ငါးလ အပစ်ရပ်ကြေညာမှု PDF ကို နှိမ်နင်းဖို့လို့ လေ့လာသူတွေ ထောက်ပြ
၂၀၂၁ အောက်တိုဘာ ၁ ရက်ကစပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ အပစ်အခတ်ရပ်စဲမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်အကြား ဖြစ်ပေါ်နေတဲ့ စစ်ရေးအကျပ်အတည်းတွေကို ဖြေလျှော့ပြီး တစ်ဘက်မှာတော့ ခုခံစစ် ဆင်နွှဲနေတဲ့ PDF တွေကို နှိပ်ကွပ်ဖို့ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တွေ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ PDF တွေက သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၂၁ အောက်တိုဘာ ၁ ရက်ကစလို့ လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အချိန် ၅ လကြာ အပစ်အခတ်ရပ်စဲသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာလ ၂၇ ရက် မနေ့ညက ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေအပြင် နိုင်ငံတော်အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ရပ်စဲမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါဟာ ၇၅ နှစ်ပြည့်တော့မယ့် ပြည်ထောင်စုနေ့ကို ကြိုဆိုတာဖြစ်သလို မြန်မာနိုင်ငံတဝှမ်း ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်တာလို့ ထုတ်ပြန်ချက် မှာပါရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကတော့ ဒီအပစ်ရပ်ကြေညာချက်ဟာ စစ်ကောင်စီရဲ့ သဘောထားမမှန်တဲ့ ထုတ်ပြန်ချက်လို့ မြင်ကြပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီကြေညာချက်ဟာ စစ်တပ်ကရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ဖြေလျော့ဖို့ ရည်ရွယ်ပုံရတယ်လို့ သုံးသပ်ပါတယ်။
"စစ်ကောင်စီဘက်ကလည်း အကျပ်အတည်းတစ်ခုကြုံနေတဲ့ပုံစံမျိုးလို့ပဲ ကျွန်တော်မြင်ပါတယ်။ PDF တွေက တစ်နိုင်ငံလုံးတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားလာတာကို တစ်ဖက်တစ်လမ်းကနေ တားဆီးနိုင်ဖို့ အတွက် ၅ လဆိုတဲ့ အချိန်ကာလကိုသတ်မှတ်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဒီပုံစံနဲ့ပဲ အပစ် အခတ်ရပ်စဲရေးလုပ်မယ် ထာဝရငြိမ်းချမ်းရေးလုပ်မယ် ဆိုတဲ့အဆင့်ကတော့ ထိရောက်မှုရှိမယ်လို့ ကျွန်တော်မထင်ပါဘူး"
စစ်တပ်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို သဘောထားမှန်ခဲ့ရင် အခုလို ပြီးစလွယ်ထုတ်ပြန်တာမျိုးမဟုတ်ဘဲ အစီအစဉ်အသေးစိတ်ကိုချပြပြီး စစ်ရေးလှုပ်ရှားမှုတွေကို နိုင်ငံအနှံ့ရပ်ဆိုင်းတာမျိုးလုပ်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေး မှူး ဦးသိန်းထွန်းဦး ကတော့ စစ်တပ်ဟာ အမှန်တကယ် ငြိမ်းချမ်းရေးလိုလားလို့ တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းကို ဖွင့်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
"တပ်ဘက်က အထူးသဖြင့် ၂၀၁၀ နောက်ပိုင်းရောက်တဲ့အချိန်မှာ လက်နက်ကိုပဋိပက္ခကို စားပွဲဝိုင်းသွား မယ့်ဘက်ကို ပိုပြီးအားသန်လာတာပေါ့လေ။ ဒါကြောင့်မို့ သူ့ဘက်ကပေးနိုင်တဲ့ အခွင့်အလမ်း အမြဲတမ်း ဖွင့်ပေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အမျိုးအစားအမျိုးမျိုးရှိတာကိုး။ NCA ထိုးပြီးသား ရှိတယ်၊ မထိုးထားတဲ့သူရှိတယ်။ ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးတကယ်သွားမယ်ဆိုရင် အားလုံးပါဝင်ရမယ် ဆိုတဲ့ သုံးသပ်ချက်ရှိတာကိုး။ အဓိကကတော့ ငြိမ်းချမ်းရေးအတွက် ဆန္ဒရှိတဲ့သူတွေအားလုံးအတွက် ကျွန်တော်တို့ နေရာတစ်ခုရှိနေသေးတယ်ဆိုတဲ့သဘောပါပဲ"
အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကြောင့် စစ်တပ်အတွက် နိုင်ငံတကာမှာ အမြင်ကောင်းနိုင်တယ်လို့လည်း ဦးသိန်းထွန်းဦး က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ကလည်း တောင်းဆိုထားကြတာပါ။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ တွေ့ဆုံဆွေးနွေးရာမှာ စစ်ရပ်စဲရေးကြေညာပေးဖို့ အထူးကိုယ်စားလှယ်က တောင်းဆို ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လမ်းစဉ်မတူသလို အကြမ်းဖက်အဖွဲ့အစည်း ကြေညာခံထားရတာကြောင့် စစ်တပ်အနေနဲ့ နှိမ်နှင်းရေးဆက်လုပ်မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း PDF တွနဲ့ ပူးပေါင်းရင် စစ်တပ်ရဲ့ စစ်ရေးဖိအားကို မလွဲမသွေကြုံရလိမ့်မယ်လို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေကို သွေးခွဲဖို့ကြိုးစားနေတာလို့ ပြောပါတယ်။
"ကျွန်တော်တို့ မြင်တာကတော့ စစ်တပ်က သူ့ရဲ့လုပ်နည်းလုပ်ဟန်ပဲပေါ့။ ရှိနေတဲ့ အင်အားစုတွေကြားမှာ သွေးခွဲမယ်။ မြက်နုတွေကို နွားအိုတွေက ပိုပြီးကြိုက်တယ်ဆိုတဲ့သဘောမျိုး ကျွန်တော်တို့ အခုမှစတဲ့ တော်လှန်ရေးအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းချင်တဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားအင်အားစုတချို့ကို အပစ်ရပ်စဲနိုင်ဖို့ စေ့စပ်ညှိနှိုင်းတဲ့လမ်းစဉ်ပဲလို့ ကျွန်တော်တို့နားလည်တယ်"
KNDF ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ အခုလို အပစ်အခတ်ရပ်စဲရေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်း လစဉ်လိုလို ကြေညာလာခဲ့တာပါ။ အခုနောက်ဆုံးထုတ်ပြန်ချက်ဟာ အကြိမ် ၂၀ မြောက်ဖြစ်ပြီး အချိန်ကာလအားဖြင့် အပစ်အခတ်ရပ်စဲရေးဟာ ၂ နှစ်နဲ့ ၉ လကျော်ကြာပါပြီ။
"စစ်တပ်က သူ့ရဲ့လုပ်နည်းလုပ်ဟန်ပဲပေါ့။ ရှိနေတဲ့ အင်အားစုတွေကြားမှာ သွေးခွဲမယ်"
ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ပွဲတွေပြင်းထန်နေချိန်မှာ TNLA၊ MNDAA တို့လို အဖွဲ့အစည်း တွေကို အပစ်အခတ်ရပ်စဲကြေညာချက်မှာ ချန်လှပ်ခဲ့သလို၊ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ပွဲတွေပြင်းထန် နေချိန်မှာလည်း ရခိုင်ပြည်နယ်ကို အပစ်အခတ်ရပ်စဲရေးကြေညာချက်မှာ ချန်လှပ်ခဲ့တာတွေရှိပါတယ်။
အခုလည်း စစ်တပ်က အပစ်အခတ်ရပ်စဲရေး ၅ လသက်တမ်းတိုးလိုက်တဲ့ ဒီကြေညာချက်မှာ PDF အဖွဲ့တွေ အကျုံးမဝင်တာကြောင့် ထိရောက်မှုမရှိနိုင်ဘူးလို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
"ဒီလိုကြေညာချက်ထုတ်တဲ့ အပစ်အခတ်ရပ်စဲရေးမှာ တချို့အချိန်တွေမှာ တချို့အဖွဲ့တွေပေါ့ AA တို့ ကိုးကန့်တို့ TNLA တို့ကို ချန်ခဲ့တာတွေရှိတယ်။ တချို့ကြေညာချက်တွေမှာ ရခိုင်ပြည်နယ်ပေါ့၊ နယ်မြေ ဒေသတွေကို ချန်ခဲ့တာတွေရှိတယ်။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရေးဟာ တပြည်လုံးအတိုင်းအတာအရ ဖြစ်မလာခဲ့ဘူး။ လောလောဆယ်မှာလည်း PDF ကို အကြမ်းဖက်အဖွဲ့အနေနဲ့ သတ်မှတ်ထားတဲ့အတွက် တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်လာဖို့ အလားအလာနည်းတယ်ထင်ပါတယ်"

လက်ရှိမှာတော့ ပြည်တွင်းရေး မတည်မငြိမ်မှုတွေကြောင့် စစ်တပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ထားရတဲ့ အခြေအနေမှာရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
တဘက်မှာလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေးတိုင်းတွေမှာ အင်တာနက်ဖြတ်တောက်ပြီး စစ်ရေး ပြင်ဆင်မှုတွေရှိနေတာကြောင့် အပစ်ရပ်စဲရေးကြေညာချက်ဟာ ဟန်ပြလုပ်ရပ်တစ်ခုသာဖြစ်တယ်လို့လည်း ဝေဖန်ထောက်ပြမှုတွေရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စက်တင်ဘာ ၇ ရက်ကစပြီး လူထုတော်လှန်ရေး စတင်ပြီလို့ ကြေညာထားတာကြောင့် စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေက စစ်ရေးတင်းမာမှုကို ဖြေလျှော့ပြီး PDF တပ်ဖွဲ့တွေကို နှိပ်ကွပ်ရေးကိုပဲ အာရုံစိုက်ဖို့ စဉ်းစားနေပုံရတယ်လို့လည်း လေ့လာသူတွေက ပြောဆို ကြပါတယ်။