ကန့်ဘလူမှာ ရွာငါးရွာစီးနင်းခံရပြီး အနည်းဆုံး လေးဦးသေ၊ ဆယ်ဦးပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်က ကျေးရွာငါးရွာကို အောက်တိုဘာလ ၂၂ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စီးနင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခဲ့ပြီး ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့သလို လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးပြီး ဆယ်ဦးပျောက်ဆုံးနေတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။
ထွက်မပြေးနိုင်လို့ အဖမ်းခံလိုက်ရတဲ့ ရွာမရွာက အမျိုးသား သုံးဦး၊ အင်္ဂါဒေါင့်ရွာက အမျိုးသားတစ်ဦး၊ ကျွန်းပင်ကုန်းရွာက ဘုန်းကြီး နှစ်ပါးနဲ့ အမျိုးသား နှစ်ဦး၊ မဲသည်ရွာက အမျိုးသား နှစ်ဦးနဲ့ အင်းလယ်ကြီးရွာက အမျိုးသား တစ်ဦးတို့ အခုချိန်အထိ ပျောက်ဆုံးနေတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က နေအိမ် ၁၇ လုံး မီးလောင်ကျွမ်းခဲ့တဲ့ မဲသည်ရွာ ထဲမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းတစ်ခုကို စတွေ့ခဲ့ပြီး ပျောက်ဆုံးနေသူတွေ လည်း အသတ်ခံရနိုင်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံက RFA ကိုပြောပါတယ်။
"ရုပ်အလောင်းတွေမြှုပ်ထားတာ သုံးလေးလောင်း ဖော်ရမယ်လို့ ပြောတယ်။ မီးတင် ရှို့ထားတဲ့ အရိုးစုတွေနဲ့ တစ်လောင်းကတော့ တွေ့တာသေချာတယ်။ မီးရှို့ထားတဲ့ အိမ်တွေကိုလည်း စိစစ်ခိုင်းထားပါတယ်။ သူတို့ (စစ်ကောင်စီ) စစ်ကြောင်းရှိတော့ အရမ်းကာရောလည်း မဝင်ရဲဘူး။ စစ်ကြောင်းက ဘေးရွာတွေမှာရှိနေတုန်း။ နှစ်ဦးထက်မနည်းဆိုတာထက် ကျနော်ထင်တယ် ဒီရောက်တဲ့စာရင်းဇယား (ပျောက်ဆုံး) အကုန် အသတ်ခံရလောက်တယ်"
ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားအများစုထဲမှာ အသက်ကြီးသူတွေကလွဲရင် ကျန်တဲ့သူတွေ က သတ်ဖြတ်ခံရတာများတယ်လို့ အဲဒီစစ်ရေးတာဝန်ခံက ဆက်ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
"ရုပ်အလောင်းတွေမြှုပ်ထားတာ သုံးလေးလောင်း ဖော်ရမယ်လို့ ပြောတယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းလယ်ကြီးရွာခံတစ်ဦးကလည်း ရွာက အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားပြီး အခုချိန်အထိ သတင်းအစအန မကြားရဘူးလို့ RFA ကိုပြောပါတယ်။
"အမျိုးသား တစ်ယောက်ပဲ ဖမ်းသွားတာပါ။ ကျန်တဲ့သူတွေက အဲလိုပဲ တောထဲကို ပုန်းရှောင်နေရတာ။ စစ်ကြောင်းထိုးတယ်ဆိုကတည်းက ရွာတွေက ပုန်းကြတော့တာ။ ရွာမှာဆိုလို့ရှိရင် ၁၆၅ လုံးပါတယ်။ ရွာမလည်း ၂၀ လောက်ပါတယ်။ မြိုင်ကြီးပါတယ်။ မဲဇယ်ပါတယ် မီးရှို့တဲ့ရွာတွေ ဆိုလို့ရှိရင်။ အိမ်မွေး တိရိစ္ဆာန်တွေကိုလည်း အဲဒီလို ပစ်သတ်တာတွေ ရှိတယ်"
ရွာခံတွေကတော့ ထွက်ပြေးနေရတာ နှစ်ပတ်ကျော်လာပြီး အခုချိန်ထိ ရွာကို ပြန်မဝင်ရဲ သေးဘဲ တောထဲမှာပဲ ဖြစ်သလိုနေရတာကြောင့် ဆေးဝါးနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန်းရင်ဆည်အနီးမှာရှိတဲ့ အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ရွာမ(ရွာသစ်) ရွာနဲ့ မဲသည် ရွာတွေက စုစုပေါင်း နေအိမ် ၁၉၂ လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ဇီးကနားရွာထဲ နှစ်ဖက်တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် (၆၀) ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကိုးတောင်ဘို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ပေါက်ကုန်းကျေးရွာကနေပြီးတော့ ဇီးကနားကျေးရွာထဲကို ပစ်သွင်းတယ်။ အပြစ်မဲ့ ပြည်သူတွေ လက်နက် ထိမှန်သွားတယ်။ အသက်မပြည့်တဲ့ ကလေးသူငယ်တွေ သေဆုံးတာရှိတယ်။ နောက်တစ်ခါ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတွေ ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အနေအထားကတော့ လေးဦးလောက် ရှိတယ်”
အခုလို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကိုးတောင်ဘို့တိုက်နယ်ထဲက ဒေသခံ နှစ်ထောင်ကျော်လည်း လက်ရှိအချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ကိုးတောင်ဘို့တိုက်နယ်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ အနီးနားရွာတွေထဲ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ကန့်ဘလူမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က RFA ကိုပြောပါတယ်။
"ကိုးတောင်ဘို့ဘက်မှာ စစ်ကောင်စီအထိုင်တပ်ကနေ ပြီးတော့မှ အနီးအနား ပတ်ဝန်းကျင်ရွာတွေကို ခဏခဏ စစ်ကြောင်းထွက်ထိုးတယ်။ သုံးရက်ခြားတစ်ခါ၊ ငါးရက်ခြားတစ်ခါ အဲလိုမျိုးတွေ စစ်ကြောင်းထိုးတယ်။ ပြီးလို့ရှိရင် နီးစပ်ရာ ကျေးရွာတွေကို မီးရှို့တာမျိုး၊ လူတွေကို ဖမ်းဆီးတာမျိုးတွေကိုတော့ ခဏခဏ လုပ်လေ့ရှိတယ်"
နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ဇီးကနား၊ ရှော်ဖြူကုံးနဲ့ နှောကုန်းရွာက ဒေသခံ ၁၀ ဦး ထက် မနည်းဖမ်းဆီးခံရပြီး ဒီနေ့အချိန်အထိ ဘယ်မှာဖမ်းဆီးထားလဲဆိုတာ မသိရ သေးဘူးလို့ ဦးနေဇင်လတ်က ပြောပါတယ်။
ကန့်ဘလူဒေသဘက် စစ်ကြောင်းထိုးခံနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အသေးစိတ် မသိရှိတဲ့အတွက် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်းသာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ကတော့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ နှစ်ဖက်တိုက်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားသေဆုံးမှု ၁၃၁၇ ဦးအထိရှိလာပြီလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။