ကောလင်းက စစ်ဘေးဒုက္ခသည်ငါးသောင်းခန့် အရေးပေါ်အကူအညီ လိုအပ်နေ

RFA Burmese
2024.06.23
ကောလင်းက စစ်ဘေးဒုက္ခသည်ငါးသောင်းခန့် အရေးပေါ်အကူအညီ လိုအပ်နေ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Kawlin Info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်ငါးသောင်းဝန်းကျင်ဟာ မိုးတွင်းကာလ အမိုးအကာ နေရာထိုင်ခင်းနဲ့ အစားအသောက်အပြင် ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ ဒုက္ခသည်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒုက္ခသည်တွေဟာ စစ်ကောင်စီတပ်နဲ့ လွတ်ကင်းတဲ့ရွာတွေမှာ ဖြစ်သလိုနေထိုင်နေရပြီး စားဝတ်နေရေးအတွက် အလှူရှင်တွေပေးတဲ့ ထောက်ပံ့ငွေနဲ့ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူးလို့ ဆိုပါတယ်။

"တဲထိုးနေရတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲက လူတိုင်းဖြစ်နေတာပေါ့"

ငွေကြေးတတ်နိုင်သူတချို့ကလွဲပြီး အများစုက အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ကောလင်းမြို့ပေါ်ကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"အခုက ရွာတွေမှာ ကျွန်မတို့နေရတာက တချို့ဆိုရင် အိမ်ငှားနဲ့နေရတယ်။ အိမ်ငှားနဲ့နေရတယ်ဆိုရင် ငွေကြေးလုံလောက်မှ ဖြစ်တာလေ။ အဲတော့ ငွေကြေးလုံလောက်မှုမရှိတဲ့ သူတွေကတော့ ဒီလိုပဲ တဲထိုးနေရတာပေါ့။ တဲထိုးနေရတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲက လူတိုင်းဖြစ်နေတာပေါ့။ အဲလိုပေါ့ ဆေးဝါးကအစ အားလုံးအခက်အခဲဖြစ်တာ"

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Kawlin Info)
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Kawlin Info)

အများစုဟာ ယာယီတဲထိုးပြီး နေနေရတာကြောင့် မိုးတွင်းကာလမှာ မိုးဒဏ်၊ လေဒဏ်ခံနိုင်တဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သောက်သုံးရေရဖို့ ခက်ခဲတာကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနဲ့ မကြာခဏဖျားနာနေကြပြီး ကုသဖို့ ဆေးဝါးလည်း မလုံလောက်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိဝင်ငွေရတဲ့အလုပ်အကိုင် မရှိတာကြောင့် ပိုပြီးခက်ခဲနေကြရတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Kawlin Info)
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Kawlin Info)

“အဓိကတော့ စားဝတ်နေရေး ဖြေရှင်းဖို့အတွက် အလုပ်အကိုင်မရှိကြဘူးပေါ့။ ပြီးတော့ ကောလင်းမြို့ဆိုတာက မြို့ပေါ်စစ်ရှောင်တော်တော်များများက မြို့နေလူတန်းစား၊ အခုက ကျေးရွာတွေမှာ ရှောင်ရတဲ့အတွက် ကျေးရွာဘက်မှာရှိတဲ့အလုပ်တွေကို သူတို့သိပ်မလုပ်တတ်ဘူး။ မလုပ်တတ်တော့ စားဝတ်နေရေးအတွက် ခက်ခဲတယ်"

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းယူပြီးနောက် သုံးလအကြာ ဖေဖော်ဝါရီလထဲမှာပဲ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်ဘေးဒုက္ခသည်အရေအတွက် အရင်ကထက်ပိုများလာတာကြောင့် ကူညီရေးအပိုင်းမှာ လိုအပ်ချက်တွေ ပိုပြီးများလာတာလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

အလှူရှင်တွေရဲ့ ထောက်ပံ့မှုရှိပေမဲ့ ဘယ်လိုမှ မလောက်ငဘူးလို့ ကောလင်းမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“NUG က ချပေးတဲ့ငွေနဲ့ ပံ့ပိုးမှုလုပ်နေတယ်။ NUG ရဲ့ ထောက်ပံ့ပေးမှုအပြင် သက်ဆိုင်ရာအလှူရှင်တွေကလည်း ထောက်ပံ့ပေးကြတယ်။ သို့သော် မလောက်ငဘူး။ အပြည့်အစုံမဟုတ်တဲ့အခါ ရတဲ့နည်းနဲ့ ရှာဖွေ စားသောက် ပြီးတော့နေကြတာ"

ကောလင်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းကျော်ရှိနေပြီး စစ်ကိုင်းတိုင်းမှာတင် ၁ ဒသမ ၂ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။