ကချင်နဲ့စစ်ကိုင်းနယ်စပ်မှာ သုံးပတ်အတွင်းတိုက်ပွဲပေါင်း ဒါဇင်နဲ့ချီဖြစ်

RFA Burmese
2023.04.12
ကချင်နဲ့စစ်ကိုင်းနယ်စပ်မှာ သုံးပတ်အတွင်းတိုက်ပွဲပေါင်း ဒါဇင်နဲ့ချီဖြစ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် ရွှေကူမြို့နယ် စီသောင်ကျေးရွာမှ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ်။
People Defense Force - ShweGu

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဆက်စပ်နေတဲ့ဒေသမှာ ပြီးခဲ့တဲ့ မတ်လ တတိယပတ်လောက် ကတည်းက ဒီရက်ပိုင်းအထိ စစ်ကောင်စီဟာ ကြည်းတပ်၊ လေတပ်သုံးပြီး ထိုးစစ်ဆင်နေပါတယ်။

ရွှေကူ၊ ကသာ၊ ဗန်းမောက်၊ အင်းတော်မြို့နယ်တွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF တို့ ပူးပေါင်းထားတဲ့ အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နန့်သာရွာမှာ ဧပြီလ ၆ ရက်ကစလို့ KIA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နန့်သာ၊ အောင်းကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာရွာတွေက ဒေသခံ လေးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြီးခဲ့တဲ့ရက်ပိုင်းအထိ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် အဲဒီဒေသတွေမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရတဲ့အရပ်သား တစ်သောင်းကျော်ရှိနေတယ်လို့ သိရပါတယ်။

ဧပြီ ၉ ရက်နေ့က စစ်ကောင်စီဘက်က လက်နက်ကြီးကျည်ကြောင့် ရွှေကူမြို့နယ်မှာ လေးယောက်၊ ဗန်းမောက်မြို့ နယ်မှာ နှစ်ယောက်၊ စုစုပေါင်း အရပ်သား ခြောက်ယောက် သေဆုံးခဲ့ပါတယ်။

မတ်လ ၂၃ ရက်ကနေ ဧပြီလ ၈ ရက်အထိ ရွှေကူမြို့နယ်မှာ တိုက်ပွဲပေါင်း ၂၁ ကြိမ် ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဧပြီလ ၉ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇) နဲ့ ခလရ (၈၈) တို့ စစ်ကြောင်းထိုးဝင်လာသလို၊ ဒီရက်ထဲမှာ စစ်ကောင်စီက လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရွှေကူ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မတ် ၂၃ ကနေ ဒီနေ့အထိဆိုတော့ တိုက်ပွဲကာလ ၁၈ ရက်ကြာပြီပေါ့နော်။ ၁၈ ရက် ကြာမြင့်တဲ့ နေရာမှာ စကစ ဘယ်လိုမျိုးလဲဆိုတော့ ပထမဦးဆုံး ငှက်တံတား ကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီးတော့ နောက်ပိုင်းမှာ ဝင်းဝ၊ နောင်လတ်ကြီး၊ နန့်လန်ပေါ့နော်၊ ပြီးလို့ရှိရင် စီမူလေး၊ စီမူကြီး၊ မံဝိန်း၊ စီသာ၊ မံနား၊ စီသောင်၊ မံခါး၊ တုံးကောက် ဒီရွာတွေမှာ ဆက်တိုက် သူတို့ကလက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတော့မှ တိုက်ခိုက်တဲ့ အခြေအနေ ဖြစ်တယ်။ လေကြောင်းနဲ့လည်းပစ်တယ်။ လေကြောင်းနဲ့က ၆ ရက်ပေါ့”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NUG ၊ PDF နဲ့ သူတို့ကိုကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ မတ်လ ၂၇ ရက် နေ့ကကျင်းပတဲ့ ၇၈ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောထားတဲ့အတိုင်း စစ်ဆင်ရေးတွေတိုးပြီး လုပ်နေတာလို့ မြင်တဲ့အကြောင်းလည်း သူကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်တာရော မီးရှို့တာကြောင့်ပါ စီသာ၊ မံနား၊ စီသောင်၊ မံခါး၊ စီမော် စတဲ့ရွာတွေက အိမ် ၆၀၀ ကျော်လည်း မီးလောင်သွားတယ်လို့ မံနားရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါကြောင့် အဲဒီနားတစ်ဝိုက် ရွာပေါင်း ၁၂ ရွာက ဒေသခံထောင်နဲ့ချီပြီး ဘေးလွတ်ရာ မြို့ပေါ်နဲ့ တောတောင်တွေဆီ ထွက်ပြေးတိမ်းရှောင်နေရလို့ အဲဒီလူတွေ အကူအညီလုပ်နေတယ်လို့ သူက ပြောပါတယ်။

"စစ်ရှောင်တွေက တောဘက်ကိုရှောင်နေရပါတယ်။ စစ်ဘေးဒုက္ခသည် အခက်အခဲကတော့ ကျနော်တို့အစစ အရာရာကတော့ အခက်အခဲရှိတာပေါ့၊ ဆေးတွေ၊ စားစရာတွေ၊ စားနပ်ရိက္ခာတွေ ဝတ်စရာခြုံစရာ အမိုးတွေ အဲဒါမျိုးတွေပါ့။ အဲဒါမျိုးတွေကျတော့ အကုန်လုံးကိုက ဒုက္ခဖြစ်နေတယ်။ ဒီနားမှာရှိတဲ့လူတွေက ကျနော်တို့ တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးနေတာက လုံကို မလုံလောက်ဘူး”

KIA နဲ့ PDF တွေက အဲဒီဒေသကို ခြေကုတ်ယူပြီး စစ်ကိုင်းတိုင်းကို လက်နက်ခဲယမ်း ထောက်ပံ့တာ၊ သစ်မှောင်ခို ထုတ်နေတာတွေ ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းမှာ ရေးထားပါတယ်။

"လေကြောင်းနဲ့လည်းပစ်တယ်။ လေကြောင်းနဲ့က ၆ ရက်ပေါ့"

ရွှေကူ PDF ပြန်ကြားတာဝန်ခံကတော့ ခေတ်အဆက်အဆက် သစ်ခိုးထုတ်တဲ့သူတွေက စစ်အာဏာရှင်တွေသာဖြစ်ပြီး သူတို့အနေနဲ့ စစ်ကောင်စီကိုပဲ အာရုံထား တိုက်ခိုက်နေတဲ့အတွက် သစ်ခိုးထုတ်ဖို့ အချိန်မရှိဘူးလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ရေးနဲ့ ပတ်သက်တာတွေ သူမသိဘူးလို့ ပြောပါတယ်။

"တိုက်ပွဲသတင်းကတော့ ကျနော်မသိဘူးဗျ၊ တိုက်ပွဲသတင်းကတော့လေ အဲဒါတွေက လုံနယ်တို့ ဘာတို့ ဘက်ကတော့သိမယ်။ ဒီနေ့တောင်မှ ကျနော်တို့ တိုက်ပွဲနော် ဒီနေ့တောင်မှ အိမ်ထောင်စု ပေါင်း ၁၀၀ အရင်တုန်းက တိုက်ပွဲရှောင်အများကြီးပဲ အဲဒါတွေ နေရပ်ပြန်ဖို့ သွားထောက်ပံ့တာ"

KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ရွှေကူဘက်မှာ နေ့တိုင်းလိုလို တိုက်ပွဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

"ကြားရသလောက်ကတော့ အဲဘက်မှာ KIA နဲ့ရွှေကူ PDF တွေ ပူးပေါင်းတဲ့ စစ်ကြောင်းပေါ့နော်။ စစ်ကောင်စီ စစ်ကြောင်းတွေက တော်တော်လည်းလှုပ်ရှားတာဟာ ကြားသိရပါတယ်။ ကျနော်တို့ တောထဲမှာလည်း ဝင်ပြီးတော့လှုပ်ရှားနေကြရပါတယ်။ ဆိုတော့ အဲဒါကို ခုခံပြီးတော့ တိုက်တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ဆိုတော့ ဘယ်လောက်ထိ သူတို့ တိုက်ပွဲပြင်းထန်လဲဆိုတော့ နေ့တိုင်း နေ့တိုင်းလို ဖြစ်သွားတာပေါ့။ လေကြောင်းနဲ့ ပစ်တာဆိုတာတွေကြားရတယ်၊ ပြည်သူလူထုရဲ့ အိမ်တွေထိတယ်ဆိုတာတွေ ကြားရတယ်"

စစ်ကိုင်းတိုင်းဘက်မှာ စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်ပြီးစိုးမိုးနိုင်ဖို့ အင်အား အတော်များများသုံးပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာလည်း ကြားရတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်နဲ့အစပ် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာလည်း မတ်လ ၂၃ ရက်မှာ စစ်ကောင်စီ တပ်မ (၇၇)၊ တပ်မ (၉၉) နဲ့ သူတို့လက်အောက်ခံ SNA ရှမ်းနီတပ်တွေက အင်အားအတော်များများနဲ့ စစ်ကြောင်း ထိုးခဲ့ပါတယ်။ မတ် ၂၅ ရက်ကနေ မတ်လ ၃၀ ရက်နေ့အထိ PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ပါ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အင်းတော်မြို့နယ် အောင်းကုန်းရွာမှ နေအိမ်တစ်လုံးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Indaw Revolution-IR)
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အင်းတော်မြို့နယ် အောင်းကုန်းရွာမှ နေအိမ်တစ်လုံးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Indaw Revolution-IR)

ဒါကြောင့် အရင်နှစ်တွေထက် ဒီနှစ်မှာ တိုက်ပွဲတွေပိုများတယ်လို့ သူကပြောပါတယ်။

"အရင်နှစ်ကထက်စာရင်တော့ တိုက်ပွဲကတော့ ခပ်စိပ်စိပ်ပေါ့နော်။ ၁ လ ၁၅ ရက်နား၊ ပြန်ဖြစ်၊ အဲဒီလိုမျိုးပဲ ဆက်တိုက်ကိုဖြစ်နေတာပေါ့။ အခု ဗန်းမောက်မြို့နယ်ထဲမှာကိုက စစ်ကောင်စီဘက်က လူတွေ အင်အား ၂၀၀ ကျော် ၃၀၀ နီးနီးရှိနေတာ။ စစ်ပွဲကတော့ ဖြစ်ဦးမှာပါ။ သူတို့ဘက်က အင်အားလက်ကျန်ကလည်း အခုထိ မပြတ်သေးတဲ့ အခါကျတော့"

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အင်းရွာအနားမှာတော့ ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီ တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့သလို အဲဒီနားက အင်းရွာ၊ ရွှေဘုံသာ၊ သပြေသာ၊ အလယ်ရွာ၊ ပျဉ်းလေးပင်၊ ဖုန်းကုန်း၊ ပေလမ်းကုန်း၊ ကျွန်းတောကုန်း အစရှိတဲ့ရွာ ၁၀ ရွာလောက်က အရပ်သား တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) ရဲ့ တာဝန်ခံ ကိုဂျက်ကော့ (JACOB) က စစ်ကောင်စီက ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်နေတာလို့ ပြောပါတယ်။

"ရွှေကူဘက်ပေါ့နော် စစ်ကိုင်းဘက်ရောပိုပြီးမှ လေယာဉ်နဲ့လှုပ်ရှားလာတာ။ အရပ်သားဒေသတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဒီလိုမျိုးဖြစ်လာတာ။ အဓိကတော့ သူတို့ ကြိုးစားနေတာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးပေါ့။ သူတို့က ဒီဟာကိုလုပ်နေတာ။ အဓိက သူတို့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာ တွေ့ရပါတယ်”

စစ်ကောင်စီဟာ ခြေလျင်နဲ့တိုက်ဖို့ခက်တဲ့အတွက် လေကြောင်းသုံးပြီး ပြည်သူတွေ၊ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ခြိမ်းခြောက် တိုက်ခိုက်တယ်လို့လည်း ပြောပါတယ်။

RFA ကလေ့လာချက်အရ မတ်လ ၂၃ ကနေ ဧပြီ ၁၀ ရက်နေ့ထိ ရွှေကူ၊ ဗန်းမောက်၊ အင်းတော်၊ ကသာမြို့နယ် တွေမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ အကြိမ် ၂၀ လောက်ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေမှာ PDF အဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၈၀ လောက် သေဆုံးခဲ့တယ်လို့ PDF တွေကပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီကတော့ ရွှေကူမြို့နယ်မှာ သူတို့ တပ်သားတချို့ ထိခိုက်သေဆုံးဒဏ်ရာ ရတာရှိသလို၊ KIA နဲ့ PDF ဘက်က အလောင်း ၁၇ လောင်းနဲ့ လက်နက်ခဲယမ်းတွေ ရခဲ့တယ်လို့ ဧပြီ ၉ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။