ကော့ကရိတ် မြဝတီလမ်းပေါ်က တိုက်ပွဲတွေကြောင့် ဒုက္ခသည်ထောင်ချီများပြား

RFA Burmese
2023.04.20
ကော့ကရိတ် မြဝတီလမ်းပေါ်က တိုက်ပွဲတွေကြောင့် ဒုက္ခသည်ထောင်ချီများပြား ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော်ကိုးရွာမှ မြဝတီသို့ တောလမ်းအတိုင်း တက်လာကြသည့် ကားများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
U U Hpa-an Thar - facebook

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ KNLA တပ်ဖွဲ့တွေ၊ PDF တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေကတစ်ဖက် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ သင်္ကြန်မတိုင်ခင် အရှိန်လျော့သွားပေမယ့် အခုရက်ပိုင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားရပြီးတဲ့နောက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ တဖြည်းဖြည်းများလာတာလို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်၊ အမှတ် (၁) တံတားအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“သင်္ကြန်မကျခင်ရက်တော့ သုံးထောင်၊ လေးထောင်လောက်ရှိတယ် မနေ့ကပြေးလာ တာကတော့ ကားငါးစီး၊ ခြောက်စီးစာလောက်ရှိတယ်။ ကားတစ်စီးကို လူ ၃၀၊ ၄၀ ရှိတယ်။ တချို့ဆို သန်းခေါင်စာရင်း မပါတဲ့ သူနဲ့ ကလေးတွေဆိုတာ ဆံပင်တွေ ဖုန်တွေနဲ့လူးလို့၊ ဖိနပ်လည်း မပါကြဘူး”

တိုက်ပွဲဖြစ်တဲ့နေရာတွေဟာ ကော့ကရိတ်နဲ့ မြဝတီကြား အာရှလမ်းမကြီးမှာဖြစ်ပြီး ပစ်ခတ်သံတွေကို ညတိုင်းလိုလို မဲဆောက်ဘက်မှ ကြားနေရတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံဘက်ကို ကူးလာသူ ဒုက္ခသည်တွေကို မဲဆောက်မြို့ မရမတ်ဒေသမှာ ထားပေမယ့် တချို့ကတော့ မဲဆောက်နဲ့ မြဝတီမှာရှိတဲ့ အသိမိတ်ဆွေနဲ့ ဆွေမျိုးတွေအိမ်မှာ နေထိုင်တယ်လို့ ပြောပါတယ်။

“သင်္ကြန်မကျခင်ရက်တော့ သုံးထောင်၊ လေးထောင်လောက်ရှိတယ် မနေ့ကပြေးလာတာကတော့ ကားငါးစီး၊ ခြောက်စီးစာလောက်ရှိတယ်"

ထွက်ပြေးလာသူ မြဝတီမှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦးကတော့ ခုတစ်ကြိမ်ထွက်ပြေး လာသူ အရင်တစ်ကြိမ်လောက် မများဘူးလို့ ပြောပါတယ်။

“လက်ရှိတော့ မဲကနက်မှာ အဖြစ်များနေတာပေါ့။ မနေ့ကတည်းက လက်နက်ငယ် တွေနဲ့ပစ်၊ လက်နက်ကြီးနဲ့ပစ်နဲ့ ဒီမနက်က နည်းနည်းစိပ်တယ်၊ အခုနည်းနည်းကျဲ သွားပြန်ပြီ။ ဟိုတစ်ခေါက်တုန်းကတော့ ရွှေကုက္ကိုဘက်ရော ဘာရော လူနည်းနည်း များတာပေါ့ ခုတစ်ခေါက်တော့ ပြေးခိုင်းတဲ့ ဘက်ပြေးတာပေါ့”

မေး။ ။ ဘယ်သူက ပြေးခိုင်းတာလဲ။
ဖြေ။ ။ “ဘယ်သူကမှာတော့ မပြေးခိုင်းပါဘူး။ လူထုကတော့ ကြောက်လန့်ပြီးပြေးကြတာ ပေါ့ အသက်အန္တရာယ်ရှိမယ်ထင်ရင် ရှောင်ပြေးကြတာပေါ့”

ထိုင်းနိုင်ငံဘက်ကို ရောက်လာသူ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ရွှေကုက္ကိုတိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ပထမ ဒုက္ခသည်တွေ နေရပ်ပြန်ချိန်မှာ နောက်ထပ်ဒုက္ခသည်တွေ ထပ်ရောက် လာတာ တစ်သောင်းနီးပါး ရှိပြီလို့ ကြားသိရတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေ တဲ့ မေမေ့ရင်ခွင်အဖွဲ့က ကိုသန်းမြင့်အောင်က ပြောပါတယ်။

“ဒီနေ့မနက်လည်း ပစ်နေတယ်၊ ထိုင်းဘက်ကတော့ သေသေချာချာစိစစ်ပြီး စစ်ဘေးရှောင်ဆို လက်ခံ တာရှိပါတယ်။ မရမဘက်မှာ ထားတယ်လို့လည်းသိရပါတယ်။ အရေအတွက်ကတော့ တစ်သောင်း ကျော်ရှိပြီလို့လည်း ကြားရပါတယ်။ ကျနော်တို့ အနေနဲ့ သွားဖို့ဆိုရင် စခန်းတာဝန်ခံတွေနဲ့ အဆက်အသွယ်လုပ် ခွင့်ပြုချက်ရပြီးမှ သွားလို့ရပါတယ်။ အခုတော့ အဆက်အသွယ်မလုပ်သေးပါဘူး”

ထိုင်းနိုင်ငံဘက်ကိုရောက်ရှိသွားတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရတာဝန်ယူထားပြီး မြဝတီဘက်ခြမ်းမှာ ခုမှရောက်လာတဲ့ ဒုက္ခသည်တွေလည်း အများအပြားကျန်နေသေးတာ ကြောင့် စစ်ကောင်စီ ကရင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်ကို ဆက်သွယ်တဲ့အခါမှာ ဒုက္ခသည်တွေကို စောင့်ရှောက်ထားပါတယ်လို့ ပြောပါတယ်။

မြ၀တီမြို့နယ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: U U Hpa-an Thar - facebook)
မြ၀တီမြို့နယ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: U U Hpa-an Thar - facebook)

“ရှိပါတယ်။ မြဝတီခရိုင် အုပ်ချုပ်ရေးမှူးကဦးဆောင်ပြီးတော့မှ ဒီဘက်ကမ်း မြဝတီ တစ်ဝိုက်ကရွာတွေမှာ ရောက်လာတဲ့ ဒုက္ခသည်တွေကို စားဖို့သောက်ဖို့ အပြည့်အစုံ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ထောင်ကျော်၊ နှစ်ထောင်လောက်တော့ ရှိပါတယ်။ ထိုင်းဘက်ကို ကူးသွားတာတော့ အတိအကျ မသိပါဘူး။ ဟိုဘက်ကိုသွားတယ်လို့တော့ သိရပါတယ်”

ထိုင်းနိုင်ငံဘက်ကို ကူးသွားတဲ့ ဒုက္ခသည်တွေရှိသလို သင်္ကြန်မတိုင်ခင်က ဖြစ်ပွားတဲ့စစ်ပွဲ တွေကြောင့် မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံဘက်ကို ကူးသွားသူတွေလည်း တစ်ရက်ကို လူတစ်ရာကျော်လောက် ပြန်လည်ဝင်ရောက်လာတာရှိတယ်လို့ ဆိုပါတယ်။

ပြန်လာသူတွေကို ကိုဗစ်စစ်ဆေးပြီး ပြန်လက်ခံနေတယ်လို့လည်း ဦးစောခင်မောင်မြင့်က ပြောပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။