မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံ ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar ပြော

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ရာဇဝတ် မှုတွေမှာ အာဆီယံ ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar အဖွဲ့က ပြောဆို လိုက်ပါတယ်။
အဲဒီအဖွဲ့ရဲ့ အသေးစိတ် ထုတ်ပြန်ချက်အရ အာဆီယံရဲ့ ကာကွယ်ရေးအစီအစဉ်ဟာ မြန်မာစစ်တပ်ကို ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ ထောက်လှမ်းရေး သတင်းဖလှယ်မှုတွေ၊ လက်နက်ထုတ်လုပ်ရေး၊ သုတေသန၊ ဆိုက်ဘာ အင်တာနက်လုံခြုံရေးနဲ့ ပညာရေးကဏ္ဍ တွေမှာ ပါဝင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲဒီ ကဏ္ဍတွေကို ADMM လို့ ခေါ်တဲ့ ကာကွယ် ရေးဝန်ကြီးများ အစည်းအဝေးဆွေးနွေးပွဲအောက်မှာ ထားရှိတာပါ။ ADMM မှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုက လက်နက်ရရှိရေး၊ ဝင်ငွေရင်းမြစ်ရရှိရေး၊ နိုင်ငံတကာ အသိအမှတ် ပြုရေး၊ အာဆီယံအဖွဲ့ဝင်တွေ ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာရေး ဥပဒေကို ထပ်ခါတလဲ ချိုးဖောက်ခဲ့ပေမယ့် အာဆီယံက မြန်မာနဲ့ ဆက်လက်ဆက်ဆံနေ ဆဲဖြစ်ကြောင်းလည်း Justice For Myanmar က ဖော်ပြပါတယ်။ ဒါ့ပြင် အာဆီယံအနေနဲ့ ဒေသတွင်းမှာ အဓိက စုပေါင်း အစိုးရအဖွဲ့ဖြစ်တာနဲ့အညီ မြန်မာ စစ်တပ်ရဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို တားဆီးရေးမှာ ကူညီနိုင်ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ အခုထိ မအောင်မြင်သေးတဲ့အပြင် အဲဒီ ကျူးလွန်မှုတွေကို ဆက်လက်အားပေးသလိုဖြစ်နေပြီး မြန်မာစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာ ရောက်နေကြောင်းလည်း ဖော်ပြပါတယ်။
အင်ဒို ပစိဖိတ်ဒေသမှာ အာဆီယံရဲ့ အဓိက ကဏ္ဍဟာ မြန်မာစစ်ကောင်စီရဲ့ ရာဇဝတ်မှု တွေကို နိုင်ငံတကာက ဟန့်တားအရေးယူဖို့၊ ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ အမေရိကန်ပြည်ထောင်စု တို့အနေနဲ့ တရားမဝင် စစ်ကောင်စီနဲ့ အဆက်ဖြတ်ဖို့ အဓိက အခန်းကဏ္ဍက ပါဝင်နေကြောင်းလည်း ပြောဆိုပါတယ်။
Justice For Myanmar ရဲ့ ပြောခွင့်ရသူ မရတနာမောင်ကလည်း - အာဆီယံဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာကူညီရေး ဥပဒေတွေကို မြှင့်တင်ဖို့ လုံးလုံးလျားလျား ပျက်ကွက်ခဲ့ကြောင်း၊ မြန်မာပြည်သူ တွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေ၊ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားအဖြစ် ကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေ၊ ကိုယ့်ရဲ့ နိုင်ငံသားတွေကို ကိုယ်တိုင် ပြန်လည်တိုက်ခိုက် နေတာတွေနဲ့ ပတ်သက်ပြီး အာဆီယံက သိရှိနေပါလျက်နဲ့ မသိသလိုလုပ်နေတာကို လက်မခံနိုင်ကြောင်း၊ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ဟာ မြန်မာ့အကျပ် အတည်းကို မဖြေရှင်းနိုင်ခဲ့ကြောင်း၊ အာဆီယံအနေနဲ့ အမြန်ဆုံး လမ်းကြောင်းပြောင်းပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ မြန်မာ့အရေးဖြေရှင်းဖို့ တိုက်တွန်းပြောဆိုခဲ့ ပါတယ်။
ဒါ့ပြင် ADMM ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးဆွေးနွေးပွဲအပါအဝင် တခြားနိုင်ငံ တွေအနေနဲ့ အာဆီယံရဲ့ နောက်မှာ ပုန်းကွယ်မနေကြဘဲ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေမှာ၊ အာဆီယံအဆုံးသတ်ရေးမှာ အမြန်ဆုံး ပါဝင်ကြဖို့လည်း တိုက်တွန်း လိုက်ပါတယ်။
ဒီအတွင်း Burma Campaign UK အဖွဲ့ က စီးပွားရေးလုပ်ငန်းကုမ္ပဏီ ၅၆ ခုကို အမည်ပျက်စာရင်းသွင်းလိုက် ပါတယ်။ မြန်မာ အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ် ပတ်သက်မှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှု၊ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အထောက်အထားတွေ တွေ့ရှိရတဲ့ ကုမ္ပဏီတွေကို စာရင်းသွင်းလိုက်တာပါ။
အမည်ပျက်စာရင်းမှာ ရုရှား ကုမ္ပဏီ ၁၅ ခု၊ ဗြိတိန်ကုမ္ပဏီ နှစ်ခုလည်း ပါဝင်ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံတွေကလည်း မြန်မာကို လက်နက် ပိတ်ဆို့ထားတယ်ဆိုပေမယ့် သူတို့ရဲ့ ကုမ္ပဏီ တွေကတော့ ရုရှားနဲ့ အိန္ဒိယလို နိုင်ငံ တွေကတစ်ဆင့် မြန်မာစစ်တပ်က လက်နက်တွေဝယ်ယူနိုင်နေတာ ဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီစာရင်းမှာ စစ်တပ်ပိုင် မြ၀တီရုပ်သံ ထုတ်လွှင့်နေပြီး AsiaSat ပူးတွဲပိုင်ဆိုင်တဲ့ Carlyle Group အမေရိကန် ကုမ္ပဏီ သုံးခု ထပ်မံပါဝင်လာခဲ့ကြောင်းလည်း သိရပါတယ်။
အခုအခါ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီ ပေါင်း ၁၇၂ ခု ရှိသွားပြီဖြစ်ပါတယ်။ အများစုဟာ စစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေပြီး လက်နက်နဲ့ တခြားစစ်ရေးဆိုင်ရာ ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။