စစ်ကောင်စီနဲ့ KNU တစ်လအတွင်း တိုက်ပွဲပေါင်း ၃ဝဝ ကျော်ဖြစ်၊ ဒုက္ခသည်တွေ အကူအညီလိုအပ်နေ

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်တွေအကြား စက်တင်ဘာလအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၃၃၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာလ ၇ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ပြောပါတယ်။
တိုက်ပွဲအများစုဟာ KNU တပ်မဟာ (၅) ထိန်းချုပ်ထားတဲ့ ဖာပွန်ခရိုင်နဲ့ တပ်မဟာ (၆) ထိန်းချုပ်ထားတဲ့ ဒူးပလာယာရိုင်တွေအတွင်း ဖြစ်ပွားခဲ့တာပါ။
"ဝင်လာတဲ့ စစ်ကြောင်းတွေက ရမ်းသန်းပစ်ခတ်တဲ့အခါကြတော့ စစ်ဘေးရှောင်တွေက ပိုပြီးကြောက်လာတယ်"
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်တွေ အတွင်း စစ်ကောင်စီတပ်နဲ့ KNU တပ်တွေအကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်တပ်ရဲ့ ဘုရားတောင်စခန်းနဲ့ ကော့ကရိတ်မြို့နယ်က ကြိတ်စခန်းကို KNU က သိမ်းယူပြီးနောက် တိုက်ပွဲတွေပိုပြင်းထန် လာတယ်လို့ KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက် အခြေအတင်ကတော့ ပုံမှန်အတိုင်း ဖြစ်နေတာပဲ။ ဒါပေမဲ့ အခုဟာက ပိုပြီးတော့ ဆိုးလာမယ်လို့ ထင်တာပဲလေ။ သူတို့က မြေပြင်ဘက်ကတော့ အင်အားသိပ်မရှိဘူး။ လက်နက်ကြီးနဲ့ပဲ ရမ်းပြီးလုပ်မယ်။ ပြီးလို့ရှိရင် မြေပြင်ကနေ သိပ်မလာဘူး။ နှစ်ဘက်အခြေအတင်များတယ်ဆိုတာက နည်းနည်းပါးပါးတော့ ရှိမှာပေါ့။ ကျနော်တို့ ဘုရားတောင်စခန်းလည်း သိမ်းတယ်။ ကြာအင်းဆိပ်ကြီးဘက်က စခန်းလည်း သိမ်းထားတယ်ပေါ့။ သိမ်းတဲ့အချိန်မှာ သူတို့ဘက်က နည်းနည်း မကျေနပ်တဲ့ အခါကျတော့ အခြေအတင်ကတော့ နည်းနည်းတော့ တင်းမာမှုရှိမယ် ထင်တာပဲ”
စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ (၆) နယ်မြေအတွင်း ခြေမြန်တပ်ရင်း သုံးခုနဲ့ ကြည်းကြောင်းကနေ ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာလအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၃၆၀ ဦး သေဆုံးပြီး ၂၆၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို KNU ဘက်ကလည်း ခုနစ်ဦး သေဆုံးပြီး ၃၇ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလအတွင်း တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ်မှာ အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရပြီး စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေ ရတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ဒေသမှာ စခန်းသိမ်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ အချိန်မှာ ရွာတော် တော်များများက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ သူတို့ရဲ့ အခက်အခဲတွေက အင်မတန်မှ များတယ်။ မိုးကြီးရေကြီးတဲ့ဒဏ်ကို တောတောင်တွေ ထဲမှာ တော်တော်လေး ခံစားနေရတာပေါ့၊ ထွက်ပြေးသည့်တိုင်အောင် ဘဝရဲ့လုံခြုံမှု ဆိုတာ မရှိဘူး။ ဝင်လာတဲ့ စစ်ကြောင်းတွေက ရမ်းသန်းပစ်ခတ်တဲ့အခါကြတော့ စစ်ဘေးရှောင်တွေက ပိုပြီးကြောက်လာတယ်၊ ပိုပြီးထွက်ပြေးနေရတာပေါ့"
ဘေးလွတ်ရာကို ထွက်ပြေးရတယ်ဆိုပေမယ့် လုံခြုမှုရှိတယ်လို့ မခံစားရဘူးလို့လည်း သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှု အချိန်ကြာလာတာနဲ့အမျှ စစ်ဘေးဒုက္ခသည်တွေတိုးလာသလို လူသားချင်းစာနာမှု အကူအညီတွေ ပိုပြီးလိုအပ်လာတယ်လို့ KNU ထိန်းချုပ်နယ်မြေ အတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ ဒေါကလူကွန်ရက်အတွင်းရေးမှူး ယအဲ့နက RFA ကို ပြောပါတယ်။
“အခုက ကြာလာတာနဲ့အမျှ အခက်အခဲရှိလာတော့ ဘယ်လိုအခက်အခဲလဲဆို ဝန်းရံ ပံ့ပိုးမှု အခက်အခဲပေါ့၊ ကြုံတွေ့လာရတာပေါ့နော်။ အပြင်က အလှူရှင်တွေလည်း ပင်ပန်းလောက်ပြီပေါ့နော် သူတို့လည်း။ အခုဟာက တစ်နှစ်၊ နှစ်နှစ် ဖြစ်လာပြီ ဆိုတော့လည်း သူတို့လည်း ဟိုးအရင်လိုမျိုး မရှိလောက်ဘူးပေါ့နော် အခုက။ တစ်ခါတလေတော့ လိုအပ်ချက်လည်းရှိတယ် လုပ်မပေးနိုင်တဲ့ဟာတွေလည်း ရှိတယ်ပေါ့။ တော်လှန်ရေး လိုအပ်ချက်လည်းရှိတယ်၊ စစ်ဘေးရှောင် လိုအပ်ချက် လည်းရှိတဲ့အခါကျတော့လေ”
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU တပ်တွေအကြား တိုက်ပွဲတွေကြောင့် KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည်သုံးသိန်းခွဲကျော် (၃၅၆,၆၇၄ ဦး) တိုးလာ တယ်လို့ KNU က ဩဂုတ်လ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီရဲ့ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ကို RFA က ဒီကနေ့ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေကြောင့် အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စစ်ဘေးဒုက္ခသည်ဦးရေ တစ်သန်းကျော်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ထုတ် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။