စစ်ကိုင်းတိုင်းမှာ လေးလအတွင်း PDF အမျိုးသမီး ၂၀ အဖမ်းခံထားရ
စစ်ကိုင်းတိုင်းက ကျွန်းလှ၊ မြင်းမူနဲ့ ကလေးမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ လေးလနီးပါးအတွင်း အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ရင်း အဖမ်းခံထားရတဲ့ PDF ရဲမေ ၂၀ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ကျွန်းလှမြို့နယ်မှာ လေးယောက်၊ မြင်းမူမြို့နယ်မှာ ခုနစ်ယောက်နဲ့ ကလေးမြို့နယ်မှာ ကိုးယောက် ဖြစ်ပါတယ်။
ကျွန်းလှမြို့နယ်မှာတော့ မတ်လ ၄ ရက်နေ့က PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သား တွေ ဝေလမူရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်းလှပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ခုနစ်ယောက် အဖမ်းခံလိုက်ရပါတယ်။ အဲဒီထဲမှာ အမျိုးသမီး လေးဦးနဲ့ CDM ကျောင်းဆရာမ တစ်ဦးပါဝင်ပြီး ဒီနေ့ထိ အဆက်အသွယ်မရဘဲ ပျောက်နေတယ်လို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မတ်လ ၅ ရက်နေ့မှာတော့ အဲဒီ ခုနစ်ယောက်ထဲက PDF ရဲဘော်တွေဖြစ်တဲ့ အသက် ၂၀ ကျော်အရွယ် ကိုကျော်ထက်နဲ့ ကိုစွမ်းထက်တို့ရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနားမှာ အတူ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတချို့ရဲ့ အဝတ် အစားတွေ တွေ့ခဲ့ကြပေမယ့် အဲဒီအမျိုးသမီးတွေ ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ ကျွန်းလှမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ယောကျ်ားလေး နှစ်ယောက်ကတော့ သူတို့သတ်ထား ခဲ့ပြီဗျ။ မိန်းကလေးတွေကတော့ အစအနကို ရှာလို့မတွေ့သေးဘူး။ သူတို့အဝတ်အစား တွေတော့ တွေ့တယ်။ အဝတ်အစားတွေ တွေ့တာက သူတို့ကို ဖမ်းဆီးသွားတုန်းက အဝတ်အစားတွေကို ယောကျ်ားလေး နှစ်ယောက်ရဲ့ အလောင်းဘေးမှာပဲ ချွတ်ထားခဲ့ တယ်ဗျ။ ရှင်လား၊ သေလားတော့ မသိသေးဘူး။ သူတို့ထဲမှာ လိုက်ပါနေလား၊ ဒါမှ မဟုတ် တခြား တစ်နေရာမှာပဲ လိင်ပိုင်းဆိုင်ရာ စော်ကားပြီးမှပဲ သတ်ထားခဲ့လေ သလားတော့ ကျွန်တော်တို့ သဲသဲကွဲကွဲ မသိရသေးဘူး"
အဖမ်းခံရတဲ့ PDF ရဲမေတွေဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပြီး CDM ကျောင်းဆရာမကတော့ အသက် ၃၀ လောက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
သူတို့ဟာ ကျွန်းလှမြို့နယ် PDF တပ်ဖွဲ့ဝင်တွေအတွက် ဆေးကုသရေး၊ ထောက်ပံ့ ပို့ဆောင်ရေးနဲ့ စားနပ်ရိက္ခာ ချက်ပြုတ်ရေးကဏ္ဍတွေမှာ တာဝန်ယူလုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ကျွန်းလှ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဒီမှာ စဝင်တယ်ဆိုကတည်းက အာဏာရှင်ကို တော်လှန်မယ်ဆိုတဲ့ စိတ်နဲ့ မိသားစုတွေကို စွန့်ခွာ၊ အိုးအိမ်တွေ၊ မောင်နှမတွေ အကုန်လုံးကို စွန့်ခွာပြီး လာခဲ့တာဆိုတော့ အရမ်းကို ပြင်းပြတယ်လေ။ မိန်းကလေးတွေ ဆိုပေမယ့်လည်း ဒီစစ်အာဏာရှင်လက်အောက်မှာ အလုပ် မလုပ်ချင်တာတွေက အရမ်းပဲ ပြင်းပြနေတဲ့ အခါကျတော့ စခန်းမှာပဲ ထားတာမျိုးတို့၊ ရှေ့တန်းမခေါ်တာ များပါတယ်။ အဲဒီလိုမျိုး အန္တရာယ်လည်း အရမ်းများတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို နောက်ကြောင်း ပြန်ပြီး မကြည့်နိုင်ဘူးလေ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အရမ်းပဲ လေးစားပါတယ်။ ကျွန်တော်တို့ သွားလေရာကို သူတို့လိုက်ပြီးတော့မှ ဆေးလိုရင်ဆေး၊ ထမင်းလိုရင် ထမင်း အရာရာပြည့်စုံအောင် လုပ်ပေးတယ်”
ကျွန်းလှမြို့နယ် ဝေလမူရွာဟာ မတ်လ ၁ ရက်နေ့ကတည်းက စစ်ရဟတ်ယာဉ်လေးစင်းနဲ့ လေကြောင်းကနေ လာရောက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။ အဲဒီနောက်မှာတော့ ရဟတ် ယာဉ်ပေါ် ကနေ စစ်ကောင်စီတပ်သား တွေချပေးပြီး ရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ရွာကို ဝင်ရောက်စီးနင်းစဉ်မှာ ရွာထဲက နေအိမ်သုံးလုံး၊ ထွန်စက်၊ ကားနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မြင်းမူမြို့နယ် စံတင်ကင်းရွာအနီးက ပြည်သူ့ကာကွယ် ရေးတပ် (PDF) စခန်း တစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဆေး တပ်သား PDF ရဲမေ ခုနစ်ဦးအပါအဝင် စုစုပေါင်း လူ ၁၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
လက်ရှိမှာ သူတို့ကို မြင်းမူမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“လောလောဆယ်တော့ သူတို့ စခန်းထဲမှာပဲ ရှိသေးတယ်။ မိသားစုကတော့ ပစ္စည်းတချို့ ပို့ပေးလို့ ရတယ်လို့ ကြားတယ်။ နှိပ်စက်ခံထားရတဲ့ အခြေအနေရှိလားဆိုတာတော့ လူကိုယ်တိုင် မတွေ့ရ တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အဲဒါကိုတော့ ပြောပြနိုင်ခြင်း မရှိဘူး။ စခန်းအတွင်းက ကျွန်တော်တို့ ရဲဘော်တွေရဲ့ အခြေအနေကို ဘာမှ မသိရ သေးဘူး”
သူတို့တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့တုန်းက ဒဏ်ရာရလို့ စခန်းမှာ ဆေးကုနေတဲ့ အသက် ၂၁ နှစ်ရွယ် ကိုဆန်းကိုနဲ့ သူ့ကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဆေးတပ်ဖွဲ့ ခေါင်းဆောင် အသက် ၃၅ နှစ် အရွယ် ကိုဇော် တို့ကတော့ စခန်းမှာပဲ ပစ်သတ်ခံ ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
မြင်းမူမြို့ရဲစခန်းမှာ အဖမ်းခံထားရတဲ့ PDF ရဲမေ ခုနစ်ဦးက အသက် ၁၉ နှစ်အရွယ် မရွှန်းဝတီကျော်နဲ့ မနွေဇင်မိုး၊ အသက် ၂၀ အရွယ် မစန္ဒာလင်း၊ ၂၆ နှစ်အရွယ် မအေကေဦးနဲ့ မယဉ်မျိုးအေး၊ အသက် ၃၇ နှစ် အရွယ် မသူဇာနဲ့ အသက် ၄၁ နှစ်အရွယ် မဒါတို့ ဖြစ်ပါတယ်။ အမျိုးသား သုံးဦးကတော့ အသက် ၁၇ နှစ်အရွယ် ကိုချောင်ချောင်၊ အသက် ၂၂ နှစ်အရွယ် ကိုဟိန်းမင်းထက်နဲ့ အသက် ၄၈ နှစ်အရွယ် ဦးဝေနိုင်တို့ ဖြစ်ပါတယ်။
"အမျိုးသမီးတွေက နွေဦးတော်လှန်ရေးမှာ တကယ့်ကို အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်"
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) စခန်း စီးနင်းခံရပြီး ဆေးတပ်သား PDF ရဲမေ ကိုးဦး အဖမ်းခံခဲ့ရပါတယ်။
သူတို့ကိုတော့ ကလေးမြို့ အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး ဒီနေ့အချိန်ထိ မိသားစုနဲ့ တွေ့ခွင့် မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ကလေးမြို့နယ်က အဖမ်းခံထားရတဲ့ PDF ရဲမေ ကိုးဦးဟာ အသက် ၁၇ နှစ်နဲ့ ၂၁ နှစ်ကြား အရွယ်တွေဖြစ်ပြီး အများစုက တက္ကသိုလ်ကျောင်းသူတွေ ဖြစ်ကြပါတယ်။ သူတို့ ကိုး ယောက်ဟာ ကလေးအကျဉ်းထောင်ကို မပို့ခင် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး တချို့က နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတက်ကုသရတဲ့ အဆင့်ထိဖြစ်ခဲ့တယ် လို့လည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခု သုံးမြို့နယ်က ဖမ်းဆီးမှုတွေ၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မွန်းလွဲပိုင်းအထိ အကြောင်း မပြန်သေးပါဘူး။
စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ စစ်အာဏာ ရှင်စနစ်ကို မကြိုက်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာ ယောကျ်ားလေးတွေနဲ့ တန်းတူပါဝင်လာကြတာလို့ WLB လို့ခေါ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ တွဲဖက်အတွင်းရေးမှူး မနန်းမို့မို့က RFA ကို ပြောပါတယ်။
“အမျိုးသမီးတွေက အခု လက်နက်ကိုင်တော်လှန်ရေး လုပ်ငန်းစဉ်တွေထဲမှာ ပါလာ တယ်ပေါ့နော်။ အခုမှတော့ မဟုတ်ဘူး။ ဒါက မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဆက် ဆက်မှာ ဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုက ရှိခဲ့ တယ်။ အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေက အခုဆိုလို့ရှိရင် နွေဦးတော်လှန်ရေးမှာ တကယ့်ကို အရေးပါ အရာ ရောက်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေမှ ပါဝင်နေတယ်ဆိုတာကို ကျွန်မတို့က မျက်ဝါးထင်ထင် မြင်ရတာပဲ ဖြစ်တယ်။ လက်နက်ကိုင်ပြီးတော့မှကို စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် တကယ်ကို အမြစ်ဖြုတ်ဖို့ တကယ့်ကို စက်ဆုပ် ရွံရှာပြီးတော့ ရတဲ့ နည်းနဲ့ ကျရာကဏ္ဍမှာ အမျိုးသားတွနဲ့ တန်းတူ ရင်ပေါင်တန်းပြီး လက်နက်ကိုင်စွဲ ပြီးတော့ တော်လှန်ရေးမှာ ပါဝင်နေရတာ ဖြစ်တယ်”
စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံမှုအားကောင်းတာကြောင့် စစ်တပ် ဘက်ကလည်း ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားတွေသုံးပြီး တိုက်ခိုက်နေတာပါ။ ဒီတိုက်ခိုက်မှုတွေအတွင်း ရွာတွေ မီးရှို့ ဖျက်ဆီးတာ၊ အရှင်ဖမ်းမိပေမယ့် တရားဥပဒအရ မဟုတ်ဘဲ သတ်ဖြတ်လိုက်တာ၊ PDF စခန်းတွေကို အင်အားသုံး ဖြိုခွင်းတာတွေကိုပါ အင်တိုက်အားတိုက်ဆောင်ရွက်နေတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။