ကရင်မှာ တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် နယ်စပ်ကို ထွက်ပြေးရ

2022.03.29
ကရင်မှာ တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် နယ်စပ်ကို ထွက်ပြေးရ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရသူတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဥ်
Photo: Citizen Journalist

ကရင်ပြည်နယ် မြဝတီတောင်ပိုင်း ဝေါလေနဲ့ လေးကေ့ကော်ဒေသတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်း ကစပြီး တစ်ကျော့ပြန် ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်သောင်းကျော်ဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးကို ထွက်ပြေး ခိုလှုံနေကြရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့က လေးကေ့ကော် ဖလူးဒေသမှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာ တဲထိုးပြီးနေကြတဲ့ ဒေသခံ တစ်ထောင်လောက် ဟာ ထိုင်းနိုင်ငံ ဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေက လက်မခံဘဲ မြန်မာဘက်ခြမ်းကို ပြန်လွှတ်ခဲ့တယ်လို့ ဖလူးလေးရွာအနီး သောင်ရင်းမြစ် ဘေးက ဒုက္ခသည်စခန်းတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထိုင်းဘက်ကမ်းကို ကူးပြေးတော့ ထိုင်းဘက်ကမ်းကလည်း ညကျတော့ ထိုင်းစစ်သား တွေ လာတယ်။ လာတော့ မနက်ခင်းကျရင် ပြန်ကူးရမှာပေါ့နော်။ ပစ်တဲ့အချိန်ပဲ ထား မယ်ပေါ့။ ပစ်တာ နားပြီဆိုရင် ကျနော်တို့ ပြန်ကူးရမယ်ဆိုပြီးတော့ ပြောတယ်ဗျ။ နောက်နေ့မနက်ပိုင်းမှာ ကျနော်တို့လည်း ပြန်ကူးလာတယ်ပေါ့နော်။ ပြန်ကူးပြီးတော့ ကျနော်တို့စခန်းမှာပဲ ပြန်နေကြတယ်။ မပြန်ရဲသေးတဲ့ သူတွေကတော့ အဲဒီမှာပဲ နေတယ်ပေါ့နော်။ ဒီနေ့ကျတော့တစ်ခါ ထိုင်းဘက်ကမ်းက လာပြီးတော့ပြောတယ်ဗျ။ ဒီမှာနေလို့မရဘူး ပြန်ရမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့စခန်းမှာ အကုန်ပြန် ခေါ်ထားပြီပေါ့နော်။ ဟိုဘက်ကမ်းက လုံးဝလက်မခံလို့ပေါ့နော် ကျနော်တို့လည်း ပြန်လာခဲ့ရတာပေါ့ အကုန်လုံး”

တိုက်ပွဲတွေရှိနေတဲ့ကာလအတွင်း မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်ခြမ်းမှာ ယာယီခိုလှုံခွင့် ရရှိနိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ခွင့်ပြုပေးစေချင်တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် သောင်ရင်းမြစ်ကမ်းနားမှာ ထိုင်းဘက်က လုံခြုံရေးတွေ တင်းကျပ် ထားပြီး ထိုင်းစစ်တပ်ဂိတ်တွေနဲ့ ထိုင်းရွာတွေထဲကို မြန်မာဘက် က ခိုးဝင်ပြီး နေထိုင်သူတွေ ရှိ မရှိ ထိုင်း လ.၀.က အဖွဲ့တွေက ဝင်ရောက်စစ်ဆေးတာတွေ ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်ဘက်ကနေ မြန်မာဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ ဆီကို စားနပ်ရိက္ခာ အကူအညီပို့ဆောင်နေတာတွေကို တရားဝင်ခွင့်ပြုမထားတာကြောင့် ဒုက္ခသည်တွေဆီ အကူအညီမရောက်ရင် အခက်အခဲကြုံလာရနိုင်တယ်လို့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေဆီကို ကျနော်တို့ ထောက်ပံ့ရေးလမ်းကြောင်းတွေက တရားဝင် လမ်းကြောင်းမဟုတ်ပါဘူး။ နားလည်မှုနဲ့သွားတဲ့ လမ်းကြောင်းတွေပေါ့။ အဲဒီအခါမှာ ကူညီသူတချို့က ဒီနေရာတွေကို ဘယ်ကပို့တယ်၊ ငါတို့ဘယ်လို ပို့ခဲ့တယ်ဆိုတာတွေကို လူမှုကွန်ရက်မှာ မျှဝေရင်းနဲ့မှ သတင်းပေါက်သွားရင် ဒီဂိတ်တွေက ပိတ်သွားပါတယ် ခင်ဗျ။ ဒီအခက်အခဲရှိပါတယ်။ အရာအားလုံးက ဒီဘက်ကနေ နားလည်မှုနဲ့ ကူးနေ ရတာပါ။ တရားဝင်လမ်းကြောင်းဆိုတာ မရှိပါဘူး။ အဲဒီအတွက်ကြောင့် ပုံမှန်ကူညီတဲ့ လမ်းကြောင်းတွေ ပိတ်သွားရင် ဟိုဘက်က သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ဒုက္ခရောက်သွားမှာပါ”

အခုဆိုရင် သောင်ရင်းမြစ်ဘေးက တချို့ခိုလှုံနေတဲ့နေရာတွေမှာ ဆန်နဲ့ ကြက်သွန်ပဲ ကျန်တော့ပြီး တချို့နေရာ တွေမှာဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာသွန်းခဲ့တာကြောင့် ဆန် ရိက္ခာတွေ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါ တယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ လေးကေ့ကော်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန် ခဲ့ပြီးနောက် ဒေသခံ နှစ်သောင်းကျော်ဟာ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး တချို့ကလည်း ထိုင်းနိုင်ငံထဲကို ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။

အဲဒီအချိန်က ထိုင်းအာဏာပိုင်တွေဘက်က ယာယီစခန်းတွေဖွင့်ပြီး ဒုက္ခသည်တွေကို လက်ခံခဲ့ပေမယ့် တိုက်ပွဲတွေ ငြိမ်လာချိန်မှာ ယာယီစခန်းတွေကို ပိတ်သိမ်းပြီး စစ်ဘေး ဒုက္ခသည်တွေကို မြန်မာပြည်ခြမ်းကို ပြန်လွှတ်ခဲ့ပါတယ်။

အဲဒီအချိန်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ကိုပြန်သွားခဲ့ကြတာကြောင့် နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ် တစ်လျှောက်မှာ တဲထိုးပြီးနေထိုင်သူ နှစ်ထောင်လောက်ပဲ ကျန်နေခဲ့တာပါ။ ဒါပေမဲ့ အခု မတ်လ တတိယပတ်က စလို့ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေ ကြောင့် မြဝတီ-ဝေါလေ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက ဒေသခံ တစ်သောင်းလောက် ဟာ သောင်းရင်းမြစ်ဘေးကို ထပ်ပြီး ထွက်ပြေးလာကြတာလို့ ဒုက္ခသည်တွေက ပြော ပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကလည်း လက်မခံတာကြောင့် ဒုက္ခသည်တွေ အခက်အခဲနဲ့ ကြုံနေရတယ်လို့ သောင်ရင်းမြစ်ကမ်းဘေးမှာ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခုကကျတော့ အင်ကြင်းမြိုင်တို့၊ ဆုံဆည်းမြိုင်တို့ဘက်ကလည်းပါတယ်။ အဓိက တော့ ဝေါလေဘက်ကရော နဂို ဒီမြန်မာနယ်စပ်မှာနေနေတဲ့ လူတွေရောပေါ့နော်။ သူတို့က ဒီဘက်ထိုင်းနိုင်ငံဘက်ကလည်း ပေးမဝင်ဘူးပေါ့နော်။ ပေးမဝင်တော့ သူတို့အလယ်မှာပဲ နေနေရတယ်ပေါ့။ လောလောဆယ် အလယ်သောင်မှာပဲပေါ့နော်။ အဓိက ကတော့ သောက်သုံးရေပေါ့။ ကလေးမွေးပြီးစ လူတွေရှိတယ်။ ကလေးငယ် တွေရဲ့ ကျန်းမာရေး အဲဒါတွေတော့ လိုအပ်ချက်ရှိတယ်။ စောင်တွေ၊ ရိက္ခာခြောက်တွေ၊ ပြီးတော့ ဆေးဝါးတွေပေါ့နော်”

"ပစ်တာနားပြီဆိုရင် ကျနော်တို့ ပြန်ကူးရမယ်ဆိုပြီးတော့ ပြောတယ်ဗျ။ ပြန်ကူးပြီးတော့ ကျနော်တို့စခန်းမှာပဲ ပြန်နေကြတယ်"

မြန်မာစစ်ဘေးဒုက္ခသည်တွေကို လက်မခံဘဲ ပြန်လွှတ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှုး Sochai Kijcharoenrungroj ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့ကို ‌မြန်မာဘက်ကို ပြန်ပို့တယ်ဆိုတာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

“မြန်မာပြည်က ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့သူတွေ နယ်စပ်တစ်လျှောက်မှာ လောလောဆယ်ရှိနေပါတယ်။ အရေအတွက်ကိုတော့ အတိအကျပြောဖို့ခက်တယ်။ လက်ရှိမှာတော့ လူ ၁၀၀ လောက်ကို လူသားချင်းစာနာမှုအကူအညီတွေနဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေပေးထားတယ်။ သူတို့ကို မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတာမဟုတ်ပါဘူး။ ဒီလိုအလုပ်မျိုးကို ကျနော်တို့မလုပ်ပါဘူး။ တစ်ဘက်ကအခြေအနေတွေတည်ငြိမ်လို့ အများစုက ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားကြတာဖြစ်ပါတယ်”

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ သူတွေအတွက် မြဝတီမြို့ပေါ်နဲ့ မြဝတီမြို့ ပတ်ဝန်းကျင်တွေမှာ ယာယီ စခန်းတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“သူ့နေရပ်ဌာနကို ပြန်ဖို့အတွက် ကြာနိုင်တယ်ဆိုရင် ကျနော်တို့က IDP လို့ သတ်မှတ် တယ်။ သိပ်ပြီး မကြာနိုင်ဘူး ဆိုရင်တော့ ယာယီတိုက်ပွဲရှောင်လို့ သတ်မှတ်တယ်။ တချို့နေရာတွေမှာ ထိတွေ့မှု ဖြစ်ပွားနေတဲ့နေရာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က မြဝတီမြို့ပေါ်နဲ့ မြဝတီမြို့ပတ်ဝန်းကျင်မှာ နေနိုင်တဲ့နေရာတွေပေါ့လေ၊ ယာယီစစ်ဘေးရှောင်စခန်းနေနိုင်တဲ့ နေရာတွေ လုပ်ပေးဖို့၊ ပံ့ပိုးပေးဖို့ အစီအစဉ်များ ဆက်လက်ဆောင်ရွက် လျက်ရှိတယ်”

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစလို့ KNU တပ်မဟာ (၆) ဘက်က မြဝတီ-ဝေါလေ လမ်းပိုင်းနဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး လမ်းပိုင်းကို ယာဉ်တွေ ဖြတ်သန်း သွားလာတာတွေ မလုပ်ဖို့ ပိတ်ထားလိုက်ပြီး ဝေါလေ အပါအဝင် လေးကေ့ကော်ဒေသ တချို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ထွက်ပြေးနေရတဲ့ ကရင်ရွာသားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က  တွေ့ရစဥ် (Photo: CJ)
ထိုင်းနိုင်ငံကို ထွက်ပြေးနေရတဲ့ ကရင်ရွာသားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဥ် (Photo: CJ)

အခုလို တိုက်ပွဲတွေ ပြင်းထန်လာရတာဟာ စစ်ကောင်စီတပ်က အဲဒီဒေသမှာ တပ်အင်အား တွေ တိုးချဲ့ချတာကြောင့်ဖြစ်ပြီး စစ်ကောင်စီဘက်က တပ်တွေ ရုပ်သိမ်းသွားရင် တိုက်ပွဲ တွေလည်း ပြန်ငြိမ်သွားမှာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU) ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ဆိုပါတယ်။

“အဓိကကျတာတော့ တစ်ဖက်ကနေ အပစ်အခတ်ရပ်စဲရေး ပြောနေပြီး တပ်ကြီး နင်းကန်ပို့ချလိုက်တဲ့ အခါကျတော့လည်း ကျနော်တို့မှာ ပြန်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ဒါကပြန်လုပ်ရတဲ့ သဘောပါပဲ။ အဲဒါတွေက အထူးသဖြင့် တပ်တွေက ရုပ်သွားပြီဆိုရင် အလျင်အမြန်ပဲ ပြန်ပြီးတော့ ငြိမ်သက် သွားမှာပါ။ တပ်တွေ မရုပ်ဘဲနဲ့ ဒီလိုပဲ ထပ်ခါ ထပ်ခါသွားမယ်ဆိုရင် တိုက်ပွဲကတော့ မလွဲမသွေ ဖြစ်ရမှာပဲလေ။ ဒါက အတိအကျပြောဖို့ ခက်ပါတယ်”

တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင် နေကြရတဲ့ ဒေသခံတွေ ဟာ ဒူးပလာယာခရိုင် KNU တပ်မဟာ (၆) နယ်မြေထဲက မယ်ထော်သလေး၊ လေးကေ့ကော်၊ မင်းလက်ပန်၊ အင်ကြင်းမြိုင်၊ ထီးမယ်ဝါးခီး၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ၊ ကျောက်ခက်နဲ့ ဝေါလေ အစရှိတဲ့ မြို့ရွာတွေက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။