လိုင်ဇာအနီးတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး

2023.07.07
လိုင်ဇာအနီးတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေသည့် နမ်ဆန်ယန်ဒေသခံတွေကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်က တွေ့ရစဉ်။
RFA

KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ နမ်ဆန်ယန်ကျေးရွာတစ်ဝိုက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေအကြား ဇူလိုင်လ ၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တချို့ဒေသခံတွေက မြစ်ကြီနား၊ ဝိုင်းမော်ဘက်ကို ထွက်ပြေးကြပြီး တချို့ကတော့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ထွက်ပြေးကြပါတယ်။

တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြစ်ကြီးနား - ဗန်းမော် ကားလမ်းပိတ်နေပြီး ဒေသခံတွေကို စစ်ကောင်စီနဲ့ KIA က ဇူလိုင် ၆ ရက်နေ့ တစ်ရက်တာ ပစ္စည်းတွေ သယ်ယူခွင့်ပေးခဲ့ပါတယ်။

နမ်ဆန်ယန်ဒေသခံ အမျိုးသမီးတစ်ဦးက သူနေရပ်ပြန်ပြီး ၅ နှစ်လောက်အတွင်းမှာ အခုလို ပြန်လည်ထွက်ပြေးခဲ့ရတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“စစ်ဖြစ်နေကြ သေနတ်တွေပစ်ကြ လက်နက်တွေချကြဆိုတော့ အန်တီတို့လည်း မနေရဲဘူးလေ။ အကုန်လုံး ဘယ်သူ့မှ မရှိကြတော့ဘူး စားဖို့တောင် အခက်အခဲဖြစ်နေကြပြီ။ ၂၀၁၁ တုန်းကဖြစ်ထားတော့ ငါတို့ ကြောက် တယ်လေ ငါတို့အဲတုန်းကလည်း ၁၀ ရက် တစ်ပတ်လောက် ထမင်းငတ်ပြီလေ။ အခုငါတို့လက်ထဲ ပိုက်ဆံလည်းမရှိဘူး ဘယ်လိုလုပ်ကြမလဲ။ ငါတို့လည်း ကြုံတဲ့နေရာ ငှားနေရမှာပေါ့။ ဝိုင်းမော်ဘက်ပဲ အဆင် ပြေမယ်ထင်တယ်။ ဝိုင်းမော်တို့၊ လိုင်ဇာ၊ မိုင်ဆပ်ပါတို့ ကြုံတဲ့နေရာ သွားနေရတာပေါ့။ အခက်အခဲဖြစ်တာ ဘာမှကို မရှိတော့တာ။ ၂၀၁၁ တုန်းကလည်း နှစ်လလောက်ဆိုတာ အခုချိန်ထိလေ။ အခုလည်း ဘယ်နှစ်ရက်ရှိပြီလဲ ငါတို့ အခက်အခဲတွေဖြစ်ကုန်ကြပြီလေ”

ဇူလိုင်လ ၂ ရက်နေ့ကတည်းက ဝိုင်းမော်မြို့ဘက်ကို သူတို့ထွက်ပြေးသွားတာဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့ကတော့ စစ်ကောင်စီက နေအိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို သယ်ခွင့်ပေးလို့ လာသယ်တာဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီအုပ်ချုပ်နယ်မြေဘက် ထွက်ပြေးသွားတဲ့ဒေသခံတွေကို စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူး ရဲ့ ထောက်ခံစာ၊ ကားနံပါတ်၊ ကားအမျိုးအစားနဲ့ ကားထဲမှာလိုက်ပါမယ့် လူအရေအတွက်တွေကို စာရင်းပေးခိုင်းပြီး ပစ္စည်းတွေ သယ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို ပြန်ထွက်ပြေးခဲ့ပြီး အခု နမ်ဆန်ယန်ကျေးရွာကို ပစ္စည်းတွေလာသယ်နေတဲ့ ဦးအေးချမ်းဆိုသူကတော့ ခွင့်ပြုတဲ့အချိန်အတွင်း လူတချို့ကသာ ပစ္စည်းတွေလာသယ်နိုင်ပြီး အများစုကတော့ မသယ်နိုင်ကြသေးဘူးလို့ ပြောပါတယ်။

“နှစ်ဖက်ဖြစ်တော့ ဒီမှာလက်နက်ကြီးတွေ ဘာတွေ ကျမှာ စိုးရိမ်စိတ်နဲ့ ပြေးကြတာပေါ့။ ရွာမှာတော့ မဖြစ်သေးဘူး ရွာမှာတော့ အသံတွေကြား ဘာညာဆိုတော့ စိုးရိမ်စိတ်နဲ့ပဲ အကုန်လုံးရှောင်တိမ်းကြ တာပေါ့။ ပစ္စည်းက သယ်နိုင်တဲ့သူကလည်း သယ်မသယ်နိုင်တဲ့ ဟာလည်းမသယ်ဘူးပေါ့။ မသယ်နိုင်တဲ့ဟာ ပိုများတာပေါ့။ အားလုံးကဈေးရောင်း ဈေးဝယ် အားလုံးက အဆင်ပြေနေကြပြီလေ အခုက ပစ္စည်းတွေ လည်းဘာမှ မသယ်နိုင်ကြီးကြီးမားမားဆိုလည်း ဟိုဘက်ကဂိတ်(စစ်ကောင်စီဂိတ်)တွေက မဖြတ်ခိုင်း ဘူးလေ တချို့က ကားကြီးတွေရှိတယ် တချို့က ကားကြီးတွေ မရှိတော့ ဘာမှ မသယ်နိုင်ကြဘူး။ ကြက်တို့ဝက်တို့ ကျွဲနွားတို့ဆိုလဲ ဒီတိုင်းပဲ။”

အဲဒီနမ်ဆန်ယန် ရွာက မြစ်ကြီးနား-ဗန်းမော်- မန္တလေး လမ်းမပေါ်မှာရှိပြီး ဒေသခံတွေဟာ မြန်မာစစ်တပ်နဲ့ KIA ကြား ၂၀၁၁ ခုနှစ်ကဖြစ်ပွားတဲ့ တစ်ကျော့ပြန်တိုက်ပွဲတုန်းကလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၀၀ ခန့် နေရပ်ကိုပြန်လည် နေထိုင်ကြရာကနေ ရွှေထွက်တဲ့ ဒေသဖြစ်တာကြောင့် အခုနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်က ရွှေလာတူးသူတွေ၊ ဈေးလာရောင်းသူတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြီးနောက်မှာ အခုလိုတိုက်ပွဲတွေကြောင့် ထပ်မံထွက်ပြေးနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာဟာ မြန်မာစစ်တပ်နဲ့ KIA တို့ကြား အပစ်အခတ်ရပ်စဲရေး ယူခဲ့တဲ့ ကာလ ၁၉၉၄-၂၀၁၁ တစ်ဝိုက်က အိမ်ထောင်စု ၁၀၀၀ ကျော်နဲ့ တည်းခိုးခန်းတွေအထိ ရှိခဲ့ပြီး စည်းကားတဲ့ကျေးရွာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တဲ့ ကာလတွေအတွင်းက စစ်ကောင်စီတပ်တွေက တပ်စွဲနေထိုင်တဲ့ကျေးရွာဖြစ်ပြီး အဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီတပ်တွေ မရှိတော့ပဲ KIA တပ်တွေ ပြန်ပြီးနေထိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။

KMS.jpg
ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေသည့် နမ်ဆန်ယန်ဒေသခံတွေကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်က တွေ့ရစဉ်။ (Photo: RFA)

နမ်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအချို့ကို KIA သိမ်းယူးခဲ့ပါတယ်။

အခုဇူလိုင်လ မှာလည်း စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်ကြတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နမ်ဆန်ယန်ကျေးရွာတစ်ဝိုက်မှာ စစ်ရေးတင်းမာနေဆဲပဲလို့ ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ၂ ရက် ၃ ရက်လောက်ပေါ့နော် သေနတ်သံတွေမကြားတော့ဘူး ဒါပေမဲ့ သူတို့ ရဲ့စစ်ကြောင်းကတော့ ပြန်ရုတ်သွားတဲ့အခြေအနေတော့မရှိဘူး။ အားလုံးက အဲနေရာမှာ နေရာယူ ထားတာကိုကျနော်တို့သိရပါတယ်။ ဒါကြောင့် စစ်ရေးအခြေအနေကတော့ ဆက်ပြီးမှ တင်းမာတဲ့ အနေအထားဖြစ်ပါတယ်။ ဒီနေ့လည်းခုထိလည်း သေနတ်သံတွေမကြားရဘူး သူတို့လည်းဆက်ပြီးမှ မထိုးတာကိုတွေ့ရပါတယ်။ ဒါကဘာကြောင့်လဲ ကျွန်တော်တို့က စုံစမ်းနေဆဲဖြစ်ပါတယ် အထက်က အမိန့်ကိုစောင့်နေတာလား။ ဒါမှမဟုတ်လို့ရှိရင် ဗျူဟာများ ပြောင်းမလားပေါ့ စောင့်ကြည့်နေတဲ့အနေအထားဖြစ်ပါတယ်။”

နမ်ဆန်ယန်ကျေးရွာကနေ နှစ်ကျော့ပြန် ထွက်ပြေးခဲ့ရတဲ့ ဒေသခံတစ်ဦးကလည်း ဘဝပျက်သလို ခံစားရတယ်လို့ ပြောပါတယ်။

“နှစ်ပေါင်းအများကြီး အခုမှ သုံးလေး ငါးနှစ် ပြန်လုပ်ပြီးနည်းနည်းအခြေခံလာပြီဆိုတော့ အခုပြန်ထွက်ပြေးရလို့ စိတ်မကောင်းဘူး။ ဒီလိုပဲဈေးရောင်းစားခဲ့တာ ဆိုတော့အခုတခါ ပြန်ပစ်ထားပြီဆိုတော့ အရမ်းဝမ်းနည်းတယ်။ ကိုယ့်နေရာဆိုတော့ ကိုယ်လည်း ပြန်လာလုပ်စားတော့ အခုအဲလိုပြန်ဖြစ်တော့ လည်း စိတ်မကောင်းဘူး ဘဝပျက်သလိုပြန်ဖြစ်သွားတာပေါ့အေး။ အရင်တုန်းကလည်း ၁၀ နှစ်ကျော်မှ ခြုံတောတွေကို ရှင်းပြီး တခါပြန်လာပြီး ထူထောင်ယူတာ အခုတခါပြန်ပစ်ထားလိုက်ရတာဆိုတော့ စိတ်တော့မကောင်းဘူး အသက်လည်းကြီးပြီဆိုတော့။ နှစ်ဦးနှစ်ဖက် မြန်မြန်ပြေလည်ပါစေလို့ပဲဆု တောင်းတယ်။”

သူ့ရဲ့ဆိုင်က ပစ္စည်းတွေကိုတော့ ကားမငှားနိုင်တဲ့အတွက် ဒီတိုင်းပစ်ထားလိုက်ရပြီး၊ သူ အသက်ကြီးပြီဖြစ်တဲ့အတွက် တခြားအလုပ်လည်း မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

KIA ဌာနချုပ်ကို လုံခြုံရေးယူပေးနေတဲ့ တပ်မဟာ (၅) လက်အောက်ခံ KIA တပ်ရင်း (၃) နယ်မြေမှာလည်း ဇွန်လ ၂၅ ရက်ကစပြီး စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဒီနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။