အာဏာသိမ်းကာလအခက်အခဲကြောင့် ကချင်ဒုက္ခသည် တစ်ထောင်ကျော် နေရပ်ပြန်

RFA Burmese
2023.02.22
အာဏာသိမ်းကာလအခက်အခဲကြောင့် ကချင်ဒုက္ခသည် တစ်ထောင်ကျော် နေရပ်ပြန် မြစ်ကြီးနားက နေရပ်ပြန် စစ်ဘေးဒုက္ခသည်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှာ တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းနှစ်နှစ်အတွင်း ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ အကူအညီတွေ လျှော့ချထားတာကြောင့် မြစ်ကြီးနားမြို့နယ် ရေကြည်နဲ့ ဝိုင်းမော်မြို့နယ် ဂါရာယန်၊ ဒဘတ်ယန်၊ ကဇူး နဲ့ နမ်ဆန်ယန် ကျေးရွာတွေက နေရပ်ပြန်သူ တစ်ထောင် ကျော်ခန့်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက မြစ်ကြီးနားမြို့ပေါ်က ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေးခိုလှုံ နေကြတာပါ။

“လုံခြုံမှုရှိလို့ပြန်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က ဒီထက် ၁၅ နှစ်ဆိုရင်တော့ မလွယ်တော့ဘူး။ အနှစ် ၂၀ ဆိုရင်တော့ သွားပြီ"

လက်ရှိမှာ နယ်မြေတည်ငြိမ်မှုမရှိပေမယ့် ဒုက္ခသည်စခန်းတွေမှာ အရင်ကလို စားနပ်ရိက္ခာ အကူအညီတွေ မရတော့လို့ အရဲစွန့်ပြီး နေရပ်ပြန်ကြတာလို့ ဝိုင်းမော်မြို့နယ် ဂါရာယန် ကျေးရွာဒေသခံတစ်ဦးက RFA ကို ပြော ပါတယ်။

“ဒီမှာဆက်နေလို့ရှိရင် အခုကုန်စျေးနှုန်းကလည်း တအားတက်လာတဲ့အခါကျတော့ စားဝတ်နေရေး ခက်ခဲတယ်။ နောက်ပြီးမှ နေရေးထိုင်ရေးလည်း အခက်အခဲ အကျပ် အတည်းတွဖြစ်လာတယ်။ နောက်တစ်ခုကတော့ ကျမတို့ ထားခဲ့တဲ့ခြံတွေ အိမ်တွေပေါ့ ကိုယ့်ရဲ့ရှိတဲ့ဥစ္စာပေါ့ ခြံတွေ အိမ်တွေ သူစိမ်းတွေက ပြန်ပြီးတော့ အခြေချလာတဲ့ အခြေအနေတွေရှိလာတော့ ကျမတို့လည်း မပြန်လို့မရတော့ဘူးဆိုပြီး အားလုံးကိုယ်စီ ပေါ့ ဆုံးဖြတ်ပြီးမှ ပြန်တာ ဟုတ်တယ်"

ဂါရာယန်ကျေးရွာကနေ မြစ်ကြီးနားမြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရသူ အိမ်ထောင်စု ၅၀၀ ခန့်ရှိပြီး အဲဒီအထဲက အိမ်ထောင်စု ၂၀၀ ဝန်းကျင် နေရပ်ပြန်ခဲ့ကြ တာလို့ဆိုပါတယ်။ ကျန်တဲ့သူတွေက တော့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအရ တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက် မပြန်ရဲကြသေးဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ နေရပ်ပြန်ကြသူတွေထဲမှာလည်း တချို့က အပြီးပြန်တာမဟုတ်ဘဲ စားနပ်ရိက္ခာအတွက် တောင်ယာ စိုက်ခင်းတွေ ပြန်လုပ်ဖို့ ပြန်ကြတာလို့လည်း သူကပြောပါတယ်။

kachin1.jpg
ရှအစ်ယန် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည် မိသားစုတစ်စု။ (Photo: RFA)

အချိန် ၁၂ နှစ် နီးပါးခန့်အကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာကြောင့် နေအိမ်၊ ဆေးပေးခန်း၊ စာသင်ကျောင်းတွေ ပြန်ဆောက်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့လည်း နေရပ်ပြန် ဒုက္ခသည်တွေက ပြောပါတယ်။

ကချင်စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကတော့ ကိုယ့် ဆုံးဖြတ်ချက်နဲ့ နေရပ်ပြန်ကြတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီအချို့ကို ပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KBC တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“နေရပ်ပြန်တာတော့ အခုက IDPs တွေ၊ Community တွေက Self Alliances Plan (သူတို့ဟာသူတို့ ပူးပေါင်း စီစဉ်တဲ့ အစီအစဉ်) ဆိုပြီး Voluntary (စေတနာ့ဝန်ထမ်း) လုပ်ပြီး ပြန်တာတွေလည်းရှိတယ်။ ဆက်ပြန်ဖို့အတွက် စီစဉ်နေတဲ့သူတွေလည်းရှိတယ်။ ပြန်တာတွေလည်း ရှိပြီးနောက် ပြန်မည့်သူတွေလည်း ရှိတယ်။ ဒီ IDPs တွေက Self Alliances Plan (သူတို့ဟာသူတို့စီစဉ်တဲ့ အစီအစဉ်) ဆိုပြီးလုပ်တဲ့ဟာတွေ ရှိတယ်၊ လုပ်နေတဲ့ နေရပ်ပြန်မှု မှာ KBC အနေနဲ့ကတော့သူတို့အတူ သူတို့ လိုအပ်တာတွေကို သူတို့အစီအစဉ် ရှိတာကို အတူတကွ လိုက်ပါဆောင်ရွက်ပေးတာပေါ့နော်။ အဲလိုမျိုးအစီအစဉ်တော့ လုပ်နေပါတယ်”

စစ်ဘေးဒုက္ခသည်တွေအတွက်အလှူငွေတွေ အရင်ကထက် လျော့နည်းလာပေမယ့် တတ်နိုင်သလောက်ကူညီ နေတယ်လို့လည်း သူက ပြောပါတယ်။

ကချင်ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့တွေရဲ့ စာရင်းအရ ၂၀၁၁ ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင် ပြည်နယ်မှာ ဒုက္ခသည်စခန်းပေါင်း ၁၆၀ ကျော်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲခန့် ထွက်ပြေးခိုလှုံခဲ့ကြရပါ တယ်။ အဲဒီနောက် ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ထပ်တိုးခဲ့ပါတယ်။

စစ်ကောင်စီကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြစ်ကြီးနား ဂျန်မိုင်ကောင် စစ်ဘေးဒုက္ခသည် စခန်းကို ရောက်လာ ပြီး နွေရာသီကျောင်းပိတ်ချိန် နေရပ်ပြန်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုပေမယ့် ဒီနေ့အထိ ဘာအထောက်အပံ့မှ မရဘူးလို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီဇင်ဘာလတုန်းက အစိုးရဝန်ကြီး ဒုဝန်ကြီးတစ်ဦးလာသွားတယ်။ အဲဒီတုန်းက ဒီနှစ်ကတော့ ကျောင်းပိတ်ရင် ပြန်ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးမယ်ဆိုတဲ့ အကြောင်းပေါ့ အဲလိုတော့လာပြောသွားတယ်။ အဲဒါကို သူတို့က အိမ်ကတော့ မဆောက်ပေးနိုင်ဘူး။ သို့သော်လည်း သူရဲ့ အိမ်ဆောက်မယ့်တန်စျေး အစိုးရအနေနဲ့ ဘယ်လောက် သတ်မှတ်ပေးမယ်။ အတိအကျတော့ မသိရသေးဘူး သူတို့ပြန်ပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့ အပိုင်းရယ် ပိုပြီးမှ ကောင်းတဲ့ဟာလိုချင်ရင် မိမိရဲ့ပိုက်ဆံ စိုက်ထုတ် ပြီး အိမ်ဆောက်ပေါ့။ ပေးထားတဲ့ဟာ ကထက် နည်းနည်း သင်လျော်တဲ့အိမ်ဆောက်ပြီး နေမယ်ဆိုလည်း ပိုတဲ့ဟာ ကိုယ့်ဟာကိုယ် အရင်းအနှီး လုပ်ပေါ့။ အဲလိုတော့ လာပြော သွားတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှ တိကျတဲ့သတင်းတော့ မရသေးဘူး”

ဝိုင်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့နယ် ဒုက္ခသည်အချို့လည်း အခုဖေဖော်ဝါရီလကုန်မှာ နေရပ်ပြန်ဖို့ စဉ်းစား နေကြတယ်လို့ သူက ပြောပါတယ်။

နေရပ်ပြန် ဒုက္ခသည်တွေဟာ မြို့နဲ့နီးတဲ့ကျေးရွာတွေကဖြစ်ပြီး တချို့ ဒေသတွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေရဲ့ တပ်စခန်းတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေကြဆဲပါ။

ဝိုင်းမော်မြို့နယ် ရှအစ်ယန် ဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည် ဆရာ ခွန်ဆိုင်းက နေရပ်ပြန်ချင်ပေမယ့် သူတို့ နေရပ် ဆမ်ပိုင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ လှုပ်ရှားတပ်တွေ မကြာခဏရောက်တတ်တဲ့အတွက် နေရပ်ပြန်လို့ မရသေးဘူးလို့ ပြောပါတယ်။

“အခုကျနော်တို့ ဆမ်ပိုင်ကျေးရွာကတော့ သူများကျေးရွာနဲ့မတူဘူး။ လုပ်ရှားတပ်တွေ အမြဲတမ်းလှုပ်ရှားတဲ့ နေရာဆိုတော့ စိုးရိမ်စရာတွေ အများကြီးရှိတဲ့အတွက်ကြောင့် ပြင်ဆင်စရာရှိတာတော့ ကျနော်တို့ အဖွဲ့အစည်း တွေ return ကော်မတီက ဆိုပြီးဖွဲ့ထားတဲ့သူတွေက လုပ်နိုင်တဲ့ အခြေအနေကို ကြိုးစားပြီးလုပ်နေတာ။ ကျနော် တို့ ဘယ်ချိန်မှ ပြန်လို့ရမယ်ဆိုတာ မသိသေးဘူး ဒါပေမဲ့ကျနော်တို့ ကော်မတီက ကြိုးစား နေတာက ၂၀၂၃ ကို ကျော်သွားတဲ့အချိန် ၂၀၂၄ ကိုတော့ မဖြစ်မနေ ဘယ်လိုပဲဖြစ်ဖြစ် ရွာကိုပြန်နိုင်အောင် စီစဉ်ထားတဲ့ အရာ စဉ်းစား ထားတာတွေတော့ရှိတယ်”

kachin2.jpg
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စင်ကြိုင် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၀၊ ဇွန် ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ စစ်ဘေးဒုက္ခသည် တွေရဲ့ လိုအပ်ချက်တွေအတွက် ကူညီပေးနေတယ်လို့ ပြောပါတယ်။

“အခုလောလော တိကျစာရင်းတော့ ကျနော်ပြောနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က ဥပမာ-နမ်ဆန်ယာန် ဘက်မှာ ရွာပြန်တည်ပေးတာရှိတယ်။ ရွာပြန်တည်ပေးပြီးမှ အဲဒီမှာကျောင်းတွေ နေလို့ရအောင် ပြန်ပြင်ပေးထားတာ ရှိတယ်။ အဓိကက ကိုယ်နေရပ်ဒေသ ကိုပြန်ဖို့ဆိုရင် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်အောင်ပေါ့ တိုင်းရင်း သားတွေ အဲလိုကျနော်တို့စဉ်းစားပြီး လုပ်ပေးရတာပါ”

ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း နေရပ်ကို အပြီးပြန်လို့မရနိုင်သေးတဲ့ ဒုက္ခသည်တွေကို နေရပ်မှာသွားရောက်လုပ်ကိုင်လို့ရရင် သွားကြဖို့ အသိပေးထားတယ်လို့ ပြောပါတယ်။

ဂါရာယန်ကျေးရွာက ဘာသာရေးဆရာတစ်ဦးကတော့ သူတို့ကျေးရွာသားအချို့ဟာ အရဲစွန့်ပြီးနေရပ်ပြန်တာ တွေ ရှိပေမဲ့ တိုက်ပွဲပြန်ဖြစ်လာရင် ဒုက္ခသည်စခန်းကို ပြန်ပြေးလာဖို့ပါ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“လုံခြုံမှုရှိလို့ပြန်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က ဒီထက် ၁၅ နှစ်ဆိုရင်တော့ မလွယ်တော့ဘူး။ အနှစ် ၂၀ ဆိုရင်တော့ သွားပြီ။ အဲဒါကြောင့် ကျနော်တို့ ရွာမှာဆို လည်း အဲလိုမျိုးပဲ။ သူခိုးတွေ ပေါသွားတာ အဲလိုမျိုး ပေါ့။ အိမ်တောင် တဖြည်းဖြည်းနဲ့ ခွာယူသွားတာ နောက်ဆုံးတော့ မြေမှုန့်ပဲ ကျန်တဲ့အဆင့်ရှိလာတယ်။ အဲဒါ ကြောင့် ကျနော်တို့လည်း မဖြစ်တော့ဘူး စိုက်ပျိုးရေးလုပ်ပြီးမှ အခု တစ်ယောက်ကို ၁၂၀၀၀ အဲလောက်ပဲ ပေးတာ။ ဒါဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဒီမှာပဲနေရင်တော့ ကျနော်တို့ ဘဝက ဆုံးပြီပေါ့။ ပြန်ပြီးမှ ကိုယ့်နေရာ မှာပဲ လုပ်စားမယ်မယ်။ ဖြစ်လာရင်တော့ ပြန်ပြေးမယ်လေ”

ကချင်ပြည်နယ်မှာ အရင်က မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ PDF အဖွဲ့တွေကပါ KIA နဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။