စစ်ကောင်စီရဲ့ ဥပဒေသစ်ကြောင့် မှတ်ပုံတင်မရှိတဲ့ အရပ်ဘက်အဖွဲ့တွေ ရပ်တည်ခွင့်မရှိတော့
2022.12.31

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောက်တိုဘာ ၂၈ရက်နေ့က လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေသစ်အရ အရပ်ဘက်အဖွဲ့တွေ မဖြစ်မနေ မှတ်ပုံတင်ဖို့လိုအပ်ပြီး မှတ်ပုံမတင်ဘဲ လုပ်ကိုင်ရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် ဆယ်သိန်း ချမှတ်ခံရမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ကလေ ပရဟိတလည်းလုပ်ရတယ်၊ အဖမ်းလည်းခံရမယ်ဆိုရင် ကျွန်တော်တို့အတွက် အဆင်မပြေဘူးလေ”
ဒီဥပဒေ အတည်မပြုခင်က မှတ်ပုံတင်မရှိဘဲ လှုပ်ရှားနေတဲ့ အဖွဲ့တွေဟာ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။ ဒါကြောင့် ဇန်နဝါရီလကစပြီး မှတ်ပုံတင်မရှိတဲ့ အဖွဲ့တွေ၊ မှတ်ပုံတင်သက်တမ်း ကျော်လွန်နေတဲ့အဖွဲ့တွေ လှုပ်ရှားသွားလာရင် အရေးယူခံရတော့မှာပါ။
မွန်ပြည်နယ်က ပရဟိတအဖွဲ့ဝင်တစ်ဦးက ဒီဥပဒေစအသက်ဝင်ပြီဆိုတော့ ဆက်မရပ်တည်တော့မယ့် အဖွဲ့ တော်တော်များများရှိနေတယ်လို့ ပြောပါတယ်။
“ဒီမှာရှိတဲ့အဖွဲ့တော်တော်များများက မှတ်ပုံတင်မရှိတဲ့အဖွဲ့ တွေများတယ်။ အဓိက ကျွန်တော်တို့က ပရဟိတစိတ်နဲ့ပဲ လုပ်နေကြတာ။ အခု မှတ်ပုံတင်မရှိဘဲလုပ်ရင် အနည်းဆုံး ထောင် သုံးနှစ်ချခံရမယ့်ဟာမျိုးဆိုတော့ တချို့အလုပ်တွေက ရပ်ကုန်ကြမှာ သေချာတယ်”
ဒီဥပဒေသစ်ပါပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ်ကိုင်ဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ဒီဇင်ဘာလအတွင်းမှာ ခေါ်ယူသတိပေးတာ၊ စာပို့အကြောင်းကြားတာတွေ လုပ်နေပါတယ်။
ရန်ကုန်မြို့က ပရဟိတအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ဒီဥပဒေသစ်ကြောင့် ပရဟိတအလုပ် ဆက်မလုပ်ချင်တော့တဲ့အဖွဲ့တွေ များနေတယ်လို့ ပြောပါတယ်။
“အသင်းအဖွဲ့ဆိုင်ရာဥပဒေက အရမ်းပြင်းထန်သွားတယ်။ ကျွန်တော်တို့ကို အရမ်းချုပ်ကိုင်တဲ့ သဘောတွေ အများကြီးဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ လွတ်လွတ်လပ်လပ်ပဲ လုပ်ချင်တယ်။ အခုဟာက တော်တော်ကိုမလွယ်တာ၊ အသင်းသားတစ်ဦး ဘာလုပ်တယ် ဘယ်သွားတယ်ဆိုတာကအစ နေ့စဉ် ရီပို့ တင်နေရတယ်။ သမားရိုးကျပဲ လုပ်ချင်ပေမယ့် ကျွန်တော်တို့ကို မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ မူတည်ပြီး အသင်းဖျက်သိမ်းခံရနိုင်တာတွေ ရှိလာတယ်။ မချစ်သော်လည်း အောင့်နမ်းရမယ့် အနေအထား။ အသင်းတိုင်းကပေါ့နော်။ မလုပ်ချင်တဲ့သူက များကြပါတယ်”
စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာ မပါခဲ့တဲ့ တားမြစ်ကန့်သတ်ချက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ အရင်ဥပဒေအရ မိမိသဘောဆန္ဒအရသာ မှတ်ပုံတင်လျှောက်နိုင်သလို တစ်နိုင်ငံလုံးအနှံ့ သွားလာလုပ်ကိုင်လို့ရပေမယ့် အခုဥပဒေသစ်မှာတော့ မရတော့ပါဘူး။

တိုင်းနဲ့ပြည်နယ်အဆင့်သာ မှတ်ပုံတင်ထားတဲ့ လူမှုကူညီရေးအဖွဲ့တစ်ခုဟာ နယ်မြေကျော်လွန် သွားလာရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရဖို့ လိုအပ်ပြီး ခွင့်ပြုချက်မရှိဘဲ သွားရင် အရေးယူခံရတော့မှာဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အရင်ကဆို မြန်မာပြည်အနှံ့ သွားလို့ရတယ်။ အခုဟာက ကျွန်တော်တို့က တိုင်းဒေသကြီးမှာပဲ မှတ်ပုံတင်ထားတဲ့အတွက် တိုင်းအတွင်းပဲ သွားရမယ်၊ ကျော်လွန်သွားရင် သူတို့တာဝန်မယူဘူး ထိရောက်စွာအရေးယူမယ်တို့ဘာတို့ ဖြစ်လာတယ်။ အဲ့တော့ ကျွန်တော်တို့ လူနာသယ်ရတာ၊ အလောင်းတွေ ပို့ရတာမှာ အခက်အခဲဖြစ်တယ်”
ဒါ့အပြင် အသင်းအဖွဲ့တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို အချိန်မရွေးစစ်ဆေးဖို့ ရည်ရွယ်တဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ဒီဥပဒေမှာ အနည်းဆုံး ထောင်ဒဏ် နှစ်နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ထည့်သွင်းထားတာပါ။ မှတ်ပုံတင်သက်တမ်းကျော်လွန်ပြီး လုပ်ကိုင်နေရင် အများဆုံး ငွေဒဏ် ငါးသိန်းဆောင်ရမှာဖြစ်ပြီး ငွေဒဏ်မဆောင်ရင် ထောင်ဒဏ် နှစ်နှစ် ကျခံရမှာဖြစ်ပါတယ်။
နိုင်ငံရေးပါတီ ဒါမှမဟုတ် ဘာသာရေးတစ်ခုခုအတွက် ဟောပြောစည်းရုံးရင်တော့ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
သူတို့ တားမြစ်ထားတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဆက်သွယ်တာ၊ အားပေးကူညီတာ လုပ်ရင်တော့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ငါးနှစ်နဲ့ ငွေဒဏ် သိန်းငါးဆယ် ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့ ဖျက်သိမ်းခံရနိုင်ပြီး အသင်းအဖွဲ့ပိုင် ငွေကြေးနဲ့ ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ်လည်း အသိမ်းခံရမှာပါ။

စစ်တပ်အာဏာ သိမ်းလိုက်တဲ့နောက်ပိုင်း လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။
ဒီအချိန်မှာ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရပ်တည်ရ ပိုခက်ခဲလာစေတဲ့ အန္တရာယ်များတဲ့ ဥပဒေဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
ဒီဥပဒေအရ အချိန်မရွေး အဖမ်းခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ရန်ကုန်မြို့က လူမှုကူညီရေးအဖွဲ့ရဲ့ အသင်းသားတစ်ဦးက ပြောပါတယ်။
“နယ်တွေပြန်ဖို့ အခက်အခဲရှိတဲ့လူနာတွေဆိုရင် ကျွန်တော်တို့ သိပ်မပို့ရဲတော့ဘူး။ ကျွန်တော်တို့ကလေ ပရဟိတလည်းလုပ်ရတယ်၊ အဖမ်းလည်းခံရမယ်ဆိုရင် ကျွန်တော်တို့အတွက် အဆင်မပြေဘူးလေ။”
မှတ်ပုံတင်ထားတဲ့ ဘယ်အသင်းအဖွဲ့မဆို နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ၊ မတရားအသင်းတွေ၊ မတရားအသင်းအဖွဲ့ဝင်တွေ ဒါတွေနဲ့ ဆက်သွယ်တာ၊ အားပေးကူညီတာ မလုပ်ဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်အောင် မလုပ်ဖို့လည်း ကန့်သတ်ထားပါတယ်။
ဒီဥပဒေပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်ထဲမှာတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အသင်းအဖွဲ့တွေ ဖြစ်ပေါ်အောင် စောင့်ကြပ်ကြည့်ရှုတဲ့ စနစ်ထူထောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
ဒါပေမဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတော့ ဒီဥပဒေဟာ စစ်တပ်နဲ့ အမြင်ချင်းမတူတဲ့ အတိုက်အခံတွေ၊ အသင်းအပင်းအဖွဲ့အစည်းတွေကို ဖိနှိပ်ဖို့ ကြိုးစားတာလို့ ဝေဖန်ကြပါတယ်။
ဒီဥပဒေမှာ အသင်းအဖွဲ့တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးတို့နဲ့ ပတ်သက်ဆက်နွယ်မှုမရှိတဲ့ လူမှုရေးအလုပ်တွေကိုသာ လုပ်ရမယ်လို့ တားမြစ်ထားပါတယ်။

“အခုဒီလိုမျိုး ကန့်သတ်မှုတွေ များလာမယ် အသင်းအဖွဲ့တွေအပေါ် ဖိအားပေးပြီးတော့ ပရဟိတအဖွဲ့တွေအပေါ် ဖိအားပေးပြီးတော့ လုပ်မယ်ဆိုရင်တော့ ဒီအလုပ်တွေ ရပ်တန့်လိုက်ရင် အဓိက ထိခိုက်တဲ့သူက ပြည်သူလူထုပဲဖြစ်မှာ။“
စစ်ကောင်စီက နိုင်ငံရဲ့ဥပဒေမူဘောင်နဲ့ တရားစီရင်ရေးစနစ်ကို အသုံးချပြီး အတိုက်အခံတွေကို ဖိနှိပ်ဖို့နဲ့ တိုင်းပြည်ကို အာဏာရှင်ဆန်ဆန်ထိန်းချုပ်ဖို့ လုပ်နေတာလို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ဝေဖန်ထားပါတယ်။
ဒီဥပဒေကြောင့် အကူအညီလိုအပ်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေအပေါ် သက်ရောက်စေပြီး အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဖြစ်စေတယ်လို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အကြီးအကဲ James Rodehaver က ပြောထားပါတယ်။
အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့တွေအနေနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်စေဖို့ ဝင်ရောက်စွက်ဖက်လှုပ်ရှားရင် အသင်းအဖွဲ့အဖြစ်ကနေ ဖျက်သိမ်းခံရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ပြည်တွင်းရေး၊ နိုင်ငံရေးကို ဝင်မစွက်ဖက်ဖို့လည်း တားမြစ်ထားပါတယ်။
ဒီဥပဒေကြောင့် နောက်ဆက်တွဲ ဒုက္ခရောက်မှာက ပြည်သူတွေပဲလို့ မွန်ပြည်နယ်က အရပ်ဘက်အဖွဲ့တစ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့နိုင်ငံက ခေတ်အဆက်ဆက်ပဲ ပြည်သူလူထုနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေက အစိုးရရဲ့ ဝန်ကြီးဌာနတွေကပဲ လုပ်ပေးနိုင်တဲ့အခြေအနေမျိုးက မလုံလောက်ဘူး မပြည့်စုံဘူး။ အဲဒီအပေါ်မှာ မူတည်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်နိုင်တဲ့အပိုင်း ပညာရေးဖြစ်ဖြစ်သော် လည်းကောင်း ကျန်းမာရေးဖြစ်ဖြစ်သော်လည်းကောင်း ဝိုင်းပြီးလုပ်ကြတာပေါ့နော်။ ဒါခေတ်အဆက်ဆက်ပဲ။ အခုဒီလိုမျိုး ကန့်သတ်မှုတွေ များလာမယ်ဆိုရင် အသင်းအဖွဲ့တွေအပေါ် ဖိအားပေးပြီးတော့ ပရဟိတအဖွဲ့တွေအပေါ် ဖိအားပေးပြီးတော့ လုပ်မယ်ဆိုရင်တော့ ပြည်သူလူထုက ဒီဝန်ဆောင်မှုတွေ ရတော့မှာမဟုတ်ဘူး။ ဒီအလုပ်တွေ ရပ်တန့်လိုက်ရင် အဓိက ထိခိုက်တဲ့သူက ပြည်သူလူထုပဲဖြစ်မှာ“
စစ်ကောင်စီရဲ့ ဥပဒေပါ တားမြစ်ကန့်သတ်ချက်တွေကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲလာပြီး လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ ပြည်သူတွေအပေါ် ရိုက်ခတ်လာမယ့်အကြောင်း တင်ပြလိုက်ပါတယ်။