အာဏာသိမ်းစစ်ကောင်စီနဲ့ ဂျပန်အစိုးရရဲ့ မပြတ်သားတဲ့ မူဝါဒ
2022.06.01

မနှစ်က ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်တဲ့ရက်မှာပဲ မြန်မာနိုင်ငံက အခြေအနေကို အထူး စိုးရိမ်မကင်းဖြစ်ရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့တဲ့ ဂျပန်နိုင်ငံဟာ အနောက်တိုင်းက သူ့မိတ်ဖက်နိုင်ငံတွေလို စစ်ကောင်စီကို ဒဏ်ခတ်အရေးမယူတဲ့အပြင် မျက်နှာအပျက်မခံဘဲ ဆက်ဆံနေပါတယ်။
ဆန့်ကျင်သူမှန်သမျှကို မီးခိုးကြွက်လျှောက် ဖမ်းဆီးနှိပ်စက်ရုံမက ရွာတွေပါ လိုက်လံမီးရှို့နေတဲ့ စစ်တပ်ကအရာရှိတွေကို ဂျပန်က စစ်သင်တန်းပေးပါတယ်။ ဒီနှစ် ဧပြီ ၂၆ ရက်က ကျင်းပတဲ့ ပါလီမန် လုံခြုံရေးကော်မတီအစည်းအဝေးမှာ မြန်မာတပ်အရာရှိတွေကို သင်တန်းပေးဖို့ လက်ခံထားတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး Nobuo Kishi က ပြောပါတယ်။ ဒါတင်မက တစ်နှစ်ကို စစ်ကောင်စီက အမေရိကန်ဒေါ်လာ နှစ်သန်းလောက်ရနိုင်မယ့် Y Complex ကုန်တိုက်နဲ့ အိမ်ရာစီမံကိန်းရှိနေပြန်ပါတယ်။
ဒါကြောင့်လည်း ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် လူထုဘက်က မရပ်တည်ဘူးလို့ ဝေဖန်ခံရပါတယ်။ ဂျပန်နိုင်ငံမှာ ပါရဂူဘွဲ့ ဆွတ်ခူးခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်ကတည်းက ဂျပန်ကုမ္ပဏီတွေနဲ့ စီးပွားရေးတွဲဖက်လုပ်ကိုင်နေတဲ့ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စ္စကို ဧရိယာ ဆီလီကွန်တောင်ကြားမှာ အခြေစိုက်တဲ့ ဒေါက်တာကျော်တင့်ကတော့ .....
“စစ်အစိုးရနဲ့ ပတ်သက်လာရင် ဂျပန်အစိုးရမှာ ပြတ်သားတိကျတဲ့ မူဝါဒ အရင်ကလည်း မရှိဘူး။ နောင်လည်းရှိမှာမဟုတ်ဘူး။ ဒီလို မူဝါဒ မရှိတဲ့အတွက်လည်း ဂျပန်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကို လာအမြတ်ထုတ်ရင် ဂျပန်အစိုးရက ဝင်ပြောလို့ရတဲ့ အနေအထားမှာ မရှိဘူး"
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းမှာ ရှိခဲ့တဲ့ သမိုင်းဝင် ဂျူဗလီဟောကို ဖြိုဖျက်ပြီး တပ်မတော်သမိုင်း ပြတိုက်ကြီး တခမ်းတနား ဆောက်ထားတဲ့ မြေမှာ ပြတိုက်မထားတော့ဘဲ Y Complex စီမံကိန်း အကောင်အထည်ဖော်တာပါ။ Y Complex မှာ ဂျပန် Tokyo Tatemono Co., Ltd. နဲ့ Daiwa House Industry Co., Ltd ပါဝင်ပတ်သက်ပါတယ်။
Tokyo Tatemono ဟာ ၁၈၉၆ ခုနှစ်ကတည်းက ထူထောင်ထားတဲ့ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီကြီးဖြစ်ပြီး Daiwa House Industry Co., Ltd က ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုနဲ့ စီးပွားဖက်ကုမ္ပဏီ ၁၀၁ ခုကို အရပ်ဘက်အဖွဲ့စည်း ရှစ်ဖွဲ့က မေ ၂၄ ရက်က ပေးစာတစ်စောင်ပေးပို့တယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်သူတွေနဲ့ ကုမ္ပဏီတွေအကြောင်း သုတေသနလုပ်ဖော်ထုတ်နေတဲ့ Justice for Myanmar က မေ ၂၆ ရက်က ပြောပါတယ်။
ဒီစီမံကိန်းကနေ စစ်ကောင်စီအတွက် မြေငှားရမ်းခ ရရှိတာကို စိုးရိမ်တဲ့အကြောင်းနဲ့ စစ်တပ်အကျိုးမဖြစ်ထွန်းစေမယ့် အစီအမံတွေ ချမှတ်ဖို့ ဒီကုမ္ပဏီနှစ်ခုကို တိုက်တွန်းပေးပါလို့ ပေးစာမှာ ဖော်ပြထားပါတယ်။
ဒီမြေရာဇဝင်ကို ပြန်စစ်ရင် စစ်တပ်ပိုင်မြေမဟုတ်ပါဘူး။ အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၉၇ ခုနှစ်က ကျရောက်တဲ့ ဝိတိုရိယဘုရင်မ နန်းသက် စိန်ရတု အထိမ်းအမှတ်အဖြစ် ဂျူဗလီဟောကို ဒီမြေမှာ တည်ဆောက်တာဖြစ်ပြီး ရန်ကုန်မြို့တော် မြူနီစီပါယ်ပိုင်ဖြစ်ပါတယ်။ နောက်ပိုင်း ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရောက်သွားပေမဲ့ ရှေးဟောင်းနဲ့ သမိုင်းဝင် အဆောက်အဦးကို ထိန်းသိမ်းရမယ့်အစား ကိုလိုနီအမွေဆိုးခေါင်းစဉ်အောက်ကနေ ဗိုလ်ချုပ်နေဝင်းခေတ် ၁၉၈၅ ခုနှစ်မှာ ဖြိုချခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်း စစ်တပ်က ထပ်အာဏာသိမ်းပြီး တည်ဆောက်ပြုပြင် မြန်ပြည်တခွင် ဆောင်ပုဒ်နဲ့ ဂျူဗလီဟောမြေကို ၁၉၉၄ ခုနှစ်မှာ စစ်သမိုင်းပြတိုက်အဖြစ် ထုကြီးထည်ကြီးတည်ဆောက်ပြီး ၂၀၁၇ ခုနှစ်မှာ ဖြိုချပြန်ပါတယ်။ အဟောင်းကို ဖျက်ပြီး အကောင်းကိုလည်း ဖျက်တာက အမေရိကန် သန်း ၃၀၀ ကျော်တန် ဂျပန်ကုမ္ပဏီတွေနဲ့ တွဲဖက်လုပ်တဲ့ Y Complex စီမံကိန်း ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ဂျူဗလီဟောာက တပ်ပိုင်မြေဖြစ်သွားသလို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးမြေကို စစ်အစိုးရက ပိုင်းပြီး ရောင်းချခဲ့ပါတယ်။ အဲဒီတုန်းက ဒေါက်တာကျော်တင့်က တိုကျိုမှာ ရှိနေတာပါ။
“သံရုံးမြေပိုင်းရောင်းတုန်းက မစ်ဆူဘီရှီလို ကုမ္ပဏီတွေနောက်က ပံ့ပိုးပေးတယ်။ အရောင်းအဝယ်ဖြစ်တော့လည်း ဂရန်ပေါက်အောင် ဂျပန်အစိုးရက ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးတယ်“
Y Complex စီမံကိန်းမှာ ပါဝင်ပတ်သက်တဲ့ Tokyo Tatemono Co., ဟာ ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်းမှာ ၁၉၉၉ ခုနှစ်ကတည်းက Marina Residence အဆင့်မြင့်ကွန်ဒိုဆောက်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။
ခု Y Complex ဆိုရင်လည်း ....“ ဂျပန်တွေ ကျက်စားတဲ့နေရာ လုပ်ဖို့၊ ဂျပန်တွေ လုပ်ကိုင်လို့ရတဲ့နေရာ ဟိုတယ်ကြီးတွေ ဆောက်ဖို့ပေါ့နော်။ စစ်တပ်က ဒီမြေကို ငှားလို့ရမယ်။ တကယ့်တကယ်တော့ ဒီမြေက ပြည်သူတွေ ပစ္စည်းပါ"
ဂျပန်ရောက် မြန်မာတွေနဲ့ ဂျပန်မှာ နေထိုင်ခဲ့ဖူးတဲ့ ဒေါက်တာကျော်တင့်လို မြန်မာတွေ တစ်ညီတည်းပြောတာက ဂျပန်ဟာ ဒီမိုကရေစီနိုင်ငံ အမည်ခံပေမယ့် စီးပွားရေးမျက်နှာနဲ့ စစ်ကောင်စီနဲ့ မျက်နှာအပျက်မခံလိုဘူးလို့ ဝေဖန်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံရောက်ခဲ့တဲ့ စစ်ပြန်ကြီးတွေကတော့ မြန်မာကျောင်းသားတွေကို ပညာတော်သင်ဆု ချီးမြှင့်တယ်လို့ တိုကျိုအခြေစိုက် Myanmar Global Support Foundation က ကိုဘန်နီက ပြောပါတယ်။
ဒီလိုကူညီတာက တစ်ပိုင်းဖြစ်ပြီး ဒါကလည်း မြန်မာတိုင်းနဲ့ မနီးစပ်ပါဘူး။ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ၊ စင်ကာပူအခြေစိုက် Yangon Museum Development Pte Ltd. Y Complex ကုမ္ပဏီ၊ Yangon Technical & Trading Co. Ltd. (YTT) တို့ Y Complex စီမံကိန်းမှာ ပါဝင်ပတ်သက်တယ်လို့ Justice for Myanmar က ဖော်ပြထားပါတယ်။