဲ့ပါဘူး။
ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေးဒုက္ခသည်တွေမရှိဘဲ တိုက်ပွဲရှောင်သာရှိပြီး အဲဒီလူတွေကို ဆန်၊ ဆီ၊ ဆားနဲ့ ပဲတွေ ကူညီထောက်ပံ့ပေးထားတယ်လို့ ဦးအေးလှိုင်က RFA ကို အရင်က ဖြေဆိုခဲ့ဖူးပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း စစ်ကြောင်းနှစ်ခု ဝင်ရောက်လာတာကြောင့် ပိတောက်ကုန်း၊ မိုးနတ်၊ နှဲတွင်း၊ ချမ်းသာကုန်း၊ အင်းပါတ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်းနဲ့ ကုန်းသာရွာတွေက ဒေသခံ ခြောက်ထောင်နီးပါး ထွက်ပြေးခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် အထိစာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။