မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်ပေးနေသူ

2021.12.31
မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်ပေးနေသူ Jonathan Kyaw Thaung ကို တွေ့ရစဉ်
.

နောက်မျိုးဆက်ဟာ ရှေ့မျိုးဆက်ထက်သာရမယ်၊ ဒါမှ လူသားတွေ ပိုတိုးတက်မယ် ဆိုစကားရှိပြီး မြန်မာနိုင်ငံ က မျိုးဆက်တစ်ဆက်ကတော့ အဖိုးလက်ထက်မှာ ရုပ်ရှင်နဲ့ ဂုန်လျှော်လုပ်ငန်း၊ အဖေလက်ထက်မှာ ကောက်ပံသီးနှံ ပြည်ပပို့ကုန်လုပ်ငန်းနဲ့ သားလက်ထက်ရောက်တော့ စစ်တပ်အတွက် လက်နက်ပွဲစား လုပ်ပါတယ်။

မူးယစ်ရာဇာလည်းမဟုတ်၊ မြန်မာ့စီးပွားရေးလောကကိုလည်း လူမြင်သူမြင် လွှမ်းမိုးထားသူလည်း မဟုတ်ဘဲ စစ်ကောင်စီကို တစ်ဘက်တစ်လမ်းက အသက်သွင်းပေးနေသူက ကျော်သောင်းမျိုးဆက်က အသက် ၃၉ နှစ်ရွယ် ဂျော်နသတ်ကျော်သောင်း ဖြစ်ပါတယ်။ အဖိုးဖြစ်သူက ဦးကျော်သောင်း၊ အဖေက ဦးမိုးကျော်သောင်း၊ သားက ဂျော်နသန်ကျော်သောင်း ဖြစ်ပြီး စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတဲ့ သူ့အကြောင်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် New York Times မှာ ဘန်ကောက်အခြေစိုက် အရှေ့တောင် အာရှရေးရာ ဌာနမှုူး သတင်းစာဆရာမ Hannah Beech က ဆောင်းပါးရှည်ကြီး ရေးသားပါတယ်။

လိမ္မာပါးနပ်တယ်။ နှစ်လိုခင်မင်ဖွယ်ကောင်းတယ်။ ကြမ်းကြုတ်တဲ့ စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက် တပ်ဆင်ပေးနေတယ်လို့ ခေါင်းစဉ်ပေးထားပြီး Jonathan Kyaw Thaung နဲ့ စစ်ကောင်စီ ပတ်သက်ပုံတွေကို ခရေစေ့တွင်းကျ ဖွင့်ချထားပါတယ်။

Justice For Myanmar ကလည်း Jonathan Kyaw Thaung ဦးဆောင်တဲ့ KT Group နှဲ့ Ky-Tha Group အကြောင်း ဖော်ပြပါတယ်။

ပြည်လမ်းက ပဲခူးကလပ်မှာ Jonathan Kyaw Thaung ကို လွန်ခဲ့တဲ့ သုံးနှစ်က တွေ့ရပုံကို Hannah Beech ဆောင်းပါးမှာ ကျော်သောင်း မိသားစုကို ပဲခူးကလပ်မှာ ပါတီပေးလျက် ပျော်ပါးလျက် တွေ့နိုင်မယ်လို့ နိဒါန်းပိုင်းမှာ ရေးထားပါတယ်။ လေးစားကြည်ညိုဖွယ် ဗမာ-အိုင်ယာလန်ကပြား ဒီမိသားစုက ကျွန်းသစ်အတိ တန်ဆာဆင်ထားတဲ့ ပဲခူးကလပ် အဆောက်အအုံကို မူလ ၁၉ ရာစုက ဂုဏ်ကျက်သရေ ပြန်ရောက်အောင် ပြန်လည်မွမ်းမံခဲ့ပြီး ဂျင်အရက် တမြမြနဲ့ ကိုလိုနီအရာရှိတွေ စိုးမိုးခြယ်လှယ်ခဲ့တဲ့ အငွေ့အသက်ပြန်ရဖို့ အသက်သွင်းထားသလိုပဲလို့ ဖွဲ့နွဲ့ရေးထားပါတယ်။

KT လို့ အတိုကောက်ပြောတဲ့ ကျော်သောင်းမိသားစု စီးပွားရေး ကွန်ရက်ကို ဓာတ်ပုံတွေနဲ့ တကွ Justice For Myanmar ကလည်း ဖော်ပြထားပြီး Jonathan Kyaw Thaung မျိုးဆက်ကို ရုပ်ရှင်လောကမှာ တစ်ချိန်က ထင်ရှားခဲ့ဖူးတဲ့ ဇမ္ဗူအေး ဦးကျော်သောင်း ကနေ စတင်ပြသထားပါတယ်။ Jonathan Kyaw Thaung ရဲ့အဖိုး ဦးကျော်သောင်းဟာ ဇမ္ဗူအေး ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်ပြီး ၁၉၅၉ ခုမှာ ကောလိပ်ဂျင်ရုပ်ရှင် ထုတ်လုပ်သူ ဖြစ်ပါတယ်။ ဒါရိုက်တာက ဦးချင်းစိန် ဖြစ်ပြီး ရုပ်ရှင်နာမည်အစွဲပြုလို့ အဓိကသရုပ်ဆောင်မင်းသားကလည်း ကောလိပ်ဂျင် နေဝင်းလို့ အမည်တွင်တဲ့ထိ အထူးအောင်မြင်ခဲ့ပါတယ်။

အဲဒီတုန်းက ဇမ္ဗူအေး ရုပ်ရှင်ခြံနဲ့ ဦးကျော်သောင်း နေထိုင်တဲ့တိုက်က စမ်းချောင်း ပြည်လမ်းဘက်ခြမ်းက မကြီးကြီးလမ်းမှာ ရှိပါတယ်။ ခြံဝင်းနောက်ဘက်ခြမ်းနားမှာ အောင်သပြေလမ်းရှိပြီး ခု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှ ကြီးပြင်းနေထိုင်ခဲ့တဲ့ အိမ် ရှိပါတယ်။

အဖိုးအိမ်နဲ့ ဒေါ်ကြူကြူလှ အိမ်ချင်းနီးပေမယ့် အဆက်အစပ်မရှိလှခဲ့ပေမယ့် Jonathan Kyaw Thaung ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနဲ့ နီးစပ်ဖို့ ကြိုးစားပါတယ်။ ကြိုးစားတာကလည်း အောင်မြင်ခဲ့တယ်လို့ New York Times ဆောင်းပါးက ဖော်ပြပါတယ်။

သူဟာ လေတပ်ဦးစီးချုပ်နဲ့ ပြင်သစ်နိုင်ငံ ပါရီမှာ ကျင်းပတဲ့ လေကြောင်းပြပွဲမှာ ၂၀၁၅ က ဆုံခဲ့ပါတယ်။ အဲဒီမှာ ပါကစ္စတန် ဂျက်တိုက်လေယာဉ်တွေကို မျက်စိကျခဲ့ပြီး ဝယ်ယူပါတယ်။

ကျော်သောင်းမိသားစုဟာ ရုရှားတိုက်ရဟတ်ယာဉ် အပိုပစ္စည်းဝယ်ယူဖို့ တင်ဒါအောင်ခဲ့ပြီး ဒါတွေနဲ့ အရပ်သားတွေကို တိုက်နေတာလို့ ဆောင်းပါးက ဖော်ပြပါတယ်။

အဖိုး ဦးကျော်သောင်းဟာ ရုပ်ရှင်လုပ်ငန်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ဖူးတဲ့အကြောင်း ဆောင်းပါးမှာ မပါဘဲ ဂုန်လျှော်လုပ်ငန်း လုပ်ကိုင်တယ်လို့ ဖော်ပြပြီး ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ် နေဝင်း တော်လှန်ရေးကောင်စီ စစ်အစိုးရ အာဏာသိမ်းပြီးတဲ့နောက် ပြည်သူပိုင် အသိမ်းခံရတဲ့အကြောင်း ဖော်ပြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းပြီး စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် Jonathan Kyaw Thaung ရဲ့ အဖေ ဦးမျိုးကျော်သောင်းဟာ အဲဒီခေတ်က လယ်ယာနဲ့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဗိုလ်ချုပ် မြင့်အောင်နဲ့ အထူးနီးစပ်လှပါတယ်။ ရန်ကုန် ပန်းဆိုးတန်းမှာ ရုံးဖွင့်ပြီး ပြည်ပကို ကောက်ပဲသီးနှံ တင်ပို့ခဲ့ပါတယ်။

ဦးမျိုးကျော်သောင်းဟာ ဦးငွေကိုင်လို နိုင်ငံကျော် ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတွေကိုလည်း ဝယ်ယူ စုဆောင်းသူ ဖြစ်ပါတယ်။

ကျော်သောင်းမိသားစုဟာ ကြွယ်ဝတာတွေ ဖုံးဖိကွယ်ဝှက်ဖို့ ဗြိတိသျှဗာဂျင်ကျွန်းစုတွေကနေ စင်ကာပူထိ ကုမ္ပဏီအမျိုးမျိုး မှိုလိုပေါက်အောင် ခွဲတည်ထောင်ထားတယ်လို့ New York Times ဆောင်းပါးက ဖော်ပြပါတယ်။ ကုမ္ပဏီတချို့ကို အရောင်းအဝယ် တစ်ခုစီအတွက် သီးသန့်တည်ထောင်ဖွင့်လှစ်ပြီး အလုပ်ပြီးတာနဲ့ ပြန်လည်ပိတ်သိမ်းလိုက်တဲ့အကြောင်းနဲ့ ကျော်သောင်း မိသားစုဝင်တွေ၊ တဆင့်ခံ ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်တာတွေကို ဖုံးကွယ်ထားနိုင်အောင် အမည်ပေါက် ပိုင်ဆိုင်မှုပုံစံ အမျိုးမျိုးကို အသုံးချတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဆန္ဒပြလူထုကို အကြမ်းဖက်ဖြိုခွင်းလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာချိန်မှာတော့ Jonathan Kyaw Thaung မိသားစု ပြည်ပကို ရှောင်တိမ်းသွားပါပြီ။

New York Times မှာ ဆောင်းပါးပါလာပြီး ရက်ပိုင်းအတွင်း ဒီလ ၂၇ ရက်နေ့မှာ Jonathan Kyaw Thaung ရဲ့ အဖွား အသက် ၈၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မျိုးသိမ့် ထိုင်းနိုင်ငံ Sukumvit ဆေးရုံမှာ ကွယ်လွန်သွားတာမို့ ကျော်သောင်းမျိုးဆက် သတင်းတွေက တိုက်ဆိုင်လှတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။