ရခိုင်က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းဝန်ထမ်းတွေ အရေးပေါ် ရွှေ့ပြောင်း
2024.01.31
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနေသလို လုံခြုံရေးပါ စိုးရိမ်လာရတာတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်ကနေ အရေးပေါ် ပြောင်းရွှေ့နေကြရတယ်လို့ အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေက RFA ကိုပြောပါတယ်။
ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲစတင်တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကစလို့ ဒီနေ့အထိ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ရေးအတွက် ခရီးသွားလာမှုတွေကို စစ်ကောင်စီက ပိတ်ပင်ထားတာပါ။ လက်ရှိမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုဘိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက်ပါ စိုးရိမ်လာရတာတွေကြောင့် အရေးပေါ် ယာယီပြောင်းရွှေ့ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့မှာ အလုပ်လုပ်လို့မရတဲ့ တချို့အဖွဲ့တွေ ရှိတယ်ပေါ့နော်။ တချို့စီမံကိန်းတွေ ရှိတယ်ပေါ့။ အဲဒီဟာတွေကျတော့ အဲဒီမှာနေမယ့်အစား သူတို့ရဲ့လုံခြုံရေးပေါ့နော်။ လုပ်ငန်းလည်း နယ်မြေလုံခြုံရေးအရ လည်ပတ်ဖို့ အခက်အခဲရှိနေတဲ့ လောလောဆယ် အခြေအနေမှာ သူတို့ကို လုံခြုံမယ့်နေရာကို ရွှေ့ပေးလိုက်သလိုမျိုးပေါ့။ အဲဒီလိုမျိုးတော့ လုပ်နေပါတယ်။ နယ်မြေအခြေအနေ တည်ငြိမ်ရင်တော့ ပြန်ဝင်မယ်ပေါ့နော်။ လောလောဆယ် ခဏတဖြုတ်ပေါ့။ ယာယီအနေအထားအရ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ဦးစားပေးရတဲ့သဘောပေါ့နော်။ ရခိုင်ကနေ ကျွန်တော်တို့ လုံးဝ ထွက်သွားပြီဆိုတာက မဟုတ်ပါဘူး”
ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုအကူအညီပေးနေတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း လေးဆယ်လောက်ရှိပြီး စစ်တွေမြို့မှာ အများဆုံး ဖွင့်လှစ်ထားကြတာပါ။ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေမှာ ရုံးခွဲတွေထားရှိပြီး ဒေသဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ပေးနေတာပါ။ လက်ရှိမှာတော့ အဲဒီမြို့တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ရုံးခွဲတွေလည်း ပိတ်ထားရတယ်လို့ဆိုပါတယ်။
“ဒုက္ခသည်အရေးအတွက် စစ်ကောင်စီကို ဖိအားပေး တောင်းဆိုမှုတွေ၊ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သင့်တယ်”
အခုတော့ စစ်တွေမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေရှိတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ရန်ကုန်မြို့ကို အဓိက ရွှေ့ပြောင်းပေးနေတာလို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်တွေမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အခြေအတွက် တချို့ INGO၊ NGO ဝန်ထမ်းတွေကို ရုံးကနေ နေရာပြောင်းရွှေ့ပေးတဲ့အနေနဲ့ ရန်ကုန်ကို ပြောင်းရွှေ့ပေးကြတယ်ပေါ့။ ရန်ကုန်မှာက အင်တာနက်လိုင်းရတယ်ဆိုတော့ အွန်လိုင်းကနေ လုပ်လို့ရတာတွေရှိတယ်လေ။ စစ်တွေမှာက အင်တာနက်လိုင်းမရတော့ အဲဒီဘက်ကိုပြောင်းပေးတာပေါ့”
နယ်မြေလုံခြုံရေး အခြေအနေကြောင့် အရေးပေါ် ပြောင်းရွှေ့နေကြပေမယ့် လက်ရှိမှာတော့ ဘယ်အဖွဲ့အစည်း ဘယ်နှခုက ဝန်ထမ်းဘယ်နှဦးကို ပြောင်းရွှေ့ထားတယ်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ သူကပြောပါတယ်။
နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေကို အဓိက အမှီပြုရပ်တည်ကြတဲ့ ရိုဟင်ဂျာနဲ့ ရခိုင်ဒုက္ခသည်တွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အကူအညီမရတော့တာကြောင့် စားရေး၊ သောက်ရေး အတော်လေးကို အခက်အခဲဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေက RFA ကိုပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည် တစ်သောင်းကျော်ခိုလှုံနေတဲ့ ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်းမှာဆိုရင် ထမင်းငတ်တဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ ငှက်ချောင်းစခန်းမှာတော့ ဒုက္ခသည်တွေ အတော်လေး စားဝတ်နေရေး အခက်အခဲဖြစ်နေပါတယ်။ အခုစားနပ်ရိက္ခာမရတာ နှစ်လကျော်ရှိနေပြီ။ လုံးဝကို ထမင်းစားလို့မရ ဖြစ်နေတယ်။ ပြီးတော့ စခန်းဧရိယာထဲက အပြင်ကို သွားလို့မရဖြစ်နေတယ်။ ကျန်းမာရေး အခက်အခဲတွေလည်း ရှိနေပါတယ်”
အဲဒီငှက်ချောင်းဒုက္ခသည်စခန်း အမှတ် (၁ )နဲ့ အမှတ် (၂) မှာ အိမ်ထောင်စု နှစ်ထောင်ကျော် လူဦးရေ တစ်သောင်းကျော် ခိုလှုံနေကြတာပါ။ ဒုက္ခသည်တွေဟာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထောက်ပံ့တဲ့လူတစ်ဦး တစ်လ ငွေကျပ် တစ်သောင်းသုံးထောင်၊ ဆန် ခြောက်ပြည်ကျော်နဲ့ တခြား နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီနဲ့သာ ရပ်တည်နေကြတာပါ။
အလားတူ စစ်တွေ၊ ဘူးသီတောင်၊ မောင်တောစတဲ့ မြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာတွေမှာလည်း နိုင်ငံတကာ အဖွဲ့တွေ့ရဲ့ အကူအညီ မရတော့ဘူးလို့လည်း ဆိုပါတယ်။
ရခိုင်စစ်ဘေးဒုက္ခသည်တွေလည်း နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီမရတာကြောင့် စားရေး၊ သောက်ရေး အခက်အခဲ ဖြစ်နေကြတယ်လို့ ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ အမည်မဖော်လိုတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ဘေးရှောင်တွေမှာတော့ ထောက်ပံ့ကူညီမှုတွေ မရတဲ့အတွက် စားရေး၊ သောက်ရေးကိစ္စက အတော်လေးကို အခက်အခဲ ရှိနေပါတယ်ဗျ။ အခုကတည်းကစပြီးတော့မှ စားဖို့ သောက်ဖို့ ဘာမှမရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိနေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အရေအတွက်၊ ဘယ်နေရာမှာ ဖြစ်နေတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိဘူး။ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ တချို့နေရာတွေမှာ ငတ်ပြတ်မှုတွေ ကြုံရနိုင်ပါတယ်”
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်အရေးအတွက် စစ်ကောင်စီကို ဖိအားပေး တောင်းဆိုမှုတွေ၊ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သင့်တယ်လို့လည်း သူကထောက်ပြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး သွားလာခွင့်တွေ ပိတ်ဆို့ကန့်သတ်ခံထားရတာကြောင့် အရေးပေါ် အကူအညီတွေ လုံလုံလောက်လောက် မပေးနိုင်ခဲ့ဘူးလို့ RFA ကို အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုကြောင့် ရခိုင်ဒေသတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ပြတ်လပ်လာသလို လူသားချင်းစာနာမှုဆိုင်ရာ ရိက္ခာတွေလည်း နည်းပါးနေပြီလို့ ဆိုပါတယ်။
လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ ပဋိပက္ခဒဏ် သင့်တဲ့ဒေသတွေကို အရေးပေါ် သွားလာခွင့်ရဖို့လိုအပ်သလို လူသားချင်း စာနာမှုဆိုင်ရာ ဝန်းထမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာခွင့်ရဖို့ လိုအပ်တယ်လို့လည်းဆိုပါတယ်။
အခုလို ကုလမဂ္ဂနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ခရီးသွားလာမှုတွေကို ပိတ်ဆို့ထားတာ၊ လုံခြုံရေး အခြေအနေတွေကြောင့် ဝန်ထမ်းတွေ အရေးပေါ် ပြောင်းရွှေ့နေရတာတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတာ အချိန်နှစ်လကျော် ရှိလာနေပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက ဒေသခံ သုံးသိန်းလောက်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကိုပြောပါတယ်။