စစ်ကောင်စီကို ဂျပန်အစိုးရ ပိတ်ဆို့အရေးယူနိုင်ခြေနည်းပါး
2023.05.04

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာတွမ် အင်ဒရူးဟာ ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့ ဂျပန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
“ဂျပန်နိုင်ငံအနေနဲ့ ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူသလိုပဲ မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့ အခြား G7 စက်မှုထိပ်သီးနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ရာမှာ ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်”
အခုကြားရတာကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာတွမ် အင်ဒရူးက မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့နေရာမှာ ပါဝင်လာဖို့ ဂျပန်အစိုးရကို တိုက်တွန်းပြောဆိုနေတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူပြီး၊ ဟီရိုရှီးမားမြို့မှာ ပြုလုပ်မယ့် G7 စက်မှု ထိပ်သီးနိုင်ငံများညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဦးစားပေးအဖြစ် ထည့်သွင်းဖို့၊ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ရပ်တန့်အောင်၊ စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့ကြိုးပမ်းရာမှာ ပါဝင်ဖို့နဲ့ မြန်မာစစ်တပ်အရာရှိတွေကို ခေါ်ယူသင်တန်းပေးနေတာတွေကို ရပ်တန့်ဖို့ မစ္စတာတွမ်အင်ဒရူးက တောင်းဆိုသွားပါတယ်။
ဂျပန်နိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူတဲ့အထဲမှာ မပါဝင်တဲ့အပြင် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို တရားဝင်အသိအမှတ်ပြုရာရောက်တဲ့ လုပ်ရပ်အချို့တောင် ရှိခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ထုတ်ပြန်ထားပါတယ်။
တိုကျိုတက္ကသိုလ်က မြန်မာ့အရေးသုတေသီ Sam Baron ကတော့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့ မစ္စတာ တွမ်အင်ဒရူးရဲ့ ဂျပန်အစိုးရကို တောင်းဆိုမှုတွေဟာ အမှန်တကယ် ဖြစ်လာနိုင်ခြေနည်းပါးတယ်လို့ သုံးသပ်ပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ တောင်းဆိုချက်ကြောင့် G7 စက်မှုထိပ်သီးနိုင်ငံတွေထဲမှာ မြန်မာ စစ်တပ်ကို ပိတ်ဆို့အရေးမယူသေးတာ ဂျပန်တစ်နိုင်ငံတည်း ကျန်တော့တယ်ဆိုတာ ပိုပြီး ထင်ရှားစေပါတယ်။ အခုလို တောင်းဆိုနေပေမယ့်၊ ဂျပန်နိုင်ငံဘက်ကတော့ စစ်ကောင်စီကို အမှန်တကယ် ပိတ်ဆို့အရေးယူဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ အကြောင်းကတော့ ဂျပန်အစိုးရဟာ သူတို့ကိုယ်ကို မြန်မာ စစ်ကောင်စီနဲ့ အနောက်နိုင်ငံတွေ အကြားမှာ ပေါင်းကူးတံတားအဖြစ် ရှုမြင်နေပါတယ်။ နောက်တစ်ခု ကတော့ ၂၀၁၁ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် ငွေကြေးအများကြီး ထောက်ပံ့ခဲ့ပြီး ကြီးကြီးမားမားရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အခု၂၀၂၁ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ဂျပန်ကုမ္ပဏီတော်တော်များများ ပြန်ထွက်သွားကြပေမယ့် အခုအချိန်ထိ ဂျပန်ကုမ္ပဏီ ၄၀၀ လောက်အထိ ကျန်နေပါသေးတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် မစ္စတာ အီချီရို မာရူရာမာလို ပုဂ္ဂိုလ်တွေကလည်း စစ်ခေါင်းဆောင်နဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးရှိအောင် တည်ဆောက်ထားပါတယ်။ ဒါကြောင့်လည်း ဂျပန်သတင်းထောက် ယူကီ ကစ်တာဇူမီနဲ့ အမေရိကန် သတင်းထောက် ဒန်နီ ဖန်းစတားတို့ ဖမ်းဆီးခံရတဲ့နောက် ပြန်လွတ်လာဖို့ စေ့စပ်ညှိနှိုင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းအားလုံးကြောင့် ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။”
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ ODA လို့ခေါ်တဲ့ ဖွံ့ဖြိုးရေးအကူအညီအသစ်တွေ ထပ်မပေးတော့ပေမယ့် ပေးပြီးသားစီမံကိန်းတွေကိုတော့ မရုပ်သိမ်းဘဲ ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ သူက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလဲ အလားတူ ODA အထောက်အပံ့တွေကို မက်လုံးအဖြစ်နဲ့အသုံးချပြီး စစ်အစိုးရကို အပြောင်းအလဲတွေ လုပ်လာအောင် ဆွဲဆောင်ခဲ့တာကြောင့် အခုတစ်ကြိမ်မှာလည်း အဲဒီအတိုင်း ထပ်လုပ်မယ်လို့ ယူဆရကြောင်း Sam Baron က သုံးသပ်ပါတယ်။
ဂျပန်အစိုးရရဲ့ Japan Myanmar Development Institution ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးစက်မှုဇုန်စီမံကိန်းတစ်ခုဖြစ်တဲ့ သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းတည်ဆောက်ရာမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး၊ လက်ရှိမှာလည်း စစ်တပ်နဲ့ ဂျပန်ကုမဏီတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ စီမံကိန်းအချို့ကို အကူအညီပေးနေတဲ့အကြောင်း Justice for Myanmar က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာ-ဂျပန် ဆက်ဆံရေးအကြောင်းလေ့လာနေတဲ့ အမေရိကန်နိုင်ငံက မြန်မာ့အရေး သုံးသပ်သူ Peter Morris ကလည်း ဂျပန်နိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ အနောက်နိုင်ငံတွေအကြားမှာ ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။
“ဂျပန်နိုင်ငံဟာ တရားဝင်အနေနဲ့ကတော့ ပြီးခဲ့တဲ့ G7 စက်မှုထိပ်သီး နိုင်ငံတွေညီလာခံမှာ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတိုင်း စစ်ကောင်စီကို ရှုတ်ချကြောင်းပြောနေပါတယ်။ တစ်ဖက်မှာလည်း ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဝါတာနာဘေနဲ့ နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါတို့လို ကြားလူတွေကို သုံးပြီး၊ စစ်ကောင်စီနဲ့ဆက်ဆံရေးလမ်းကြောင်းကို ဖွင့်ထားပါတယ်။ တရားဝင်အနေနဲ့ကတော့ ဒီလိုကြားလူတွေဟာ ဂျပန်အစိုးရကို ကိုယ်စားမပြုကြောင်း ငြင်းဆိုနေပါတယ်။ တကယ်တော့ ဒီလိုကြားလူတွေရဲ့ အကျိုးစီးပွားဟာ ဂျပန်အစိုးရနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတာ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် အနောက်နိုင်ငံတွေရဲ့လမ်းစဉ်အတိုင်း လိုက်ဖို့မလိုဘူးလို့လည်း ဂျပန်ခေါင်းဆောင်တွေက ယုံကြည်ကြပါတယ်။ အရင်စစ်အစိုးရလက်ထက်ကနေ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတာ ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အများကြီးပါဝင်ခဲ့တဲ့အတွက် လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ လုံးဝအဆက်အသွယ်ဖြတ်ပြီး ပိတ်ဆို့အရေးယူတဲ့နေရာမှာ ပါဝင်တာမျိုး မလုပ်သင့်ဘူးလို့ ယူဆကြပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အနောက်နိုင်ငံတွေအကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်သင့်တယ်လို့ ယူဆကြပါတယ်“

ဒါ့အပြင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ မြန်မာစစ်တပ်က အရာရှိတွေကို ခေါ်ယူသင်တန်းပေးတဲ့နေရာမှာ သင်တန်းသားအသစ်တွေမခေါ်တော့ပေမယ့် ရှိပြီးသား သင်တန်းသားတွေကိုတော့ သင်တန်းပြီးဆုံးတဲ့အထိ ဆက်လက်သင်ကြားပေးမယ့်အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာထားပါတယ်။
ဂျပန်နိုင်ငံက လေ့ကျင့်သင်ကြားပေးထားတဲ့အရာရှိတွေ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့တပ်ရင်းအချို့ဟာ အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့အထောက်အထားတွေ တွေ့ရတဲ့အတွက် မြန်မာစစ်တပ်အရာရှိတွေကို ဆက်ပြီးသင်တန်းပေးနေတာဟာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်ရာ ရောက်လိမ့်မယ်လို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဂျပန်နိုင်ငံရောက် မြန်မာသံရုံးဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီးတဲ့နောက် စစ်ကောင်စီက သံတမန်အသစ်တွေနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက Kyodo News သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရဆိုရင် ဂျပန်အစိုးရဟာ စစ်ကောင်စီက ခန့်အပ်တဲ့ မြန်မာသံတမန်အသစ်တွေကို လက်ခံလိုက်တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီကို တိတ်တဆိတ်လက်ခံတဲ့ သဘောဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။