ကော့ကရိတ်တိုက်ပွဲ အရပ်သား လေးဦး သေ၊ ၂၁ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ အောက်တိုဘာလ ၂၁ ရက် မနေ့က စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေအကြား မနက် ၇ နာရီကနေ ည ၇ နာရီအထိ ၁၂ နာရီကြာဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲအတွင်း အရပ်သား လေးဦး သေဆုံးခဲ့သလို ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ ကော့ကရိတ်မြို့ပေါ်က လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ညအထိကို ထိခိုက်ဒဏ်ရာ ၂၁၊ သေဆုံးက လေးဦး၊ အားလုံးပေါင်း ၂၅ ပေါ့။ သေတာက ကျား သုံးဦး၊ မ တစ်ဦး။ ဒဏ်ရာရတဲ့ထဲမှာ မက ခုနစ်ဦးပါ ခင်ဗျ။ စစ်ဘေးရှောင်က အခုဘယ်လိုဖြစ်လဲဆိုတော့ အမှတ် (၇) ရပ်ကွက်က ပြောင်းထားခိုင်းတယ်ဗျ။ PDF ဘက်က ရွှေ့ထားခိုင်းတယ်ဗျ။ ရွှေ့တဲ့သူတွေကိုကျတော့ စစ်ဘေးရှောင်စခန်း မဖွင့်ထားဘူး။ သူတို့ရဲ့ အမျိုးတွေ၊ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ သွားပြီးနေကြတယ် ခင်ဗျ"
မနေ့ကတိုက်ပွဲအတွင်း လက်နက်ကြီး အကြိမ်တစ်ရာကျော် ပစ်ခတ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှု အကြိမ် ၅၀ ကျော် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့က အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်တွေမှာ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်တွေ လည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် (၇) ရပ်ကွက်တစ်ခုတည်းမှာတင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးအထိ ရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ရပ်ကွက်နေပြည်သူတွေ နေရာရွှေ့ပြောင်းဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အသိပေးထားတာကြောင့် ကော့ကရိတ်မြို့ပေါ်က အိမ်ခြေ နှစ်ထောင်နီးပါး ဘေးလွတ်ရာကို ရှောင်တိမ်းနေပါတယ်။
"မြို့တွင်း အခြေအနေ ငြိမ်သက်တာတော့ မှန်တယ်။ ဒေသခံတွေအားလုံးကတော့ နယ်ပယ်အသီးသီးမှာတော့ အသိ၊ သတိနဲ့ပဲ နေကြတယ်"
ဒီအပြင် မနေ့က တိုက်ပွဲကြောင့် ကော့ကရိတ်မြို့၊ အရှေ့ခြမ်းရွာတွေက ဒေသခံ တစ်ထောင်နီးပါးလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကော့ကရိတ်တောင်ဘက်ခြမ်းမှာတော့ ထိတာ မရှိဘူး။ ဒေါနအရှေ့ဘက်၊ ကော့ကရိတ် အရှေ့ဘက်ခြမ်းက ကနဲမိုး၊ ပျားပင်တို့ အဲဒီဘက်မှာ ပစ်တာလည်း တော်တော်လေး ပစ်ကြတယ်။ အဲဒီက ဒေသခံတွေက ရှောင်နေရတာပေါ့။ ခန့်မှန်းခြေက ထောင်ဂဏန်း ရှိတယ်။ ပျားပင်၊ ကနဲမိုး၊ ကောင်းမိုးတို့ ဒေသတွေမှာတော့ လူဦးရေ ထောင်ဂဏန်း အထိ ရှိကြတယ်။ မြို့တွင်း အခြေအနေ ငြိမ်သက်တာတော့ မှန်တယ်။ ဒေသခံတွေ အားလုံးကတော့ နယ်ပယ်အသီးသီးမှာတော့ အသိ၊ သတိနဲ့ပဲ နေကြတယ်"
မနေ့က KNLA နဲ့ PDF တွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအဆောက်အအုံတွေ၊ ရဲစခန်းတွေနဲ့ ဝန်ထမ်းအိမ်ယာတွေကို ဝင်ရောက်စီးနင်းခဲ့တာပါ။
စစ်ကောင်စီကလည်း ကော့ကရိတ်မြို့ပေါ်က ဝန်ထမ်းအိမ်ယာနဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ အောက်တိုဘာလ ၂၁ ရက် မနေ့ညက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်း၊ အမြောက်၊ သံချပ်ကာယာဉ်တွေကိုသုံးပြီး လိုက်လံတိုက်ခိုက်ခဲ့လို့ PDF တွေ ဆုတ်ခွာသွားပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပေမယ့် ကော့ကရိတ်မြို့အနီးက စစ်ကောင်စီရဲ့ ကမိုင်ကုန်းစခန်းကို သိမ်းယူခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ခြင်္သေ့တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"ကျနော်တို့ စခန်းတစ်ခုကို ဒီတစ်ခေါက် သိမ်းနိုင်ထားတာ ရှိပါတယ်။ မြို့ထဲမှာကျတော့ ဘယ်လိုပြောရမလဲ။ မြို့ထဲမှာက ကျနော်တို့ မရှိတော့ဘူး။ ပြည်သူတွေ အန္တရာယ် အရမ်းကြီးမှာစိုးတဲ့အတွက် ခဏတော့ ဆုတ်ထားတာမျိုးပေါ့နော်။ အထိအခိုက်ကတော့ အတိအကျတော့ မသိရဘူးဗျ။ ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတဲ့သူလောက်ပဲ ရှိတယ်။ သူတို့ဘက်ကတော့ ထိတာတော့ များတယ်၊ တော်တော်လည်းထိတယ်။ ဒါပေမဲ့ ကျနော်တို့ အတိအကျစာရင်းကိုကျတော့ ဖော်ပြလို့မရဘူး ဖြစ်နေတယ်ပေါ့နော်"

မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ဦး သေဆုံးခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုမရှိဘူးလို့ PDF အဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖော်ပြထားတာ မရှိပါဘူး။ RFA အနေနဲ့လည်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကနေ့ ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် လူသွားလူလာနည်းပြီး တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း ကော့ကရိတ်မြို့ပြင်မှာ ရှိနေတဲ့ တပ်အင်အားတွေကို မြို့အတွင်း ကို ရွှေ့ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
KNU ဗဟိုက လစဉ်ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ဒီနှစ် စက်တင်ဘာလကုန်အထိ စစ်ကောင်စီတပ်နဲ့ KNU အကြား တိုက်ပွဲ ၆၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၁၃၇ ဦး သေဆုံးကာ ၃၀၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် ရှစ်သောင်းခွဲကျော် (၈၆,၄၀၀ ဦး) တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။