ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည်ခြောက်သောင်း စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်

RFA Burmese
2023.04.26
ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည်ခြောက်သောင်း စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ် ကလေးမြို့ မြောက်ပိုင်းမှ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းလောက်အတွက် စားနပ်ရိက္ခာ၊ အမိုးအကာတဲတွေနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့သူတွေက ပြောပါတယ်။

အဲဒီဒေသမှာလဲ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ လက်နက်ကိုင်တော်လှန်မှုနဲ့ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်တွေရှိနေတာပါ။ မတ်လ ၃၀ ရက်ကနေ ဧပြီ ၅ ရက်အထိ ကလေးမြို့မြောက်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က မြေပြင်ရော၊ လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ ရွာပေါင်း ၁၇ ရွာက ဒေသခံ ငါးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

အဲဒီမြောက်ပိုင်းတိုက်ပွဲမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနဲ့ နေအိမ်တချို့ပျက်စီးသွားခဲ့ပြီး ဒေသခံသုံးဦး ဒဏ်ရာရသလို၊ စစ်ကောင်စီတပ်က ပစ်သတ်လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပြည်သူလူထုနေဖို့ မိုးကာ စတာတွေ အဓိကလိုအပ်ချက်ဖြစ်နေတယ်"

အခုဆိုရင် ကလေးမြို့ မြောက်ပိုင်းရွာတွေရော တောင်ပိုင်းရွာတွေကပါ ထွက်ပြေးရတဲ့ အရပ်သား ခြောက်သောင်းကျော်ရှိနေတယ်လို့ ကူညီသူတွေက ပြောပါတယ်။ သူတို့ဟာ နီးစပ်ရာတောတောင်တွေကို ထွက်ပြေးပုန်းခိုရသလို၊ တချို့က ကလေးမြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းမှာ ခိုလှုံနေရပြီး၊ တချို့ကတော့ မြို့ပေါ်မှာ အိမ်ငှားနေထိုင် ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်ရတာကြာလာတဲ့အမျှ အကူအညီပိုပြီးလိုအပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေတဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

“စားနပ်ရိက္ခာ လိုအပ်တယ်၊ အဲဒါက ရေရှည်ဖြစ်မယ်၊ နေဖို့ထိုင်ဖို့ကျတော့ ရေရှည်ဖြစ်ရင် ဘယ်လိုလာမလဲ မသိဘူးနော်။ ကျွန်တော်တို့ ကိုယ်၌ကလည်း မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ဘာလိုအပ်လဲဆိုတော့ စားနပ်ရိက္ခာ လိုတယ်။ ဒါပေမဲ့ ထပ်ဖြစ်လာခဲ့သည်ရှိသော်ဆိုပြီး သူတို့က ကြောက်နေကြတာ။ သူတို့ စိုးရိမ်မှုကြောင့်မို့ မပြန်ကြသေးတာ။ စကစ ကလည်း ဒီဒေသဘက်ကို ပစ်မှတ်ထား တယ်လေ။ အဲဒီဘက်မှာလည်း တော်လှန်ရေးတပ်သားတွေရှိတယ်ဆိုတော့ မင်းတို့နဲ့ သူတို့ဆက်သွယ်ရင် အဲလိုဖြစ်မယ်ဆိုတဲ့ သဘောနဲ့ လုပ်ပြတဲ့သဘောပေါ့နော်”

ကလေးမြို့တောင်ပိုင်းက ရွာတွေဖြစ်တဲ့ တင်သား၊ နတ်ချောင်း၊ မှန်တော၊ ချောင်းခွ၊ ရေရှင်နဲ့ မြောက်ပိုင်းက လက်ပံချောင်း၊ မြောက်ချော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသာကြီး၊ သာယာကုန်း၊ စမိတ်ကွင်း စတဲ့ရွာတွေက ဒေသခံတွေအားလုံး ထွက်ပြေးနေတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တချို့ဟာ နေအိမ်တွေမီးရှို့ခံထားရပါတယ်။ တချို့ရွာတွေမှာ စစ်ကောင်စီတပ်က ဝင်ပြီးတပ်စွဲထားလို့ ဒေသခံတွေနေရပ်ပြန်ဖို့ ခက်နေတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့ရဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးက RFA ကို ပြောပါတယ်။

“လက်ရှိအဓိက လိုအပ်နေတာကတော့ ဆန်၊ ဆီ၊ အဓိက စားနပ်ရိက္ခာပါပဲ။ ပြီးရင် ပြည်သူလူထုနေဖို့ မိုးကာ စတာတွေ အဓိကလိုအပ်ချက်ဖြစ်နေတယ်။ ကလေးမြို့က စစ်ဘေးရှောင်နဲ့ပတ်သက်ပြီးတော့ ပြည်တွင်း၊ ပြည်ပက အကူအညီရတာနည်းတယ်လို့ ပြောလို့ရတယ်။ မီးရှို့ခံရတဲ့ရွာတွေရှိသလို၊ မီးရှို့မခံရဘဲ တိမ်းရှောင်တဲ့ရွာတွေရှိတယ်။ အဲဒီရွာတွေမှာ တပ်စွဲထားတာပေါ့နော်”

တိုက်ပွဲငြိမ်နေပေမယ့် ရွာမပြန်ရဲသေးဘူးလို့ ကလေးမြို့ပေါ်မှာ အိမ်ငှားပြီးနေတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“တချို့ဆိုရင်တော့ တောထဲမှာ နေတဲ့သူများတယ်။ တချို့ ကလေးတောင်ပိုင်းက ရွာတွေက ချင်းလူမျိုးတွေများတယ်ဆိုတဲ့ သူတို့ရဲ့ဇာတိမြေ ချင်းတောင်ကို ပြန်ကြတာတွေလည်းရှိတယ်။ တချို့ကျတော့လည်း ကလေးမြို့ မြို့ပေါ်မှာ စစ်ဘေးရှောင်ပြီး အိမ်ငှားနေတဲ့သူတွေလည်း ရှိတယ်။ အခုလက်ရှိက တိုက်ပွဲ အခြေနေက ငြိမ်သက်နေပေမယ့်လည်း ရွာတော့မပြန်ကြသေးဘူး။ အဲဒီလို အခြေနေတော့ရှိတယ်။ စစ်ဘေးရှောင်ဆိုတော့ ဒီလိုပါပဲ၊ အခုက အကုန်လုံးခက်ခဲနေတဲ့ ကာလဆိုတော့ ကိုယ့်အခက်အခဲနဲ့ကိုယ်ရှိကြတာပဲ။ ဒါပေမဲ့ တနေ့နေ့ အောင်မြင်လာ မယ်လို့တော့ ယုံကြည်တာပဲ”

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးတာရှိ၊ မရှိသိရဖို့ အတွက် စစ်ကိုင်းတိုင်းရဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည့် စစ်ဘေးဒုက္ခသည် ကလေးငယ် တစ်ဦးအား ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည့် စစ်ဘေးဒုက္ခသည် ကလေးငယ် တစ်ဦးအား ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

ဧပြီ ၁၈ ရက်နေ့ ညပိုင်းက ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နေကြာတိုက်နားမှာ စစ်ကောင်စီတပ်နဲ့ ကလေးမြို့ပြ ပျောက်ကျားအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ပျက်စီးသွားခဲ့ပါတယ်။

ဧပြီ ၁၃ ရက်နေ့ကလည်း ပျဉ်းတောဦးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကလေးဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဧပြီလ ၉ ရက်နေ့က ကလေးမြို့တောင်ပိုင်း၊ ရန်ကြီးအောင်ရွာနားမှာ စစ်ကောင်စီ တပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်တဲ့အတွက် အဲဒီနားကရွာနှစ်ရွာက ဒေသခံ သုံးထောင်ဝန်းကျင်လောက် တောတောင်တွေထဲမှာ တိမ်းရှောင်နေရတယ်လို့ ပြောကြပါတယ်။

ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးစာရင်းအရ ကလေးမြို့မှာ မြို့နေလူဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိပြီး ကျေးလက်နေလူဦးရေ နှစ်သိန်းနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ကလေးမြို့နယ်မှာ ထွက်ပြေးရတဲ့သူ ခုနစ်သောင်းလောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သူ တစ်သန်း ရှစ်သိန်းကျော်ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။