ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး တိုးလာ

RFA Burmese
2024.05.31
ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး တိုးလာ ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။
lung sha yang perish youth

ကချင်ပြည်နယ် ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က စတင်ဖြစ်ပွားလာတဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေဟာ ဒီနေ့အထိ ဆက်လက်ပြင်းထန်နေဆဲပါ။ ဒီတိုက်ပွဲတွေကြောင့် မိုးမောက်၊ မံစီ၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ ပူတာအို၊ မြစ်ကြီးနား စတဲ့မြို့နယ် ခုနစ်မြို့မှာ စစ်ဘေးဒုက္ခသည် ငါးသောင်းခန့် ထပ်တိုးလာတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူအရေအတွက် ထပ်တိုးနေဆဲပဲလို့လည်း ပြောကြပါတယ်။

"ပြေးနေတဲ့ဘက်မှာလည်း လုံခြုံမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေ ယာဥ်ပျံနဲ့ နေရာတကာ ဗုံးလိုက်ကြဲနေတာ"

လူဦးရေ ရှစ်ထောင်နီးပါးနေထိုင်တဲ့ မံစီမြို့မှာ တစ်မြို့လုံးထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မံစီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ပွဲကတော့ အကြီးအကျယ်ပဲ။ ဒီဘက်ကလည်း ထိုးစစ်ဆင်နေတာ။ မံစီမှာ မြို့ခံတွေကလည်း ပြေးပြီ၊ ဘယ်သူမှ မရှိတော့ဘူး။ ဗန်းမော်ဘက် ပြေးတယ်၊ ဒီဘက် ကျွန်တော်တို့ရွာဘက်ကို ပြေးတယ်ပေါ့။ ဒီမှာက အဓိကတော့ အခက်အခဲတော့ အစားအသောက်ပေါ့။ အလှူရှင်တွေလည်း မလာကြဘူး။ ပြီးတော့ စားဝတ်နေရေး၊ အမိုးအကာတွေပေါ့။ အခု မိုးတွင်းရောက်တော့မယ်ဆိုတော့။ တချို့ကလည်း အရေးပေါ် ပြေးခဲ့ရတယ်ဆိုတော့ ဘာမှမပါလာဘူး။ ဝတ်ထားတဲ့အဝတ်တစ်ထည် ကိုယ်တစ်ခုပဲပါပြီးမှ ပြေးလာတဲ့အခါကျတော့ ဒီချက်စားမယ့်ဟာတွေ စားအိုးစားခွက်တွေလည်း အဲဒါတွေလည်းဘာမှ မပါလာဘူး”

မြို့ပေါ်နေ ဒေသခံအများစုဟာ မိုင်းခေါင်၊ မံဝိန်းကြီး၊ ဟန်ထက်၊ မံသာ စတဲ့ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ကြပြီး အဲဒီကျေးရွာတွေမှာ အိမ်တစ်အိမ်တည်းမှာ မိသားစု ဆယ်စုခန့် စုပြုံခိုလှုံနေကြရတယ်လို့ ပြောပါတယ်။

မံစီမြို့မှာ မေ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မြို့သိမ်းတိုက်ပွဲကြောင့် နေအိမ် သုံးဆယ်ထက်မနည်း မီးလောင်ပျက်စီးသွားသလို အရပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

လူဦးရေ တစ်သောင်းကျော် နေထိုင်တဲ့မိုးမောက်မြို့မှာလည်း တိုက်ပွဲတွေကြောင့် မြို့လုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA သိမ်းပိုက်ထားတဲ့ဒေသတွေဘက်ကို ထွက်ပြေးတိမ်းရှောင်သူကတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် လုံခြုံမှုမရှိဘူးလို့ ကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုးမောက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ပြေးနေတဲ့ဘက်မှာလည်း လုံခြုံမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေယာဥ်ပျံနဲ့ နေရာတကာ ဗုံးလိုက်ကြဲနေတာ။ လွန်ခဲ့တဲ့ သုံး-လေးရက်လောက်က မြို့သစ်ဆေးရုံကုန်းကို ဖိုက်တာနဲ့ ဗုံးလာကြဲတယ်။ နောက်တစ်ကြိမ် အဲဒီဘေးပတ်ဝန်းကျင်မှာ တစ်ကြိမ်လာကြဲတယ်။ အဲဒီတော့ ကျွန်တော်တို့ မြို့သစ်မှာ ပြေးတဲ့သူတွေက ထပ်ဆင့်ပြန်ပြေးတယ်။ ရွာတွေဘက်ကို ထပ်ဆင့် ပြန်ပြေးရတာတွေ ကြုံရတယ်။ အခုက ဘယ်နေရာမှာ လုံခြုံမှုဆိုတာမရှိဘူး။ လေယာဥ်က အမြဲတမ်း ဘယ်နေရာမဆို ဗုံးက ကြဲနိုင်တဲ့အနေအထားမှာရှိတယ်။ လေယာဥ် လာပြီဆိုရင် အကုန်လုံးကြောက်နေကြတယ်”

မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၄၃၇) တပ်ရင်းကို KIA က မေ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ မီးရှို့မှုတွေကြောင့် မိုမောက်မြို့မှာ ပျက်စီးသွားတဲ့ နေအိမ်တစ်ရာကျော် ရှိနေတယ်လို့လည်း ပြောပါတယ်။

မိုးမောက် ဒေသခံအများစုဟာ ဗန်းမော်မြို့နယ်ဘက်ကိုထွက်ပြေးရင် တိုက်ပွဲကြားထဲ ပိတ်မိသွားနိုင်တဲ့အတွက် ဗန်းမော်-မြစ်ကြီးနားကားလမ်း မြို့သစ်၊ ကုန်းလော ကျေးရွာဘက်နဲ့ လွယ်ဂျယ်လမ်းဘက်ကို အဓိက ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောကြပါတယ်။

အလားတူ ဝိုင်းမော်မြို့နယ်မှာလည်း စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မေ ၁၈ ရက်နေ့ကစလို့ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ပေါ်က ဒေသခံအများစုအပြင် ခတ်ချို၊ အင်းလေး၊ လမြန် အစရှိတဲ့ ကျေးရွာ တော်တော်များများ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ မေ ၂၁ နဲ့ ၂၂ ရက်တွေက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ မေ ၂၆ ရက်နေ့ကလည်း ရွှေညောင်ပင် ကျေးရွာဘက်ကနေ ဝိုင်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ကား မြို့အဝင်မှာ ပစ်ခတ်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မိုးမောက်၊ မံစီ၊ ရွှေကူ၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် ပြည်သူတွေ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ တိုက်တွန်းပါတယ်။

“တော်လှန်ရေးဆိုတာ ရည်မှန်းချက်ပန်းတိုင်တွေ မရောက်မချင်းကတော့ တိုက်ပွဲက ဆက်ရှိရမှာဖြစ်ပါတယ်။ စစ်အဏာရှင်စနစ်နဲ့ ဖိနှိပ်ခံဘဝကနေ လွှတ်မြောက်ဖို့အတွက် ကျွန်တော်တို့အားလုံး ကြိုးစားတာ ဖြစ်ပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ KIA/KIO အနေနဲ့ အောင်ပွဲတွေ အများကြီးဆွတ်ခူးရတာလည်း ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေအားလုံးကလည်း ကျွန်တော်တို့ တော်လှန်ရေးခရီးစဉ်တွေ မပြီးမချင်းကတော့ ဆက်ပြီးမှ ကျွန်တော်တို့လည်း တိုက်ပွဲကိုတော့ ဆင်နွှဲရမှာဖြစ်ပါတယ်။ ပြည်သူလူထုတွေလည်း အဲဒါကိုနားလည်ပြီးမှ မိသားစုရဲ့လုံခြုံမှုကို အလေးထားပြီးနေနေဖို့ အားလုံးကို အားပေးစကားပေးလိုခြင်း ဖြစ်ပါတယ်”

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကချင်ပြည်နယ်မှာ မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီ တပ်စခန်းကြီး၊ တပ်စခန်းငယ်ပေါင်း တစ်ရာကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေတွေနဲ့ စစ်ဘေးဒုက္ခသည်အခြေအနေတွေကို မေးမြန်းဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန် စစ်ဘေးဒုက္ခသည် အဘွာအိုတစ်ဦးအား ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: lung sha yang perish youth)
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန် စစ်ဘေးဒုက္ခသည် အဘွာအိုတစ်ဦးအား ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: lung sha yang perish youth)

ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထပ်တိုးလာတာကြောင့် လုံလောက်တဲ့အကူအညီပေးဖို့ ခက်ခဲတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အခုက စစ်ရှောင်ပြည်သူတွေက အလုံးအရင်းနဲ့ကို ရှောင်တိမ်းလာတဲ့ အခြေအနေကြောင့် လူမှုကူညီရေးအဖွဲ့တွေ များပေမဲ့လည်း ကျွန်တော်တို့ ဒီစစ်ရှောင်တွေ ကာဗာလိုက်နိုင်ဖို့ကတော့ တော်တော်လည်း ခက်ခဲနေတဲ့အပိုင်းဖြစ်ပါတယ်။ အခုကတော့ ပိုခက်ခဲလာမယ့်အပိုင်းပဲ ကျွန်တော်တို့လည်း မြင်မိတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီစစ်ပွဲအချိန်ကလည်း လျှော့သွားတာ၊ ကျွန်တော်တို့ မမြင်ရသေးဘူး။ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတုအရကလည်း မိုးရာသီထဲ ဝင်လာပြီ၊ မိုးများလာပြီဆိုတော့ ဒီတုပ်ကွေးတွေ၊ ဝမ်းပျက်ဝမ်းလျှော်တော့က အစပေါ့၊ အမျိုးမျိုးပေါ့။ အဲဒီလိုဆိုတော့ စစ်ဘေးဒုက္ခသည်တွေအတွက် ပိုပြီးခက်ခဲမဲ့အပိုင်းဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ကူညီတဲ့သူတွေနဲ့လည်း တော်တော်အားခဲရမဲ့အပိုင်းတွေရှိတယ်”

ကချင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့် လူပေါင်း နှစ်သောင်းကျော် ထွက်ပြေးနေကြရပြီး အခု နောက်ထပ်ထွက်ပြေးရသူ ငါးသောင်းခန့် ထပ်တိုးလာတာကြောင့် အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်ရသူဟာ ခုနစ်သောင်းကျော်အထိ ရှိနေပြီလို့လည်း ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

RFA ကရရှိထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၁ ရက်နေ့အထိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ရှစ်ဆယ်နီးပါး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။