မြန်မာငွေကြေးဈေးကွက်ကို စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားမှု မှားယွင်း
ပြီးခဲ့တဲ့ ဧပြီလ ၃ရက်နေ့က မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လက်ခံရရှိသူတွေအနေနဲ့ တစ်ဒေါ်လာကို ၁,၈၅ဝ ကျပ် နှုန်းနဲ့ တစ်ရက်အတွင်း မြန်မာငွေနဲ့ လဲလှယ်ရမယ်လို့ ဗဟိုဘဏ်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့အပတ်ကတော့ သံရုံးတွေ၊ နိုင်ငံခြား ကုမ္ပဏီတွေ နဲ့ ကုလသမဂ္ဂနဲ့ NGO တွေကို ဒီစည်းမျဉ်းကနေ ကင်းလွတ်ခွင့်ပေးတဲ့အကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံခြားငွေ အမြောက်အများ ကိုင်တွယ် သုံးစွဲဖို့ လိုအပ်တဲ့ အဖွဲ့အစည်းတွေကို ကင်းလွတ်ခွင့် ပေးလိုက်ပေမယ့် ပြည်ပပို့ကုန်ကရတဲ့ နိုင်ငံခြားငွေကို အကျိုးအမြတ်ရဖို့ အမှီပြုနေရတဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကို ပုံသေ သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ မဖြစ်မနေ လဲလှယ်ခိုင်းတာဟာ ပြည်တွင်း လုပ်ငန်းတွေကို ထိခိုက်နစ်နာစေတဲ့အကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီအနေနဲ့ ဒီအမိန့်ကို ပြန်လည် ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူမှုရှိဖို့ စောင့်ကြည့်အကြံပေးနေတဲ့ Myanmar Center for Responsible Business ရဲ့ ညွှန်ကြားရေးမှုး မစ္စဗစ်ကီဗိုမန် က မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ပြတ်လပ်မှု အခြေအနေကို ထိန်းနိုင်ဖို့ စစ်ကောင်စီက ဒီအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံခြားငွေ ပြတ်လပ်မှုဖြစ်လာတာကလည်း စစ်တပ်က အာဏာသိမ်းလိုက်လို့ ဖြစ်လာတဲ့ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ပြတ်လပ်မှု ဖြစ်ရတဲ့ အကြောင်းရင်း ကိုဗစ်ကပ်ရောဂါနဲ့ ဆက်စပ်မှု ရှိပေမယ့်၊ အဓိကကတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ပြဿနာတွေကြောင့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လယ်ယာထွက်ကုန်တွေ၊ အထည်အလိပ်ပို့ကုန်တွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ သဘာဝဓါတ်ငွေ့လို ပို့ကုန်တွေကနေ နိုင်ငံခြားငွေရပါတယ်။ FDI လို့ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကနေလည်း ရပါတယ်။ နောက်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးတဲ့ စီမံကိန်းတွေကနေလည်း ရပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် FDI တွေနဲ့ နိုင်ငံခြား အကူအညီတွေ လုံးဝ နီးပါးရပ်ဆိုင်းသွားပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့က Amata နဲ့ Berjaya တို့လို ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေ ရပ်တန့်သွားတဲ့အတွက် ဒီစီမံကိန်းတွေကနေ ဝင်လာမယ့် နိုင်ငံခြားငွေတွေ မရတော့ပါဘူး။ မြန်မာနိုင်ငံအပေါ် ယုံကြည်မှု မရှိတော့လို့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေလည်း မရှိတော့ပါဘူး။ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မရှိတော့ရင် ရေရှည်မှာ သဘာဝဓါတ်ငွေ့ ကဏ္ဍကရတဲ့ ဝင်ငွေလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ နောက်ပြီး စစ်ကောင်စီဘက်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံတကာကပေးတဲ့ ရန်ပုံငွေနဲ့အကူအညီပေးရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ခွင့်မပြုတော့တာ တင်းကျပ်တာတွေ လုပ်လာပါတယ်။ ဒါတွေ အားလုံးက မြန်မာနိုင်ငံကို နိုင်ငံခြားငွေ ဝင်ရောက်မှု ကျဆင်းသွားရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။”
စစ်ကောင်စီကနေ နိုင်ငံခြားငွေ ရှိသူတွေကို မဖြစ်မနေ ဒေါ်လာငွေ လဲလှယ်ဖို့ အမိန့်ထုတ်လိုက်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အကြောင်းလည်း မစ္စဗစ်ကီဗိုမင်က အခုလို ရှင်းပြပါတယ်။
“စစ်ကောင်စီက ဒေါ်လာငွေ ရောင်းဝယ်မှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဈေးကွက်ပေါက်ဈေး မဟုတ်တဲ့ ဈေးနှုန်းနဲ့ မဖြစ်မနေရောင်းခိုင်းဖို့ အမိန့်ထုတ်လိုက်တာက နိုင်ငံခြားငွေ ပြတ်လပ်မှု အခြေအနေကို ပိုဆိုးသွားစေပါတယ်။ စစ်ကောင်စီအနေနဲ့ ဈေးကွက်ရဲ့ လွတ်လပ်စွာ ရောင်းဝယ်မှုကို ထိန်းချုပ်ဖို့ မကြိုးစားသင့်ပါဘူး။ ဈေးကွက် သဘာဝအရ ဒေါ်လာဈေး အတက်အကျရှိတာကို စီးပွားရေးလုပ်ငန်းတွေက သူတို့ဘာသာ ထိန်းညှိသွားကြပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းတွေဟာ ဈေးကွက်မတည်ငြိမ်မှုထက် မူဝါဒ မတည်ငြိမ်မှုကို ပိုကြောက်ကြပါတယ်။ အခုလို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တာကြောင့် စီးပွားရေး လုပ်ငန်းတွေအတွက် စရိတ်စကလည်း ပိုများစေပြီး နှောင့်နှေးမှုတွေ ဖြစ်စေတဲ့ပြင် လာဘ်ပေး လာဘ်ယူမှုတွေလည်းပိုများလာပါလိမ့်မယ်။”
ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီက ကိုလှဘုန်းမြင့်ကတော့ စစ်ကောင်စီကနေ နိုင်ငံခြားငွေလဲလှယ်မှုကို ထိန်းချုပ်ဖို့ ကြိုးစားတာဟာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေကို တုံ့ပြန်တဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ်ကို အတုယူတာဖြစ်နိုင်ပေမယ့် မြန်မာနိုင်ငံအခြေအနေနဲ့ မတူညီတဲ့အတွက် ထိရောက်မှုမရှိနိုင်ကြောင်း သုံးသပ်ပါတယ်။
“ဒေါ်လာတွေကို မြန်မာငွေနဲ့ လဲရမယ်ဆိုတဲ့ mandate က ကြည့်မယ်ဆိုရင် ရုရှားဈေးကွက်မှာ ယူကရိန်းကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာက sanction တွေ ချခံရတဲ့အခါမှာ သူတို့ဈေးကွက်ကို ထိန်းတဲ့ ပုံစံနဲ့ အလားသဏ္ဍာန် တူနေတယ်။ ရုရှားမိုဒယ်က အမေရိကန် ဒေါ်လာအပေါ် မှီခိုတာ လျှော့တယ်။ တရုတ်ယွမ်တို့ ရွှေတို့ဘက်ကို diversify လုပ်တယ်။ အဲဒီလို လုပ်ပြီး ရူပယ်ငွေရဲ့ နှုန်းတိုက ထိန်းတယ်ပေါ့။ အဲဒီ မိုဒယ်ကို ကြည့်ပြီးတော့ ဆင်တူယိုးမှားပဲ၊ မြန်မာနိုင်ငံမှာလဲ လက်ရှိ အခြေအနေတွေကို ဆက်စပ်ပြီး ပေါ်ထွန်းလာတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ပြီး ထွက်တဲ့သူတွေလဲ ထွက်၊ လျော့တဲ့သူတွေလဲ လျော့ ဖြစ်နေတဲ့အချိန်မှာ မြန်မာကျပ်ငွေရဲ့ ကျဆင်းမှု နှုန်းကို ထိန်းဖို့ လုပ်နေတာပေါ့။ အဲဒီမှာ တစ်ခု လွဲနေတာက၊ ရုရှားက ဈေးကွက် ပမာဏ အများကြီး ပိုကြီးတယ်။ ရုရှားရဲ့ market reserve ကို ကြည့်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၆၄၃ ဘီလျံလောက်ကို ထိန်းထားနိုင်တယ်။ ဒါကြောင့် သူတို့ market နဲ့ ရူဘယ်နှုန်းကို ထိန်းတာက လုပ်နိုင်တဲ့ ပမာဏရှိတယ်။ မြန်မာကကျတော့ ဒေါ်လာ လေး၊ ငါး ဘီလျံလောက်နဲ့ ဈေးကွက်ကို သွားကစားတော့ အရာမထင်တဲ့အပြင်၊ ဝင်ပြီးသား နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက အုတ်အော်သောင်းနင်းတွေ ဖြစ်ကုန်တယ်။ ဈေးကွက်စီးပွားရေးအပေါ် ယုံကြည်မှုတွေ ကျကုန်တယ်။ ဒါမျိုးတွေ ဖြစ်ကုန်တာပေါ့”
ဒါ့အပြင် စစ်ကောင်စီဟာ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က လုပ်ခဲ့တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေထဲမှာ အရေးအကြီးဆုံး လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ချိုးဖောက်နေတာဟာလည်း စိုးရိမ်ပူပန်စရာဖြစ်တဲ့အကြောင်း ကိုလှဘုန်းမြင့်က ပြောပါတယ်။
“ဦးသိန်းစိန် အစိုးရက စပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကတည်းက ထွက်ပေါ်လာတဲ့ ဥပဒေ ဘောင်တစ်ခုကတော့ ဗဟိုဘဏ်ပေါ့။ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်နဲ့ ဈေးကွက် စီးပွားရေးကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ခွင့်ပေါ့။ အဲဒါက ခုအချိန်မှာ ကျဆင်းနေတယ်လို့ ပြောရမယ်။ စစ်ကောင်စီကနေ ဗဟိုဘဏ်ကို ဘာလုပ်ရမယ်ဆိုတာ တိုက်ရိုက် ညွှန်ကြားလာတာတွေ ဖြစ်လာတယ်။ ဒီလိုမျိုး ကြေညာချက် ထုတ်ပြန်လာတဲ့ မနက်မှာတောင်မှ ဗဟိုဘဏ်က ဒီကြေညာချက်နဲ့ပတ်သက်ပြီး၊ ညွှန်ကြားချက်ပဲ ရထားတာရှိတယ်။ ဘယ်လို ဖော်ဆောင်ရမယ်ဆိုတာ direction လဲမရှိဘူး။ ဘယ်လို သွားရမယ် ဆိုတာတောင် မသိဘူးဖြစ်နေတဲ့အတွက် တော်တော်လေး အခြေအနေကဆိုးတယ်။ တော်တော်လေး ကျပ်တည်းလာတယ်။”
အခုအချိန်မှာ လောင်စာဆီနဲ့ စားသုံးကုန်တွေ ဈေးနှုန်းတက်လာနေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ဝင်ငွေနည်း လူတန်းစားတွေမှာ ခက်ခဲကျပ်တည်းလာနေကြတဲ့အတွက် စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် စေတနာ ရှိတယ်ဆိုရင် ထိခိုက်လွယ်တဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အကူအညီပေးရေး အစီအစဉ်တွေ လုပ်ပေးသင့်တယ်လို့ မစ္စဗစ်ကီဗိုမန်က ပြောပါတယ်။
ဝင်ငွေနည်း အိမ်ထောင်စုတွေအတွက် အသုံးစရိတ်အချို့ကို အစိုးရက ကျခံပေးတာ၊ လောင်စာဆီ ဈေးနှုန်း ကျဆင်းသွားအောင် အစိုးရ အသုံးစရိတ်ထဲက စိုက်ထုတ်ပေးတာလိုမျိုး အစီအစဉ်တွေကို ယာယီ လုပ်ပေးပြီး၊ ဒီလိုအစီအစဉ်တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူတွေ သိအောင် ချပြဖို့လိုတယ်လို့ သူက သုံးသပ်ပါတယ်။