ဂျပန်မှတ်တမ်းသတင်းထောက်ကို ပြန်လွှတ်ဖို့ ဂျပန်အစိုးရတောင်းဆို

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.08.01
ဂျပန်မှတ်တမ်းသတင်းထောက်ကို ပြန်လွှတ်ဖို့ ဂျပန်အစိုးရတောင်းဆို စစ်ကောင်စီက ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို ပြန်လွှတ်ပေးဖို့ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် စုရုံးဆန္ဒပြနေကြသူများ။
Photo: AFP

ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရနဲ့ သူ့ရဲ့မိတ်ဆွေသူငယ်ချင်းတွေက တောင်းဆိုလိုက်ပါတယ်။

Toru Kubota ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမှာ လုပ်ခဲ့တဲ့ ပြောက်ကျားဆန္ဒပြပွဲကို ကင်မရာကိုင်ပြီး ရောက်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတာဖြစ်ပါတယ်။

အဖမ်းခံထားရတဲ့ ဂျပန်နိုင်ငံသားကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက တစ်ဆင့် တောင်းဆိုထားတယ်လို့ ဂျပန်အစိုးရပြောခွင့်ရှိသူ SEIJI KIHARA က မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"အမြန်ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေဆီကို သံရုံးကတစ်ဆင့် တောင်းဆိုထားပါပြီ။ အမြန်ဆုံးလွှတ်ဖို့နဲ့ သူ့ရဲ့သတင်းတွေကိုလည်း ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့ နိုင်ငံသားကို ကျနော်တို့ အကာအကွယ်ပေးသွားမှာပါ။ အခု သူ့မိသားစုတွေကိုလည်း အကြောင်းကြားထားပါပြီ။ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားပါမယ်"

ဂျပန်အစိုးရပြောခွင့်ရှိသူက အဖမ်းခံရတဲ့သူဟာ အသက် ၂ဝကျော် အရွယ်လို့သာ ပြောဆိုသွားပြီး၊ နာမည်အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။

"ကျနော်တို့ နိုင်ငံသားကို ကျနော်တို့ အကာအကွယ်ပေးသွားမှာပါ။ အခု သူ့မိသားစုတွေကိုလည်း အကြောင်းကြားထားပါပြီ"

ဂျပန်သတင်းမီဒီယာတွေကတော့Toru Kubota ကို နီးစပ်ရာရဲစခန်း ဖမ်းခေါ်သွားတယ်လို့သာ သိရပြီး မြန်မာစစ်တပ်ဘက်က ဘာမှ ထုတ်ပြန်တာမရှိသေးဘူးလို့ ပြောဆိုနေပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရေးသမား Toru Kubota ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း တိုကျိုမြို့ ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Toru Kubota ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးကတော့ သူဟာ အန္တရာယ်ရှိမှန်း သိပါလျက် အရဲစွန့်ပြီး မြန်မာနိုင်ငံက အဖိနှိပ်ခံပြည်သူတွေ ဘဝကို ရိုက်ကူးဖို့ လာခဲ့တာလို့ ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုပါတယ်။

"သူမြန်မာနိုင်ငံကို သွားရင် အရမ်းအန္တရာယ်များတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အန္တရာယ်တွေကြားထဲကကို ပြင်ဆင်စရာရှိတာတွေ သူပြင်ဆင်ပြီးသွားတယ်။ သူ့လိုမြေပြင်ထိ ဆင်းတဲ့သူတွေရှိနေလို့ ကျနော်တို့တွေ သတင်းအချက်အလက်တွေရနေတာ၊ သတင်းအချက်အလက်တွေတင် မကပါဘူးဗျာ။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝတွေ၊ အသံတွေကိုလည်း ကျနော်တို့ ကြားနေရတာ။ သူ့လို မှတ်တမ်းရုပ်ရှင်သမားတွေဟာ အရမ်းအရေးကြီးတယ်လို့ ကျနော်ထင်တယ်"

"Toru Kubota က ဒီလိုပဲ တခြားအန္တရာယ်များတဲ့ နေရာတော်တော်များများကိုလည်း သွားဖူးတယ်။ တစ်နေရာသွားတိုင်း မင်းအသက်ရှင်လျက်နဲ့ ပြန်လာနော်လို့ ကျနော်က သူ့ကို အမြဲဟာသပြောလေ့ရှိတာ၊ ဒီလိုတကယ်ဖြစ်လာမယ်လို့ ကျနော် တစ်ခါမှမတွေးဖူးဘူး"

"အရေးအကြီးဆုံးကတော့ ဂျပန်အစိုးရအနေနဲ့ ကျနော့်သူငယ်ချင်း Toru Kubota ကိုပြန်လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုရမယ်။ ဒါအရေးအကြီးဆုံးပဲ"

ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ "အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်" ဆိုတဲ့ ပြောက်ကျားဆန္ဒပြပွဲအပြီး အဲဒီ့အနားက လူငယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ဂျပန်နိုင်ငံသား Toru Kubota တို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

ဆန္ဒပြလူစုခွဲနေချိန်မှာ စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနဲ့ ရောက်လာပြီး သုံးဦးကို ဖမ်းသွားသွားတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲက မြန်မာလူငယ်တွေဟာ ဆိုးဆိုးရွားရွား ရိုက်နှက်တာခံထားရလို့ စိုးရိမ်ရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပေမယ့် RFA ကတော့ သီးသန့်စုံစမ်းရရှိတာ မရှိသေးပါဘူး။

000_32FQ8GX.jpg
စစ်ကောင်စီက ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို ပြန်လွှတ်ပေးဖို့ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဆန္ဒပြနေသူတစ်ဦး။ (Photo: AFP)

RFA က စုံစမ်းချက်အရ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရေးသမား ဂျပန်နိုင်ငံသားToru Kubota ဟာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့မီဒီယာကြီးတွေ ဖြစ်တဲ့ Yahoo, Al Jazeera တို့လို သတင်းဌာနတွေနဲ့လည်း လက်တွဲ အလုပ်လုပ်ဖူးသလို သူ့ရဲ့ မှတ်တမ်းရုပ်ရှင်တွေဟာ နိုင်ငံတကာက ချီးမြှင့်တဲ့ဆုတွေ ရရှိထားပါတယ်။

တိုင်းရင်းသားဒေသတွေရဲ့ ပဋိပက္ခတွေနဲ့ ဒုက္ခသည်တွေအကြောင်း အထူးအလေးပေး မှတ်တမ်းရိုက်ကူးသူဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့အကြောင်း မှတ်တမ်းတင်ရုပ်ရှင်နဲ့ ဆုရဖူးသူလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်ခဲ့ပြီးနောက် ရန်ကုန်မြို့မှာ ပြောက်ကျားဆန္ဒပြတာတွေ ခပ်စိပ်စိပ်ပြန်ရှိလာနေပြီး စစ်ကောင်စီဘက်ကလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချ ဖမ်းဆီးတာတွေ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။